|
ကျင့်ဝတ် ကျင့်ကြံရမယ့်ဝတ္တရားလို့ဆိုရင် မှားမယ်မထင်ပါဘူး။ လူတစ်ယောက် ဖြစ်လာမှတော့ လူ့ကျင့်ဝတ်နဲ့အညီ နေထိုင်ကျင့်ကြံရတာဟာသဘာဝပါ။ ရိုးရိုးလေးတင်ပြပါရစေ။ မနက်အိပ်ရာမှထထချင်း လူတိုင်းလိုလိုဟာ မျက်နှာသစ်ကြ၊ သွားတိုက်ကြပါတယ်၊ ဘယ်ဥပဒေကမှ အိပ်ရာမှထထချင်း သွားမတိုက်လျှင် မျက်နှာမသစ်လျှင် ထောင်ဒဏ်၊ ဘယ်နှနှစ်၊ ဒဏ်ငွေဘယ်လောက် ရိုက်မယ်လို့ အရေးယူမယ်လို့ ပြဋ္ဌာန်းမထားပါဘူး။ ဒါပေမဲ့ လူတိုင်းလိုက်နာကြပါ တယ်။ အဲဒီလို ဥပဒေမထုတ်ပြန်ဘဲ အသိတရားအရ လိုက်နာကျင့်ကြံမှုတွေဟာ ရေရှည်တည်တံ့ပါတယ်။ လိုက်လုပ်ဖို့ ၀န်မလေးတတ်ကြပါဘူး။ ၀န်ထုပ်ဝန်ပိုးလို့ မမြင်ကြပါဘူး။ မခံစားကြပါဘူး။ စာရေးသူတို့နိုင်ငံမှာ စည်းကမ်းသတ်မှတ်ချက် တော်တော်များများကို ကားပေါ်မှာ၊ လမ်းဘေး မြေစိုက်ပိုစတာတွေမှာ၊ အဆောက်အဦးတွေမှာ တွေ့နေရပါတယ်။ ကားပေါ်မှ အမှိုက်မပစ်ရ။ ကားပေါ်မှ ကွမ်းတံထွေး မထွေးရ။ ဤနေရာတွင် အပေါ့အလေး မစွန့်ရ။ ထိုင်ခုံအပြည့်သာ လူတင်ပါသည်။ စသည် စသည် တွေ့ဖူးကြမှာပါ။ အဲဒီဖော်ပြချက်တွေကို ဘယ်သူတွေက ဘယ်လောက် လိုက်နာကြပါသလဲ။ ကားပေါ်မှာ အိမ်ကဲ့သို့လိုက်ပါနေထိုင်နေရတဲ့ ကားမောင်းသူ (ဒရိုင်ဘာ)၊ ကားနောက်လိုက် (စပယ်ယာ)တွေက အဲဒီစာရွက်တွေကို ကားရဲ့လူမြင်ကွင်းမှာ အသေအချာ ကပ်ပါတယ်။ ကပ်နေရင်းပါးစပ်ထဲက ကွမ်းတံထွေးကို ကားပြတင်းပေါက်မှ သူတို့ကိုယ်တိုင် တဗျစ်ဗျစ် ထွေးချနေပါတယ်။ ကားမီးပွိုင့်၊ ကားမှတ်တိုင်တစ်ဝိုက်မှာ မည်းနက်နေတဲ့ ကတ္တရာရောင်က ကွမ်းတံထွေးတွေကြောင့် အနီရောင်ပြောင်းနေပါတယ်။ ဒါဘာကိုပြနေသလဲ။ လိုက်နာသင့်တဲ့ကိစ္စသည်ပင်လျှင် အမိန့်လို ဥပဒေတွေ ထုတ်ပြန်လာရင် လူတွေရဲ့အတွင်းစိတ်က ဆန့်ကျင်ဘက်တုံ့ပြန်လာတတ်တာကို ပြနေတာပါပဲ။ တစ်ခါက ဧရာဝတီမြစ် ရေကြီးလာတာကို ဘိုးတော်မင်းတရားက ရေကိုတားဖို့ ကြိမ်စကြာနဲ့ ရိုက်လာတာ ရေကကျမသွားဘဲ ပိုကြီးလာပါတယ်။ ဒါကို ဦးပေါ်ဦးက ဘိုးတော်ရွှေကြိမ်လုံးနဲ့ ရိုက်လိုက်လို့ ဘုန်းတော်ကြောင့် ရေရောင်(ရေကြီး)လာတာပါဘုရား လို့ လျောက်ခဲ့တာကို ဖတ်ဖူးခဲ့ပါတယ်။ ခုလည်း ထိုအလားတူဖြစ်ရပ်မျိုးပါပဲ။ မြို့တွင်းကို လာမယ့်သူတွေက ကွမ်းယာကို ပလတ်စတစ်အိတ် သေးသေးလေးတွေနဲ့ ထုပ်ပြီးယူလာကြပါတယ်။ ရောင်းသူတွေကလည်း ပလတ်စတစ်အိတ်သေးသေးလေးတွေနဲ့ အသင့်စားနိုင်အောင် ထုပ်ပိုးရောင်းချကြပါတယ်။ ဒီလိုနဲ့ ကွမ်းယာကို တိုးတိုးတိုးတိုးနဲ့ ပိုလို့တွင်တွင်ကျယ်ကျယ် စားသုံးလာကြပါတယ်။ ကွမ်းကြိုက်တတ်တဲ့သူရဲ့ ခါးပိုက်ထဲမှာ အိတ်ကပ်ထဲမှာ ကွမ်းယာကို ကိုယ်နဲ့မကွာ ဆောင်ထားကြပါတယ်။
ပေါ့စေလိုလို့ကြောင်ရုပ်ထိုး ဆေးကြောင့်လေးသွားရပါပြီ။ ဥပဒေတွေထုတ်ပြန်ပြီး လိုက်နာစေတာထက် လူထုပါဝင်မှုလူထုအသွင် လူကျင့်ဝတ်အသွင်အဖြစ် ပြုပြင်ဆောင်ရွက်တာက ရေရှည်တည်တံ့ အကျိုးရှိနိုင်ပါတယ်။ နိုင်ငံအချို့ အရက်ဆိုင်တွေထဲမှာ လူငယ်တွေကို လုံးဝမတွေ့ရပါဘူး။ လမ်းပေါ်မှာနေရာတိုင်းမှာ လူငယ်တွေ စီးကရက်သောက်တာ မတွေ့ရပါဘူး။ ဒါနဲ့ဆေးလိပ်ရောင်းတဲ့ဆိုင်ကို စာရေးသူ စပ်စုလိုက်ပါတယ်။ ''ခင်ဗျားတို့ဆိုင်ကို ကလေးတွေ ဆေးလိပ်လာမ၀ယ်ဘူးလား'' ''မ၀ယ်ပါဘူး'' ''၀ယ်ရင်ရော ရောင်းမှာလား'' ''မရောင်းပါဘူး'' အဲဒီမှာကျင့်ဝတ်ဆိုတာကို တွေ့ရပါတယ်။ သူတို့နိုင်ငံမှာ ၁၈ နှစ်အောက်လူငယ်တွေကို ကလေးလို့ သတ်မှတ်ပါတယ်။ သူတို့ကို အရက်၊ ဆေးလိပ် လုံးဝမရောင်းပါဘူး။ ပိုက်ဆံရပြီးရော။ ဘယ်သူတွေ ဘာဖြစ်ဖြစ်ဆိုတဲ့ စိတ်ဓာတ်မျိုးသူတို့ မကျင့်သုံးကြပါဘူး။ အဲဒီအရွယ်လူငယ်တွေကလည်း အရက်ဆိုင်၊ ဆေးလိပ်ဆိုင်ယောင်လို့တောင် မသွားကြပါဘူး။ ဒီလို အပြန်အလှန် ထိန်းကျောင်းပေးခြင်းဖြင့် ဥပဒေကို အလိုလို လိုက်နာပြီးသား ဖြစ်နေပါတယ်။ ဆိုတော့ ဥပဒေတစ်ရပ်ဟာ ကျင့်ဝတ်တစ်ခုအသွင်ဆောင်နေရင် ရေရှည်တည်တံ့နိုင်ပါတယ်။ သိက္ခာနှင့် တန်ဖိုး အဲဒီမှာ ကျင့်ဝတ်ကိုမဖောက်ဖျက်ရဲဖို့က သူ့ရဲ့ဂုဏ်သိက္ခာအပေါ် မူတည်ပါတယ်။ ကိုယ့်ဂုဏ်သိက္ခာကို ကိုယ်တန်ဖိုးထားရင် ကိုယ့်ကျင့်ဝတ်တစ်ခုကို ဖောက်ဖျက်ဖို့ မလွယ်ကူတော့ပါဘူး။ သိက္ခာရှိတဲ့လူက သူ့ကိုယ်သူ တန်ဖိုးထားတဲ့လူပါ။ ဒရိုင်ဘာက ဒရိုင်ဘာတန်ဖိုး ထားရပါမယ်။ ဈေးသည်က ဈေးသည်တန်ဖိုးထားရပါမယ်။ ကျောင်းဆရာက ကျောင်းဆရာ တန်ဖိုးထားရပါမယ်။ ၀န်ထမ်းက ၀န်ထမ်းတန်ဖိုးထားရပါမယ်။ ကျောင်းဆရာမှာမှ တန်ဖိုးရှိတာ မဟုတ်ပါဘူး။ ဈေးသည်မှာလည်း တန်ရာတန်ကြေး တန်ဖိုးရှိပါတယ်။ ဒရိုင်ဘာမှာလည်း တန်ဖိုးရှိပါတယ်။ တံငါသည်မှာလည်း တန်ဖိုးရှိပါတယ်။ စစ်ဗိုလ်ကြီးမှာလည်း တန်ဖိုးရှိပါတယ်။ လူတိုင်းမှာ တန်ဖိုးရှိပါတယ်။ ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်ပါ။ တကယ်တော့ လူသာမက သတ္တ၀ါတွေ၊ သစ်ပင်တွေ၊ ရေ၊ လေ၊ မြေ၊ နေ၊ ကမ္ဘာစသည့် သက်ရှိ သက်မဲ့ အလုံးစုံဟာ သူ့တန်ဖိုးနဲ့သူ ရှိနေကြတာချည်းပါပဲ။ တန်ဖိုးမထားဘဲ မလေးစားခဲ့လို့ ခုဆိုသဘာဝကြီးက သူ့ကိုတန်ဖိုးထားတတ်အောင် ပညာပေးနေပါပြီ။ သူ့ရဲ့တန်ဖိုးကိုထိပါး၊ သူ့သိက္ခာကိုစော်ကားလို့ သူ့ကျင့်ဝတ်တွေလည်း ဖောက်ပြန်ကုန်ပါပြီ။ မိုးကိုရွာသင့်တာထက် ပိုရွာတယ်။ လေကိုတိုက်သင့်တာထက် ပိုတိုက်တယ်။ သည်လိုနဲ့ မိုးလေ၀သတွေလည်း ကမောက်ကမ ဖြစ်ကုန်ပါပြီ။ ချောင်းတွေရေလျံ ကန်တွေရေ တိုးစည်းရိုးတွေကျိုးပေါက် သဘာဝကြီးဖောက်ပြန်လို့ လူတွေဒုက္ခရောက်ကုန်ကြပါပြီ။ သည်လိုပါပဲ။ ဒရိုင်ဘာတစ်ယောက်မှာ သူ့တန်ဖိုးနဲ့သူ ရှိနေပါတယ်။ သာမန်လူတစ်ယောက်တန်ဖိုးထက် ပိုတန်ဖိုးရှိနေပါတယ်။ ဒရိုင်ဘာဆိုတာနိမ့်ကျတဲ့ တန်ဖိုးမဲ့လူမဟုတ်ပါဘူး။ အတတ်ပညာတစ်ခု တတ်မြောက် ထားရပါတယ်။ ခရီးသည်တွေသွားလိုရာကို သူ့ရဲ့ကျွမ်း ကျင်မှုနဲ့ ပို့ဆောင်ပေးနေပါတယ်။ လူ့အသက်ပေါင်းများစွာရဲ့အသက်ကို ကာကွယ်စောင့်ရှောက်ပေးနေရပါတယ်။ အလွန်အဖိုးတန်တဲ့လူအဖြစ် အသိအမှတ်ပြု ရပါမယ်။ သူ့ကိုလည်း လူတွေက အထင်သေးသလို အဖက်မတန်သလို ဆက်ဆံကြည့်ပါလား။ သူ့လက်ထဲက စတီယာရင်(လက်ကိုင်ဂွေ)နဲ့ ချောက်ထဲဆွဲချပြီး လူတွေရဲ့အသက်ကို အန္တရာယ်ပြုနိုင်ပါတယ်။ ဒါကြောင့် လူတိုင်း၊ အရာရာတိုင်းကို တန်ဖိုးထား အသိအမှတ်ပြုပေးရပါမယ်။ အသိအမှတ်ပြုပါ အသိအမှတ်ပြုပုံပြုနည်း သုံးမျိုး ရှိနေပြန်ပါတယ်။ တစ်နည်းက ပတ်ဝန်းကျင်က ၀ိုင်းဝန်းအသိအမှတ်ပြု တန်ဖိုးထားပေးဖို့ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့တန်ဖိုးကို မနှိမ့်ချဖို့၊ ၀ိုင်းမပယ်ဖို့၊ အထင်သေးသလိုမပြုမူဖို့ လိုအပ်ပါတယ်။ လူအချို့က ဒရိုင်ဘာဆိုရင် မတူသလို၊ မတန်သလိုဟန်အမူ အရာအရဖြစ်စေ၊ လေသံဟန်ပန်နဲ့ဖြစ်စေ ဆက်ဆံတတ်ကြပါတယ်။ အဲဒါရဲ့အကျိုးဆက်က ဒရိုင်ဘာကို တန်ဖိုးမထားသလိုဖြစ်သွားပြီး လူ့ယဉ်ကျေးမှု ၀န်းကျင်ထဲက ဖယ်ထုတ်လိုက်သလို ဖြစ်သွားမှာပါ။ အဲဒီလိုပြုမူ လိုက်သူ ကိုယ်တိုင်ကလည်းပဲ တန် ဖိုး မသိတတ်သူ၊ တန်ဖိုးမရှိသလို ဖြစ်သွားမှာပါ။ နောက်တစ်နည်းက ကာယကံ ရှင်ကိုယ်တိုင် မိမိတန်ဖိုးကိုသိမြင်ဖို့ တန်ဖိုးထားဖို့၊ မိမိတန်ဖိုးအမှန်ကို လူတွေသိမြင်လက်ခံလာအောင် နေထိုင်ကျင့်ကြံတတ်ဖို့ လိုအပ်ပြန်ပါတယ်။ မိမိတန်ဖိုးအမှန်ကို သိဖို့ဆိုတာ သိပ်လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ နောက်ဆုံးတစ်နည်းက အပြန်အလှန် တန်ဖိုးထားဖို့ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်ကလည်း သူ့ကို တန်ဖိုးထားမယ်။ကာယကံရှင်ကလည်း သူ့ကိုသူ တန်ဖိုးထားတတ်မယ်ဆိုရင် ရှိနေတဲ့ 'အမှန်တန်ဖိုး'ဟာ ပေါ်ထွန်းလာမှာပါ။ အဲဒီလိုမျိုးတန်ဖိုးထားတတ်တဲ့ လူမှုပတ်ဝန်းကျင်ဖြစ်လာမှ သိက္ခာရှိတဲ့လူတွေနဲ့ ဖွဲ့စည်းထားတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာမှာပါ။ အဲဒီလိုမျိုး လူ့အဖွဲ့အစည်း ပေါ်ထွန်းလာတာနဲ့အမျှ ဥပဒေကိုကျင့်ဝတ်လိုက်နာတတ်တဲ့ တရားဥပဒေစိုးမိုးတဲ့ ဒီမိုကရေစီကျင့်စဉ်နဲ့လိုက်လျောတဲ့ အဆင့်မြင့်လူ့ဘောင်ကြီး ပေါ်ပေါက်လာမှာ မလွဲ ဧကန်ဖြစ်ကြောင်းပါ။
Written by မောင်တင်ဦး(မြောင်းမြ)
Sunday, 25 December 2011 13:51
ELEVEN Media Group
|
This Blog will try to support all the Blue and White labors across Myanmar and aim to establish Labor Organizations and Unions which are dedicated to the development of Myanmar Labors. ဤဘလော့သည် မြန်မာနိုင်ငံရှိ ကာယလုပ်သားများ ၊ ဥာဏလုပ်သားများ၏ ဘ၀အခြေအနေ မြင့်မားတိုး တက်စေရန်အတွက် တတ်အားသ၍ ပါဝင်ပံ့ပိုးနိုင်ရန် နှင့် ထိုသို့ကူညီပံ့ပိုးပေးနိုင်သော အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းတည်ထောင်နိုင်ရေးအတွက် ရည်မှန်းသည်။
Thursday, December 29, 2011
ကျင့်ဝတ်၊ သိက္ခာနှင့် တန်ဖိုး
Wednesday, December 28, 2011
ဥရောပငွေကြေး ပြဿနာ (အပိုင်း ၄)
ဟိုမရောက် ဒီမရောက် အရင်းရှင် ဆိုရှယ်လစ်စနစ်
အရင်းရှင်စနစ်ဆိုတာက “လောဘ” ကို တွန်းအားသဖွယ် အသုံးပြုတာကြောင့် ငါ ဆိုတဲ့ အခြေခံ ယူနစ်ကို ဦးစားပေး အဓိကထားတယ်။ Individualism တကိုယ်တော် စနစ်လို့ ပြောရမယ် ထင်တယ်။ ဆိုရှယ်လစ်စနစ် ဆိုတာက တရားမျှတမှုရှိအောင် အများ ဆိုတဲ့ ယူနစ်ကို ဦးစားပေးလာတယ်။ Collectivism အများအကျိုးစနစ်လို့
ပြောနိုင်ပါတယ်။
ဒါကြောင့် ဥရောပ စနစ်ဟာ အမေရိကန်စနစ်လို ကိုယ်လုပ်ရင်ကိုယ်ရမယ်ဆိုတဲ့ စနစ်မဟုတ်ဘဲ၊ များများရှာရရင် အစိုးရက အခွန်များများကောက်ပြီး အစိုးရကမျှတအောင် ဆိုရှယ်အစီအစဉ်တွေ များများလုပ်တာကြောင့် အလုပ် လုပ်ချင်စရာ Incentive လျော့နည်း သွားရတယ်။
ငွေများများရှာနိုင်တဲ့သူတွေ အခွန်နည်းတဲ့ဆီ ပြေးကြတော့ လူတော်တွေနည်း လာတာပေါ့။ ဥပမာ အင်္ဂလန်က အတော်ဆုံး ဆရာဝန်တွေဟာ အမေရိကားကို ပြောင်းပြေးကြတော့ နိုင်ငံခြားက ဆရာဝန်တွေနဲ့ ပြန်ဖြည့်ရတော့ အဆင့်မမီတဲ့ သူတွေလည်းပါလာပြီး မကြာခဏ ဆေးရုံဆေးခန်းက ပြဿနာတွေကို သတင်းစာတွေမှာ တွေ့ရ ဖတ်ရ ပါလိမ့်မယ်။
ဂရိနိုင်ငံရဲ့ အမျိုးသားထုတ်လုပ်မှု GDP ဟာ ဒေါ်လာ သန်း ၃၁ဝ လောက်ပဲရှိတယ်။ ချေးငွေက သန်း ၄ဝဝ ကျော် တယ်။ အစိုးရ အလုပ်သမားက ၄ဝ% ကျော်တယ်။ အစိုးရ အမှုထမ်းဆိုတာ ဘယ်နိုင်ငံ မှာမဆို အလှုပ်၊မရှုပ်။ မပြုတ်
တွေက များတာပဲ။ ခရီးသွားလုပ်ငန်းလို Service Sector က ထုတ်ကုန် အားလုံး GDP ရဲ့ ၇၈.၈ ရာခိုင်နှုန်းရှိပြီး စက်မှုလက်မှု ကဏ္ဍ Industrial Sector က ၁၇.၉ ရာခိုင်နှုန်းပဲ ရှိတယ်။ ထုတ်လုပ်မှုမှာ အစိုးရ အလုပ်သမားတွေက များနေပြီး သူတို့က Union အလုပ်သမားအဖွဲ့ အစည်းတွေက ဥရောပမှာ အား ကောင်းတာကြောင့်၊ အခွင့်အရေး
တွေ တအားပိုတောင်း၊ အစိုးရကလည်း (မဲ) ရအောင် လွယ်လွယ်ခွင့်ပြု၊ နောက်ဆုံး ဖင်မနိုင် ခေါင်းမနိုင်ဖြစ်ကြမှ ကူညီကြပါ ဖြစ်ကြရတာပဲ။
အရင်းရှင်စနစ် ဆိုတာ
အရင်းရှင်စနစ်ကို တကယ်ကျင့်သုံးချင်ရင် သနားတာတခုတည်းကို ကြည့်နေလို့ မရတာတွေရှိတယ်။ ဥပမာ လူငါးယောက်ရှိတဲ့ ဌာနအုပ်စုတခုမှာ လူတယောက်က အချောင်ခိုတယ်။ ဒါမှမဟုတ် ကျန်တဲ့သူတွေကို လိုက်မမီဘဲ အလုပ်မပြီး ဘူးဆိုပါတော့။
ကျန်တဲ့ လူလေးယောက်က ပိုအလုပ်လုပ်ရတော့မယ်။ မလုပ်ရင် အလုပ်မပြီးရင် အားလုံးအလုပ် ပြုတ်ကြမှာကိုး။ ကြာတော့လည်း ကျန်တဲ့သူတွေပါ စိတ်ဓာတ်ကျဆင်း လာနိုင်တယ်။ ဒီတော့ အလုပ်မတွင်တဲ့သူကို ဖြုတ်ပြစ်ရမှာပဲ။ Individualism ဆိုတာဒါပဲ။ လူတိုင်း ကိုယ့်အတွက် ကိုယ်တာဝန် ယူကြရမှာပဲ။
ထိုနည်းတူစွာပဲ တိုင်းပြည်နဲ့ ဆိုင်တဲ့ မက်ကရို စီးပွားရေးမှာလည်း ပြဿနာဖြစ်ရင် ပိုနေတာတွေကို လျော့ချ၊ ခြိုးခြံ
ကြ၊ ပြီးရင်တခါပြန်ထ ရုန်းကန်လှုပ်ရှားပြီး နလန်ထူလာကြပြီး စီးပွးရေး ကျန်းမာလာတော့ ထပြေးကြပြန်တာပေါ့။ သဘာဝတောမီးလောင် သလိုပေါ့။ ခြောက်နေတဲ့ ရွက်အိုသစ်ပင်အိုတွေ လောင်ပြီးသွားရင်၊ ရွက်နုတွေ ပေါက်လာပြီး သစ်စိမ်းတွေနဲ့ နုပျိုလန်းဆန်းတဲ့ သစ်တောတခု ပြန်ပေါ်လာသလိုပဲပေါ့။
ရောနယ်ရီဂင် လက်ထက်မှာ အဆောက်အဦး Real Estate Boom ပူဖေါင်းလို တရှိန်ထိုး တိုးတက်မှု (Boom)
ဖြစ်တယ်။ တချိန်တည်းမှာ သမဝါယမလို အသေးစား ငွေချေးဌာန Savings and Loans တွေ Boom ဖြစ်တယ်။ ထုံးစံအတိုင်း Boom ဖြစ်တော့ အလွန်အကျွံတွေ၊ ပြုန်းတီးမှုတွေ ပါလာတာပေါ့။ Boom ဖြစ်ရင် ပူဖေါင်းကွဲသလို Bust ဆိုတာ လာတာပဲ။ သမ္မတ ရီကင်ပြီးတော့ ပထမ ဂျော့ဘုရှ် (၄၁) က သမ္မတဖြစ်တော့ ရီပတ်ဘလီကင် ဆိုတော့ အရင်းရှင်ဆန်ဆန် ငွေချေးဌာနတွေကို ကိုင်တွယ်တာပေါ့။
Resolution Trust Corporation (RTC) ဆိုပြီး ကွန်ကရက်က ငွေမတည်ပြီး ထောင်ပေးလိုက်တယ်။ အသေးစိပ် ကတော့ အတော် ရှုပ်ထွေးပါတယ်။ ဒါပေမယ့် လွယ်လွယ်ပြောရရင် မှန်မှန်ကန်ကန်လုပ်ပြီး ရပ်တည်နိုင်တဲ့ အဖွဲ့အစည်းတွေကို ထားခဲ့တယ်။ မနိုင်မနင်း ပြဿနာတက်နေတဲ့ အဖွဲ့အစည်းတွေကို ရွေးပြီး ဘဏ်ကြီးတွေကို
ရောင်းပစ်လိုက်တယ်။ အစိုးရက အစိုးရ အာဏာနဲ့ မကောင်းသူပယ်၊ ကောင်းသူကယ် လုပ်ပစ်လိုက်တာပဲ။ အဲရီဇိုးနားပြည်နယ်က နာမည်ကျော် ကီးတင် (Keating) ဆိုရင် ထောင်ကျသွားတယ်။ ဒီကဏ္ဍမှာရှိနေတဲ့ သူတွေ ကတော့ (ငရဲ) ပေါ့။ အလုပ်ပြုတ်သူပြုတ်၊ ဘဝပျက်သူပျက်ကြပေါ့။ ဒါပေမယ့် ပြဿနာက ဒီလို မလုပ်ရင်လည်း တခြားစီးပွားရေး ကဏ္ဍတွေကို ကူးစက်တော့မှာကိုး။ ပြီးတော့ (RTC) ကိုဖျက်ပြီး တခြား အစိုးရဌာနက ဆက်တာဝန် ယူသွားရတယ်။ ဒါကြောင့် ကလင်တန်တက်ကာစမှာ စီးပွားရေးပြန် ဦးမော့လာတာ။
အဆောက်အဦး ကဏ္ဍ (Real Estate) မှာလည်း Bust ဖြစ်တော့ ဈေးတွေကျ။ ဆောက်လုပ်သူတွေ ဒုက္ခရောက်၊ ဘဏ်တွေ အကျပ်အတည်း ဖြစ်ကြပေါ့၊ ထုံးစံအတိုင်း ဗဟိုဘဏ်က အတိုးလျော့၊ အစိုးရက အခွန်လျော့ပြီး ဈေးကွက် မှာ ငွေလည်ပတ်မှု Liquidity ရှိအောင် အစိုးရက ဝင်ထိန်းပေးပြီး ဈေးကွက်ကပဲ အပိုအလျှံတွေကို ရှင်းထုတ်ပြီး တခါရွက်သစ်တွေပေါက်၊ ရွက်ဟောင်းတွေကြွေပေါ့။ ဒီဒုက္ခ ပင်လယ်ထဲမှာ နဖူးကွဲသူကွဲ၊ ထိပ်ပေါက်သူပေါက်ပေါ့။
မရက်စက်ရင် ဘာဖြစ်မှာလဲ
အမေရိကားမှာ အဆောက်အဦး တိုးပွားမှု Real Estate Boom ဖြစ်တဲ့အချိန် ၁၉၈ဝ ခုနှစ်တွေမှာ ဂျပန်မှာလည်း အဆောက်အဦတိုးပွားမှု Real Estate Boom ဖြစ်တယ်။ ဂျပန်စနစ်က အပြင်လူ မဝင်ရအောင် အချင်းချင်းရဲ့စတော့ (Stocks) တွေကို ပိုင်ဆိုင်ထားကြတယ်။ Cross Ownership လို့ ခေါ်ပါတယ်။ အာရှသားတွေရဲ့ အကျင့်အရ အားနာတာ ၊ မျက်နှာနာတာ ပါတယ်။ ဂျပန်စနစ်က ဘဏ်ကိုမှီပြီး အုပ်စုလိုက် တည်ဆောက်ကြတယ်။
ဥပမာ မစ်ဆူဘီရှီအုပ်စု၊ မစ်ဆူအီ (Mitsui) ဆိုပြီး ရှိကြတယ်။ အတိုးမရတဲ့ ချေးငွေဆိုရင် ဘဏ်အတွက် ဘာမှ အကျိုးမရှိတော့ဘူး။ ဒါကို Toxic Loans လို့ ခေါ်ပါတယ်။ ဒါတွေကို အမေရိကန်လို၊ အရင်းရှင် ပီပီသသ ရှင်းရင် ကိုင်တွယ်ရင် လူတွေဖြုတ်ရမယ်။ လူအများ ဒုက္ခရောက်ကြမယ်။ ဒီလို မရှင်းချင်တော့ ဂျပန်စီးပွားရေးဟာ တအိအိ ရွာလည်နေတာ ခေါင်းမထောင်နိုင်တာ အနှစ် (၂ဝ) ဖြစ်သွားတယ်။ ဒါကို ဆုံးရှုံးသွားသော ဆယ်စုနှစ်များ Lost Decades လို့ တင်စားကြပါတယ်။ ရွက်ဟောင်းတွေကို မလောင်စေချင်တော့ ရွက်သစ်တွေမထွက် နိုင်ဘူးပေါ့။ လူတစုအပေါ် မရက်စက်ချင်တာကြောင့် လူအားလုံး ခံကြရတာပဲ။
ဥရောပ ပြဿနာကို ဘယ်လိုရှင်းမလဲ
အခု ယူရိုပြဿနာမှာ အစိုးရငယ်တွေက မတရားသုံးကြပြီး မနိုင်မနင်းဖြစ်တော့ နိုင်ငံကြီးတွေနဲ့ IMF ကမ္ဘာ့ငွေကြေး ရန်ပုံငွေအဖွဲ့ International Monetary Fund တို့က ဝင်ကူရတယ်။ IMF ဆိုတာက အမေရိကန်နဲ့ ဥရောပနိုင်ငံတွေ
ငွေအများဆုံးထည့်ပြီး အုပ်စီးထားကြတော့ အမေရိကန်နဲ့ အင်္ဂလန်တို့လို နိုင်ငံတွေက IMF ကို ငွေထပ်ဖြည့်ကြပေါ့။ ဒါ့အပြင် နောက်နိုင်ငံတွေကို ကူးစက် လာနိုင်တဲ့ ပြဿနာ (Contagion) ကို ကြောက်တာကြောင့် အိုင်အမ်အက်ဖ်လို ဥရောပ ရန်ပုံငွေထောင်ပြီး ဒုက္ခရောက်တဲ့ နိုင်ငံတွေ ငွေချေးနိုင်အောင် စီမံရပြန်တယ်။
ဒီအဖွဲ့အစည်းကို European Financial Stability Facility (EFSF) ဥရောပ ငွေကြေးတည်ငြိမ်ရေး အဆောက်အအုံ လို့ နာမည်ရပါတယ်။ အီးယူ အဖွဲ့ဝင်တွေက အချိုးကျ ထည့်ဝင်ပြီး ဂျာမန်အကြွေးအုပ်စိုးရေးဌာနရဲ့ ထောက်ခံမှုနဲ့ Bonds ဘွန်းတွေထုတ်ပြီး ငွေချေးနိုင်တယ်။ အိုက်အမ်အက်ဖ် IMF က ယူရို ၂၅ဝ ဘီလျံ ထောက်ပံ့ဖို့ ကတိအာမခံနဲ့ ယူရို ၇၅ဝ ဘီလျံအထိ ချေးနိုင်တယ်လို့ လျာထားခဲ့ကြပါတယ်။ နောက်ဆုံး ဥရောပ ပါပါကြီး ဂျာမန်နဲ့ မလှိမ့်တပတ်နဲ့ ကမ္ဘာက လှည့်ချေးနေရတဲ့ တချိန်က ကိုလိုနီသမား ဥရောပတိုက်သားတွေရဲ့ ဘဝပါပဲ။ ရှက်စရာက ငွေပုံအပေါ် ထိုင်နေတဲ့ တရုတ်ကြီးကိုကယ်ဖို့ ဥရောပတိုက်သားတွေ မျက်နှာချိုသွေးနေရပြီ။
အမှန်က ဥရောပဘွန်း Euro Bond ကိုထုတ်။ သုံးမရတော့တဲ့ ဂရိဘွန်း Greek Bonds လို ဘွန်းတွေကို ယူရိုဘွန်းနဲ့ အစားထိုး။ ဒါမှမဟုတ် ဒီသုံးမရတော့တဲ့ ဒီဘွန်းတွေကို အီးစီဘီ (ECB) ဥရောပဗဟိုဘဏ်က လိုက်ဝယ်ပစ်မှ
ငွေကြေးဈေးကွက်က ပြန်လည်ယုံကြည်လာနိုင်တယ်။ ဒါမှမဟုတ် အမေရိကန် ဗဟိုဘဏ်လို (ငွေ) ရိုက်ထုတ်ရတော့ မယ်။ ဒါမှ ပုံမှန်လည်ပတ်မှုကို ပြန်ဖေါ်ဆောင်နိုင်မယ်။ ဒီလိုဝယ်ရာမှာ တချို့က ဝယ်ထားတဲ့ ဘဏ်တွေလည်း အချိုး ကျ အရှုံးခံစေမှ မျှတမယ်၊ နောင်ကျဉ်မယ်ဆိုတဲ့ အဆိုပြုချက်တွေရှိတယ်။
ဒါပေမယ့် ဥရောပမှာ “ငွေရှင်၊ ကြေးရှင်” က ဂျာမဏီပဲ။ ဂျာမဏီက ရဲရဲတာဝန်ခံမှ ဈေးကွက်က ယုံကြည်မယ်။
ပြဿနာက ဂျာမဏီက ဥရောပရဲ့ ဖယ်ဒရယ် အစိုးရမဟုတ်။ နိုင်ငံရေး အမိန့်ပေးလို့မရ။ ဘသားချောတွေက အသုံး မရပ်နိုင်ဘဲ ဆက်သုံးလို့ ဆက်ဒုက္ခတွေ့ရင် ဂျာမဏီက တာဝန်ခံရရင် ဂျာမဏီ ဒေဝါလီခံ ရတော့မယ်။ ဒီအကြွေးတွေ
ကြောင့် ဂျာမဏီမှာလည်း ချွေတာရမှာမို့ ပင်စင်သက်တွေ တိုးရတော့မယ်။ ဥပမာ ဂျာမဏီမှာ အသက် ၆၇ မှ ပင်စင် ယူနိုင်မယ်၊ ဂရိက လောလောဆယ် ၅ဝ ကျော်ရင် ပင်စင်ယူနိုင်ပြီ။ တရားပါ့မလား။ ဒါကြောင့် ဂျာမဏီက အီးစီဘီ ဘွန်းထုတ်ရောင်းတာရော၊ အီးစီဘီက သုံးမရတဲ့ ဘွန်းတွေကို အလုံးအရင်းနဲ့ လိုက်ဝယ်မယ့် အစီအစဉ်ကို လက်မခံ ဘူး။ ပြင်သစ်က ဂျာမဏီ ပိုက်ဆံနဲ့ ဒီအစီအစဉ်တွေကို လုပ်ချင်တယ်။ လူလည်လုပ်တာပါ။
နိုင်ငံရေး အားနည်းချက်
ဒီမှာ အဓိက အားနည်းချက်ပေါ်လာတယ်။ အမေရိကန်နိုင်ငံက ပြည်နယ် ၅ဝ ပေါင်းစုထားတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး အမေရိကန်ဖက်ဒရယ် အစိုးရက ပြည်နယ် ၅ဝ လုံးကို ကိုယ်စားပြုတဲ့အစိုးရ။ ဒါကြောင့် ပြည်နယ် ၅ဝ ကိုယ်စား အမေရိကန် ဖက်ဒရယ် အစိုးရမှာ လုပ်ပိုင်ခွင့် (Authority) အပြည့်ရှိတယ်။ Fiscal Policy ငွေကြေးသုံးစွဲမှု ပေါ်လစီ ဟာ အစိုးရတာဝန်။ ထိုနည်းတူ အမေရိကန် ဗဟိုဘဏ်ဟာလည်း နိုင်ငံ့အကျိုးတွက် လုပ်ပိုင်ခွင့် (Authority) အပြည့်ရှိတယ်။ Monetary ငွေသားပေါ်လစီက ဗဟိုဘဏ်ရဲ့တာဝန်။ ဒါကို နိုင်ငံရေးပေါင်းစပ်မှု Political Integration လို့ခေါ်ပါတယ်။
ဒီပေါင်းစပ်မှုကြောင့် ရသုံးငွေပေါင်းစပ်မှု Fiscal Integration ကို ဖြစ်ပေါ်စေတယ်။ ဖက်ဒရယ်အခွန် Federal Tax
ကောက်ခွင့်ရှိပြီး နိုင်ငံကို ကိုယ်စားပြုခွင့်ရှိတယ်။ တနည်းအားဖြင့် နိုင်ငံ့ဘတ်ဂျက် အသုံးငွေဟာ ပြည်နယ်တွေနဲ့ မဆိုင်တော့၊ ဗဟိုအစိုးရနဲ့သာ ဆိုင်တော့တယ်။ ဒီအတွက် ပြည်နယ်တွေဟာ ဖက်ဒရယ် အောက်ရောက်ပြီး သီးခြား လွပ်လပ်ပိုင်ခွင့် Sovereign Right မရှိတော့၊ ကိုယ်ပိုင်လွပ်လပ်ခွင့်ကို စွန့်လွှတ်လိုက်ကြရတယ်။ ဒီဟာက ဥရောပ ပိုင် နိုင်ငံတွေအတွက် အတွက် အဓိက ပြဿနာပဲ။
ဥရောပ နိုင်ငံတွေက ကိုယ်ပိုင် အုပ်ချုပ်ခွင့် (Sovereign Right) ကို မစွန့်လွှတ် ချင်ကြ။ ထို့အတွက် ဥရောပသမ္မတနဲ့ တာဝန်ခံ (ဝန်ကြီး)၊ အမတ်မင်း တရားသူကြီးတွေဟာ ရာထူးသာရှိကြပြီး လုပ်ပိုင်ခွင့်အာဏာ တကယ်မရှိကြ။ မလို အပ်တဲ့ ထပ်ဆင့်အမိန့်တွေသာထုတ်ပြီး ထိန်းချုပ်မှု (Regulation) တွေသာ ထပ်ဆင့်ထုတ်နေကြတာ။ အစိုးရတွေရဲ့ အသုံးစရိတ် ဘတ်ဂျက်ကို မထိန်းနိုင်။ ဒီအာဏာပေးလိုက်တာနဲ့ ကိုယ်ပိုင်လွပ်လပ်ခွင့် Sovereign Right ကို စွန့်လွှတ်ရတော့မယ်။ ဒါကို ဥရောပ နိုင်ငံတွေက အလိုမရှိ။
ဝ မရှိဘဲ ဝိ လုပ်ချင်ကြတာ။ အမေရိကန်ပြည်ထောင်စုလို အင်အားကြီးမားတဲ့ ဥရောပပြည်ထောင်စု၊ ဥရောပတိုက် ထူထောင်ဖို့ စိတ်ကူးယဉ်ကြတာ။ အမှန်က တချိန်က ရွှေထီးဆောင်ခဲ့ကြတဲ့ ကိုလိုနီခေတ်က ဘဝကို ပြန်အိမ်မက် မက်ကြတာပါ။ အနှစ်သာရပါတဲ့ ပေါင်းစုခြင်း မဟုတ်ဘဲ အပေါ်ယံပေါင်းစုခြင်းကြောင့် ဒီတောင်ကို မောင်တို့ မကျော်နိုင်ကြ။
ECB ဆိုတာကလည်း အမေရိကန် ဗဟိုဘဏ် (Federal Reserve) လို ပြည့်ပြည့်ဝဝ လုပ်ပိုင်ခွင့် မရှိရှာ။ မလုပ်ရဲ။ ဒီတော့ အမေရိကန် ဗဟိုဘဏ် အကူနဲ့ နိုင်ငံတွေ အမေရိကန်ဒေါ်လာ လွယ်လွယ်ကူကူ လဲနိုင်အောင် ဗဟိုဘဏ်
တွေစုပြီး ကြေငြာချက် ထုတ်ရတယ်။
အစိုးရမှန်ရင်
နောက်ဆုံး ဆန်းစစ်လိုက်ရင် အစိုးရတိုင်းမှာ တာဝန်ရှိတာ နှစ်ခုရှိတယ်။ အခွန်ကောက်ပြီး တိုင်းပြည် အကျိုး အတွက် ငွေသုံးရတယ်။ အသုံးများလာရင် ဝင်ငွေနဲ့ သုံးငွေ မမျှတော့ရင် ငွေချေးရမယ်။ ငွေချေးတာ များလာရင် ယုံကြည်မှု ကျလာရင် အတိုးနှုန်း တက်မယ်။ ဝင်ငွေများအောင် အခွန်တိုးကောက်။ ဒါဆို လုပ်ငန်းရှင်တွေက စီးပွားရေးကျပ်လာတော့ လူတွေလျော့။ အစိုးရကို ဝန်ပိ။
ဒီမိုကရေစီရဲ့ အားနည်းချက်က မဲရအောင် လူတွေကိုလိုက်လျောရတယ်။ လူတွေက ဒါဟာ ငါတို့ရဲ့ ရပိုင်ခွင့်လို့ ထင်ပြီး ရပိုင်ခွင့်တွေ မလျော့ချင်။ အစိုးရက မလျော့ရဲ။ နောက်ဆုံး အစိုးရတွေမှာ ငွေ မရှိဘဲ လုံးပါးပါး။ ဒါမှမဟုတ် လူထု တော်လှန်ရေး ဖြစ်ဖို့ပဲရှိတယ်။ လူ့အလို နတ်မလိုက်နိုင်တာပါပဲ။
လက်ရှိ အမေရိကန် ပြဿနာလည်း ဒါပဲ
အမေရိကားမှာ အိုဘားမား ရင်ဆိုင်နေရတာလည်း ဒီပြဿနာပဲ။ အမေရိကန်လို နိုင်ငံ့ ဗဟိုဘဏ်တွေက ငွေ ကို ကြိုက်သလောက် ရိုက်ထုတ်နိုင်တယ်။ ဒါပေမယ့် ဘယ်အစိုးရမှ (အလုပ်) မထွင်ပေးနိုင်ဘူး။ မာ့က်စ်ရဲ့ ဆိုရှယ်လစ် စီးပွားရေး စနစ်ကရှုံးရတာ သက်သေပဲ။ အစိုးရတွေက စီးပွားရေးသမားတွေ တိုးတက်ကြီးပွားနိုင်အောင် အခွန် မျှမျှတတကောက်၊ မျှမျှတတသုံး၊ ( ဖြုန်းတာမဟုတ်)၊ ငွေကြေး တန်ဖိုး ချိန်ခွင်လျှာ မှန်အောင် ကြိုးစား Growth တိုးတက်မှု ကပဲ စီးပွားရေကျဆင်းမှု ကို ရပ်တန့်နိုင်တယ်။ ကယ်တင်နိုင်တယ်။
ဒါကြောင့် ဥရောပနိုင်ငံတွေက အဓိကကျတဲ့ ရပိုင်ခွင့် Entitlement တွေကို မလျော့ဘဲ၊ အသုံးစရိတ်ကို မလျော့နိုင်။ ဒီလိုလျော့ဖို့ စည်းကမ်းရှိဖို့နဲ့ တိုင်းပြည်ကိုချစ်တဲ့ ခေါင်းဆောင်တွေ လိုလာတယ်။ ဆိုရှယ်လစ် စိတ်ဓါတ်နဲ့ အားလုံးကို ရပိုင်ခွင့် လို့ မထင်မှတ်မိကြဖို့က ပထမခြေလှမ်းပဲ။
အဖြေရှိသောနိုင်ငံ
ဒီပြဿနာတွေ အစောကြီးတက်ခဲ့ပြီး ဖြေရှင်းနိုင်ခဲ့တဲ့ နိုင်ငံရှိပါတယ်။ အဲဒါက ကနေဒါ နိုင်ငံ။ ကနေဒါမှာ တချိန်က တနှစ်မှာ ရှစ်ပတ်ပဲ အလုပ်လုပ်ပြီး ကျန်တဲ့ရက်တွေမှာ အစိုးရဆီက ငွေလက်ခံပြီး ဇိမ်ယူနိုင်လောက်အောင် ရပိုင်ခွင့်
တွေ လွန်ကဲခဲ့ကြတယ်။ နောက်ဆုံး ဒီရပိုင်ခွင့်တွေကို လျော့၊ အသုံးစရိတ်တွေလျော့။ ဝင်ငွေ/ထွက်ငွေ မျှတအောင် ကျင့်ကြံပြီး ချွေတာလိုက်ကြတာ ငါးနှစ် အတွင်း စီးပွားရေးဦးထောင်လာပြီး ယနေ့ ကနေဒါ ဒေါ်လာဟာ အမေရိကန်
ဒေါ်လာနဲ့ တန်ဖိုးယှဉ်လာနိုင်ပြီ။
နောက်ဆုံးကြိုးစားမှု
၂ဝ၁၁ ဒီဇင်ဘာလ ခြောက်ရက်နေ့က Standard & Poor လို့ ခေါ်တဲ့ ကရက်ဒစ်သတ်မှတ်ရာ အေဂျင်စီက ဂျာမဏီအပါအဝင် ဥရောပ ခြောက်နိုင်ငံကို သတိပေးလိုက်ပြီ။ ဒီယူရိုပြဿနာကို မကိုင်နိုင်ရင် အကောင်ဆုံး (စံ) သတ်မှတ်ခံရတဲ့ နိုင်ငံတွေကို တဆင့်လျော့ချဖို့ အကြောင်းရှိတယ်ဆိုပြီး သတိပေးလိုက်ပြီ။ ဒါကြောင့် ဒီဇင်ဘာ ရှစ်ရက်နေ့မှာ ကျင်းပဖို့ရှိတဲ့ ထိပ်သီးဆွေးနွေးပွဲဟာ နောက်ဆုံးအခွင့်အရေးပဲလို့ သတိပေးလာသူတွေ ရှိလာတယ်။
ဒီဇင်ဘာလ ရှစ်ရက်နေ့ ထိပ်သီးအစည်းအဝေးပွဲမှာ ဥရောပ အက်ကြောင်းဟာ အထင်းသား ပေါ်လာပါတယ်။ ယူရိုဇုံ
နိုင်ငံတွေနဲ့ အီးယူးအဖွဲ့ဝင် သို့သော်လည်း ယူရိုဇုံ မဟုတ်သောနိုင်ငံများ အကြား သဘောတူညီမှု မရနိုင်ကြဘူး။ အထူးသဖြင့် ဥရောပကြီး နှစ်ကြီးဖြစ်ကြတဲ့ ပြင်သစ်နဲ့ ဂျာမဏီတို့ ဦးဆောင်တဲ့ အများစုကတဘက်၊ အင်္ဂလန်က တဘက် လာဖြစ်ကြတယ်။ ဥရောပ စိတ်ကူးယဉ် ဆရာကြီးတွေဖြစ်လိုတဲ့ အင်အားကြီးတဲ့ ဥရောပပြည်ထောင်စုကြီး (United States of Europe) ဖြစ်ဖို့ရာ အဆင့်သုံးဆင့် လိုပါတယ်။
(၁) ငွေသားပေါင်းစည်းမှု (Monetary Union)
(၂) ငွေကြေးပေါင်းစည်းမှု (Fiscal Union)
(၃) နိုင်ငံရေးပေါင်းစည်းမှု (Political Union)
အဆင့် (၃) မဖြစ်ဘဲ အဆင့် (၂) က ဖြစ်ရန် မလွယ်ကူလှ။
သို့သော် ပြင်သစ်နဲ့ ဂျာမဏီက ဉာဏ်ဆင်လာတာက
(၁) အီးယူ အတွင်းရှိ နိုင်ငံတိုင်း မိမိတို့၏ အစိုးရအသုံးငွေ ဘတ်ဂျက် ဝင်ငွေ၊သုံးငွေ မျှတရမည်။ Balance Budget
ဖြစ်ရမည်။
(၂) ဘတ်ဂျက်လိုအပ်ငွေ (Budget Deficit) သည် GDP ၏ ၃ ရာခိုင်နှုန်းထက် မပိုရ။
(၃) ပိုခဲ့သော် ပြစ်ဒဏ်ပေးခြင်း (Sanctions) ခံကြရမည်။
(၄) တိုင်းပြည်များ ဒုက္ခရောက်သော် အိုင်အမ်အက်ဖ် (IMF) ဝင်သူ ရန်ပုံငွေ လုံလောက်စေရေးအတွက် ယူရို ၂ဝဝ ဘီလျံ ထပ်ဖြည့်ပေးမည်။
(၅) ESFS လို့ခေါ်တဲ့ ယာယီ ဥရောပကယ်တင်ဖို့ရာ ရန်ပုံငွေကို ယူရို ၄၄ဝ ဘီလျံ တည်ထောင်ပြီး စပိန်၊ အီတလီတို့
ပြဿနာပေါ်သော် ကူရန် အဆင်သင့် ရှိစေမည်။
(၆) တချိန်တည်းမှာ ESM လို့ခေါ်တဲ့ European Stability Mechanism အမြဲတမ်း ဥရောပကယ်တင်ဖို့ရာ ရန်ပုံငွေ ကို ယူရို ၅ဝဝ ဘီလျံနဲ့ မတည်ပြီး တနှစ်စောဖွဲ့ကာ ယာယီရန်ပုံငွေ နှင့်အပြိုင် ရှင်သန်စေမည်။
(၇) ပုဂ္ဂလိက ငွေရှင်များ စိတ်သက်သာရစေရန် ပုဂ္ဂလိက ငွေရှင်တွေ ယူရိုဇုံ နိုင်ငံများကို ငွေချေးလျှင် အလိုအ
လျောက် ငွေရှုံးစရာ ငွေမလိုဟု ခေါင်းဆောင်များက သဘောတူကြသည်။ ဂရိနိုင်ငံအတွက် ဒုတိယအကြိမ် ငွေကူရာ တွင် ပုဂ္ဂလိက ငွေရှင်များ အရှုံးခံကြရသောကြောင့် တခြားနိုင်ငံများကို ငွေချေးရန် ကြောက်ရွံ့လက်တွန့်နေကြ၍ အာမခံချက်ပေးခြင်း ဖြစ်သည်။
(၈) ငွေကြေးဈေးကွက်မှာ အရောင်း၊အဝယ်လုပ်တိုင်း ကောက်ခံသည့်အခွန် (Transaction Tax) ကောက်ရန်
ယေဘုယျသဘောအရ သဘောတူခဲ့ကြတယ်။
ဒီသဘောတူညီချက်တွေကို ထိန်းကွပ်ကြီးကြပ်ရန် အီးယူ အဖွဲ့အစည်းများက ကြီးကြပ်ပေးရတယ်။ ရန်ပုံငွေ နှစ်ခုကို ECB ဗဟိုဘဏ်ကကြီးကြပ်ပြီး ကျန်ကြီးကြပ်မှုများကို အီးယူ ဗြူရိုကရက်များက ဦးစီးခွင့်ရတော့မယ်။ ဒါ့ကြောင့် ယူရိုဇုံ နိုင်ငံတွေဟာ ဘတ်ဂျက်နဲ့ ပတ်သက်လာရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆုံးရှုံးကြရတော့မယ်။ ဒါ့ကြောင့် အင်္ဂလန် က ကင်းလွတ်ခွင့် တောင်းဆိုလာသော်လည်း မရခဲ့။ ထိုနည်းတူ ဆွီဒင်လို ယူရိုဇုံမဟုတ်တဲ့ နိုင်ငံများကလည်း ကနဦးက သဘောမတူကြ။ သို့သော် နောက်ဆုံး တခြားနိုင်ငံများ၏ ဖိအားပေးခြင်းကို မခံနိုင်ကြဘဲ၊ (၂၇) နိုင်ငံ အနက် (၂၆) နိုင်ငံကတဘက် အင်္ဂလန်က တဘက် ဖြစ်ခဲ့ကြရတယ်။
ဒါ့ကြောင့် ဒီပြဿနာကိုကျော်ဖို့ အင်္ဂလန်ရဲ့ ဗီတိုကို ရှောင်နိုင်ရန်၊ အီးယူ တခုလုံးရဲ့ သဘောတူညီချက် အစား နိုင်ငံ အချင်းချင်း သဘောတူညီမှု အနေနဲ့ ခရီးဆက်ကြဖို့ ဆုံးဖြတ်ကြတယ်။ ဒီလို (မူ) အားဖြင့် သဘောတူခဲ့ကြပြီး ဖြစ်ပေ မယ့် အသေးစိပ်ကို ဆွေးနွေးကြရပါဦးမယ်။ အနည်းဆုံး သုံးလကြာနိုင်ပါတယ်။ ဒီလိုလုပ်တာက ငွေကြေးဈေးကွက် ယူရိုကို ယုံကြည်မှုရစေဖို့ ဖြစ်ပါတယ်။
နောက်ဆုံးတော့
ပြဿနာက ယူရိုဇုံ ၁၇ နိုင်ငံများရဲ့ အကျိုးအတွက် ကျန်အီးယူ နိုင်ငံတွေက ခေါင်းဝင်ခံပေးရ တော့မယ်။ ဒီမှာ အမျိုးသားစိတ် Nationalism ပေါ်လာကြပြန်ပါတယ်။ ဥရောပနိုင်ငံများဟာ ပါးစပ်က ဥရောပကွလို့ အော်နေကြပေ မယ့် တကယ့်လက်တွေ့မှာ မိမိအမျိုးအုပ်စု စိတ်ဓာတ် (Tribalism) ကို လက်တွေ့မှာ မကျော်နိုင်သေးကြပါ။ နောက် ဆုံးတော့ ဂျာမဏီနဲ့ ပြင်သစ်တို့ရဲ့ အကျိုးနဲ့ ဗြိတိသျှ အင်္ဂလိပ်တို့ရဲ့အကျိုး အရင်ကိုလိုနီ ခေတ်ကလို လာအားပြိုင် ကြရပြန်ပြီ။ အခုကြိုးစားမှုဟာ ယူရိုကို အပျက်မခံဆိုတဲ့ စိတ်ဓါတ်နဲ့ ငွေကိုငွေနဲ့ လိုက်ခြင်းသာလျှင်ဖြစ်ပါတယ်။ ဖဲဝိုင်းတွင် အရှုံးကြီးရှုံးရတဲ့ ဖဲသမား အရှုံးကိုကာမိစေရန် ကြေးတိုးပြီး လောင်းကစားတာနဲ့ ဆင်ဆင်တူတယ်။
ပြုန်းတီးမှုကိုမလျော့၊ ရပိုင်ခွင့်တွေလည်း မလျော့ချင်၊ လူ့အခွင့်အရေးဆိုပြီး နိုင်ငံခြားသားတွေကို လွယ်လွယ် ဝင်ခွင့်
ပြုကာ အခွင့်အရေးတွေပေး၊ ကမ္ဘာ့အလယ်မှာ လူအထင်ကြီးအောင် ကမ္ဘာ့ရာသီဥတု ထိန်းသိမ်းဖို့အတွက်ကလည်း ဝိုင်းကူချင်ကြသေး၊ လုပ်ချင်တာ၊ လိုချင်တာတွေက များပြီး ပေးဆပ်မှုကျတော့ မပေးဆပ်ချင်ကြ။ ဘယ်က ငွေ ရ ကြမှာလဲ။
ဂရိမှာ လူတွေကစုငွေတွေ ထုတ်ပြီး အိမ်မှာပဲထား၊ တတ်နိုင်သူတွေက နိုင်ငံခြားပို့ ကြတာကြောင့် ဘဏ်တွေမှာ
ငွေလည်ပတ်မှု နည်းလာပြီ။ ဘဏ်စနစ်ပျက်ရင် တိုင်းပြည်စီးပွားရေး ဘယ်လိုမှ ခေါင်းထောင်နိုင်မှာ မဟုတ်။ အလုပ်လုပ်နိုင်တဲ့ ဂရိလူငယ် ပညာတတ်တွေက ဂျာမဏီ ပြောင်းပြေးကြပြီ။
တလတခါ အီးယူဌာနချုပ်ရှိရာ ဘရပ်ဆယ်မြို့ကနေ ဥရောပ ပါလီမန် အမတ်မင်း ၇၃၆ ယောက်နဲ့ ထောင်ပေါင်း များစွာသော အရာရှိမင်းတို့ဟာ ပြင်သစ်နိုင်ငံ စတောဘတ်ဂ်မှာ တခါ ရုံးပြန်ထိုင် ကြရတယ်။ ပြင်သစ်က မြို့နှစ်မြို့ လုံးမှာ ပါလီမန်ခေါ်ရမယ်လို့ တောင်းဆိုတဲ့အတွက် ဖြစ်တယ်။ ဒါပြင်သစ်တွေရဲ့ အမျိုးသားရေးစိတ်ကို အလိုလိုက်ဖို့ သက်သက် ကလွဲလို့ ဘာမှ အဓိပ္ပါယ် မရှိပါ။ ပြုန်းတီးမှုသက်သက်သာလျှင် ဖြစ်တယ်။
ဒီလိုစိတ်ဓါတ်၊ ဒီလိုပြုန်းတီးမှုတွေနဲ့ အမေရိကန်နဲ့ တရုတ်တို့လို နိုင်ငံတွေနဲ့ ဘယ်လို ယှဉ်ပြိုင်နိုင်ကြမှာလဲ။ အမေရိကန်ရော တရုတ်နိုင်ငံရောဟာ ငါအမေရိကန်ကွ၊ ငါတရုတ်ကွဆိုတဲ့ အမျိုးသားစိတ် ပြင်းထန်ကြတယ်။ ဥရောပမှာက ငါဥရောပကွ ဆိုတဲ့ မိမိအမျိုးသား စိတ်ဓါတ်အစား၊ ငါ ဂျာမန်ကွ၊ ငါ ပြင်သစ်ကွ၊ ငါ အင်္ဂလိပ်ကွ ဆိုတဲ့၊ နိုင်ငံကိုမီတဲ့ ကိုလိုနီခေတ် အမျိုးသားစိတ်ဓါတ် နယ်ပယ်ကရုန်း မထွက်နိုင်ကြသေးဘူး။
ဆွစ် နိုင်ငံသားတယောက် ပြောစကားကို ပြန်လည်ကြားယောင်မိသေးတယ်။ ငါတို့ ဥရောပတိုက်သားတွေ သက်သက်စိတ်ကူးယဉ်ကြတာပါတဲ့။ အမေရိကားလို National Identity လို့ ခေါ်တဲ့ ငါဘယ်သူလဲ ဆိုတဲ့ အမျိုးသားပုံဖေါ်မှုကို အဖေါ်ဆောင်မှုမှ မရှိဘဲတဲ့။ ဒီပုံဖေါ်မှုက နိုင်ငံရေးပေါင်းစပ်မှု မရှိဘဲနဲ့ မရနိုင်ပါ။
ဒါ့အပြင်၊ Good Governance လို့ခေါ်ကြတဲ့ အစိုးရ၏အုပ်ချုပ်မှု ကောင်းလိုသလို၊ လူတွေကလည်း အားလုံးကို ရပိုင်ခွင့်လို့ ထင်မိရင် တနိုင်ငံစီသာမက တိုက်ကြီးတတိုက်လုံး ဒုက္ခတွေ့ နိုင်ပါတယ်။ ဆိုရှယ်လစ် စိတ်ဓါတ် အသုံးမှားရင် ဒုက္ခတွေ့နိုင်တယ်ဆိုလည်း မမေ့လိုက်ကြပါနဲ့ဦး။ စာရေးသူအမြင်အရ၊ နောက်ဆုံး အလွန်အကျွံ
ဖြစ်မှုတွေကို နိုင်ငံကိုချစ်စိတ်၊ အမျိုးကိုချစ်စိတ် တိုင်းပြည်ထူထောင်ချင်တဲ့စိတ် တွေနဲ့ပဲ ထိန်းနိုင်မှာပါ။ သို့သော် မျိုးချစ်စိတ်ဟာ အစွန်းရောက်သွားရင်လည်း အန္တရယ် ရှိတတ်ပါတယ်။ ဒါကြောင့် စာရေးသူက ဒီမိုကရေစီဘောင် အတွင်းမှ မျိုးချစ်စိတ် Democratic Nationalism လို့ အမည်တပ်ချင်ပါတယ်။
ဒီထက် နက်နက်တွေးရင် မိမိတယောက်အတွက်အကျိုး၊ Individualism နဲ့ အများအကျိုး Collectivism တို့ဟာ လည်း အားပြိုင်လျက် ရှိကြတာကို တွေ့နိုင်ပါတယ်။ နောက်အချိန်ရမှ အသေးစိပ် ဆွေးနွေးပါ့မယ်။ တိုင်းပြည် အတွက် စေတနာရှေ့ထားလျက်၊ လူငယ်လေးတွေ တိုင်းပြည်အကျိုးကို ထမ်းဆောင်နိုင်ကြပါစေ။

ဥရောပငွေကြေး ပြဿနာ (အပိုင်း ၂)
ဒုတိယအရစ်
ပထမအရစ်က ယူရို ဘီလျံ ၁၁၀ ကျော်ကျော် ကူပြီးပြီ။ ဒုတိယ အကြိမ်လည်း ဒီပမာဏလောက်ပဲ ထပ်ပေးရပြန်ပြီ။ ဒီငွေ တွေကို အီးယူနဲ့ ကမ္ဘာ့ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) တို့က ချေးမှာဆိုတော့ ယူရိုဇုန်မှာ မပါတဲ့ ဥရောပနိုင်ငံ
တွေရော၊ IMF မှာ အဓိက ငွေထည့်ရတဲ့ အမေရိကန်တွေပါ ဝိုင်းကူရပြီလေ။ ဒါ့အပြင်နောက်ဆက်တွဲတွေ ပါလာမှာ စိုးတာကြောင့် အရေးပေါ် ယူရိုဇုန် ကယ်တင်ရေး ငွေစု (European Financial Stability Facility) ဥရောပငွေကြေး ခိုင်မာရေး အဆောက်အဦး ဆိုပြီး ယူရို ၄၄၀ ဘီလျံ၊ ဒေါ်လာ ၆၆၈ ဘီလျံနဲ့ဖွဲ့ဖို့ သဘောတူခဲ့ကြလေရဲ့။
အစိုးရ ငွေချေးငွေစာရွက်
အရင်းရှင်စနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတွေမှာ အစိုးရက ငွေချေးချင်ရင် အစိုးရ ငွေချေးစာရွက် Government Bonds ဆိုတာတွေ ပိုထုတ်ပြီး ချေးပါတယ်။ စတော့ Stock က အတက်အကျ ရှိတယ်။ ဘွန်း Bond က အတိုးစားရုံ သက် သက်ပဲ။ သုံးလ၊ ခြောက်လ၊ တနှစ်၊ ငါးနှစ် ၁၀ နှစ် စသည်ဖြင့် ရေရှည်၊ ရေတို ဘွန်း အမျိုးမျိုး၊ အတိုးအမျိုးမျိုး ရှိကြပါသည်။ တိုင်းပြည် တပြည်ဆိုတာ အစိုးရနဲ့ ထုတ်လုပ်သူ လူထု ရှိနေသရွေ့ (အခွန်)ဆိုတာ ရှိစမြဲ။ (အခွန်) ဆိုတာ အစိုးရအတွက် (ဝင်ငွေ) ပါပဲ။ ဒါကြောင့် ကုမ္ပဏီတွေနဲ့ မတူ၊ အစိုးရ ဘွန်းတွေက ပျက်သွားတာ မရှိနိုင်၊ ပိုစိတ်ချ ရတယ်လို့ အယူရှိကြပါတယ်။ ဒါကြောင့် ၂၀၀၇ ငွေကြေး အခက်အခဲအပြီး ဘဏ်အများစုဟာ စွန့်စားမှု (Risk) နည်းတဲ့ အစိုးရဘွန်းတွေကိုကို ဝယ်စု ခဲ့ကြတယ်။ အခု ဂရိ အစိုးရဟာ သူ့ရဲ့ ချေးငွေတွေကို ပြန်မဆပ်နိုင်
တော့ဘဲ ကတိပျက်ရမယ်ဆိုတဲ့ အန္တရာယ်ကြောင့် ဂရိအစိုးရရဲ့ ဘွန်းတွေဟာ တန်ဖိုးမဲ့ ဖြစ်သွားမယ်။ ဒီလို ဂရိ အစိုးရ ကတိမပျက်ရအောင် default မဖြစ်ရအောင် အီးယူနဲ့ တခြားနိုင်ငံတွေက ဝင်ကူကြရတာ။
ဘဏ်တွေလည်း အရှုံးခံပါစေ
တဘက်ကပြန်ကြည့်ရင်၊ အရင်းရှင် လောကမှာ စွန့်စားမှု Risk ဆိုတာ စီးပွားရေး လုပ်ငန်းတိုင်းမှာ ရှိကြတာပဲ။ အရှုံးနဲ့ အမြတ်တွက်ပြီး ရောင်းကြ ဝယ်ကြ ရတာပဲ။ ဒီအစိုးရ ဘွန်းတွေ ဝယ်စဉ်က အန္တရာယ်ကို သိလျက်နဲ့ ဝယ်ကြ တာပဲ။ ဒါကြောင့် ကျန်အစိုးရတွေကပဲ ဝင်အနစ်နာခံစရာ မလိုဘူး။ ဝယ်ထားတဲ့ ဘဏ်တွေလည်း အရှုံးခံကြ။ ဒါကို
ခေတ်သစ် စီးပွားရေး စကားနဲ့ပြောရရင် (Haircut) လို့ခေါ်ပါတယ်။ ဂျာမဏီဦးဆောင်ပြီး ဒီလိုတွေး၊ ဒီလိုဆွေးနွေးတဲ့ သူတွေရှိတယ်။ ဒါပေမယ့် ဥရောပ ဗဟိုဘဏ်က ဘသားချော ဗြူရိုကရက်တွေက စာအုပ်ကြီးအတိုင်း ဒါ Default ကတိပျက်တာပဲဆိုပြီး ငြင်းဆိုနေကြလေရဲ့။
ယူရိုဘွန်း
နောက်တနည်းက တန်ဖိုးကျသွားတဲ့ ဂရိဘွန်းတွေကို အီးစီဘီ ကထုတ်တဲ့ ယူရိုဘွန်းနဲ့ လဲပေးမလားဆိုတာကိုလည်း စဉ်းစားနေကြလေရဲ့။ ပြဿနာရဲ့ နောက်ဆက်တွဲက ဘဏ်တွေရှုံးလို့ ငွေပြန်လဲစရာ နောက်ခံငွေ မရှိတော့ရင် ဘဏ်မှာ အပ်ထားတဲ့ လူတွေက (မယုံ) ကြတော့ဘဲ အလုံးအရင်းနဲ့ တပြိုင်နက်တည်း ထုတ်ကြရင် ဘဏ်တွေ
ငွေမလည်ဘဲ ရပ်သွားနိုင်တာ။ ၁၉၃ဝ ခုနှစ်တွေမှာဖြစ်တာ ဒီလိုဘဏ်တွေကို မယုံကြတော့တာပဲ။ အိုင်ယာလန် (Ireland) မှာ လူတွေ တန်းစီပြီး ငွေလည်း ထုတ်လာကြရော အစိုးရက ဝင်ကူရတော့တာပဲ။
တနည်းအားဖြင့် ဘဏ်တွေကို အစိုးရက ဝင်ကိုင်ရတော့၊ တနည်းအားဖြင့် ပြည်သူပိုင် သိမ်းရတာပဲ။ အိုင်ယာလန် (Ireland) ပြဿနာက ဘဏ်တွေ စွန့်စားမှုလွန်ပြီး ငွေကြေးကဏ္ဍ ပူဖေါင်းသဖွယ် ဖေါင်းပွမှု (Financial Bubble)
ဖြစ်ပြီး၊ အိမ်ဈေးတွေတက်၊ အိမ်ဈေးဖေါင်းပွမှု ဖြစ်တာပါပဲ။ စီးပွားရေးမှာ (ယုံကြည်ရမှု) Credibility ဟာ အလွန် အရေးပါတဲ့ အနှစ်သာရတခုပါ။ (ယုံကြည်ရမှု) ပျက်သွားရင် ဘယ်သူမှ အရောင်း၊အဝယ် လုပ်ကြတော့မည်မဟုတ်။ ဒါကြောင့် ယူရိုဘွန်းနဲ့ ဂရိအစိုးရ ဘွန်းတွေကို အစားထိုးဖို့ စဉ်းစားကြရတာပါ။
ဂရိရဲ့ နိုင်ငံရေးပြဿနာ
ကိုယ်စားပြု ဒီမိုကရေစီရဲ့ အားနည်းချက်တခုက လူထုရဲ့မဲကို ရှောင်လို့မရ။ အကျပ်အတည်းမှာ အစိုးရ ဆိုတာက တိုင်းပြည်ကောင်းကျိုးကိုရှေ့ရှုပြီး လူမကြိုက်တာတွေကို ရှောင်လို့မရ။ ပထမ အကြိမ်ချေးငွေက နောက်ဆုံး အလှည့် ကျ ယူရို ရှစ်ဘီလျံရဖို့၊ တင်းကျပ်တဲ့ စည်းမျဉ်းတွေကို လိုက်နာရတော့မယ်။ ဂရိ ဝန်ကြီးချုပ် ပါပန်ဒီရိုက ပါလီမန်မှာ မဲအနိုင်ရ ဖို့ မသေချာတော့။ ဒါကြောင့် လူထုဆန္ဒ ခံယူပွဲ လုပ်မယ်လို့ ရုတ်တရက်ကြီး ထကြေငြာလာတယ်။ ဂျာမန် ဝန်ကြီးချုပ်က တိုးတိုးတိတ်တိတ် ဂရိသာ လူထုဆန္ဒခံယူပွဲလုပ်ခဲ့ရင် (ရှုံးမှာသေချာတာကြောင့်) ဂရိကို ယူရိုဇုန် ကသာမက အီးယူက လည်း ထုတ်ပြစ်မယ်လို့ ခြိမ်းခြောက်ခဲ့ရတယ်။
ဒီတော့မှ ဝန်ကြီးချုပ် ပါပန်ထီရို နှုတ်ထွက်ပြီး ဝန်ကြီးချုပ်အသစ် ပါပန်ဒီးမို့ကို သဘောတူခဲ့ကြတယ်။ ဝန်ကြီးချုပ်က လူထု ခံရယူပွဲ လုပ်မယ်ဆိုပြီး ခြိမ်းခြောက်ရတာက အတိုက်ခံမဲကို မရတော့လို့။ ဒါ ဒီမိုကရေစီ၊ အထူးသဖြင့် ပါလီမန် ဒီမိုကရေစီ ရဲ့ အားနည်းချက်ပဲ။ တိုင်းပြည်က ချောက်နဘေး ရောက်နေပြီး နိုင်ငံရေး ကစားနေကြတုန်းပဲ။
နောက်ဆုံး ပါပန်ဒီးမို့ ဝန်ကြီးချုပ်သစ်ဖြစ်လာမှ အတိုက်ခံက ထောက်ခံလို့ အီးယူနဲ့သဘောတူမှုကို ပါလီမန်က မဲခွဲသဘောတူခဲ့ကြတယ်။ ဒီတောင်ကို မကျော်နိုင်ရင် အီးယူက ပိုက်ဆံပေးမှာ မဟုတ်ဘူး။
အီတလီကို ကူးစက်တော့မှာလား
ဂရိရောဂါဟာ အီတလီဘက်ရောက်လာပြန်တယ်။ အီတလီ အစိုးရကလည်း ပြားပြားဝပ်ပြီး ငြိမ်နေပေမယ့် ရှောင်မရ
ပြန်ဘူး။ အီတလီက ချေးထားတဲ့ငွေက ယူရို ၂,၆ဝဝ ဘီလျံ ရှိတယ်။ GDP ရဲ့ ၁၂ဝ% ကျော်တယ်။ ဒါကြောင့် အီတလီရဲ့ အတိုးဟာလည်း ဈေးကွက်မှာ ၇% ကျော်သွားးလေရဲ့။ အကြမ်းအားဖြင့် အတိုး ၇%ကျော်ရင် အတိုးက စားသွားတာမို့ ရေရှည်မခံနိုင်ဘူး။ unsustainable လို့ သုံးကြပါတယ်။ ဒါကြောင့် ECB ကဝင်ပြီး Greek, Italian, Spanish Bonds တွေ ကို ဝင်ဝယ်ရတယ်။ အလုံးလိုက် ဝင်ဝယ်တာမဟုတ်။ ဈေးကွက်ငြိမ်သွားရုံလောက်ပဲ ဝင်ဝယ်တာ။
တနည်းအားဖြင့် Liquidity ငွေလည်ပတ်မှု တိုးအောင်ဝင်ဖြည့်တာပါ။ ဒါကို Quantitative Easing လို့လည်း ခေါ်ပါ တယ်။ ECB က ဝင်ကူတာကြောင့် လတ်တလောတော့ ဈေးကွက်မှာ အီတလီဘွန်းတွေ အတိုးနှုန်းက ၆% ကျော်
ကျော်ကို ပြန်ကျသွားတယ်။
ဒီဆောင်းပါးကို ရေးနေချိန် နိုဝင်ဘာလ ၁၆ ညနေ ၅ နာရီ (GMT) အချိန်မှာရှိတဲ့ (၁၀)နှစ် ဘွန်း 10 year government Bonds တွေ အတိုးနှုန်းတွေအရ

ဒီဇယားအရ ပြင်သစ်နဲ့ ဂျာမဏီတို့ရဲ့ အတိုးနှုန်း ကွာခြားချက် (Spread) ဟာ ၁၉၉၉ ယူရိုဇုန်ကို တည်ထောင်ပြီး ကတည်း က ယနေ့ အမြင့်မားဆုံး ဖြစ်တယ်။ သာမန်လူတွေအတွက် ဒီကွာခြားချက်ဟာ ဘာမှ မဖြစ်လောက်စရာလို့ ထင်စရာ ရှိပေမယ့် ယူရိုဘီလျံ၊ သန်းပေါင်း ထောင်၊ သောင်း၊ သိန်း ဂဏန်း ချေးရတဲ့ အခါကျတော့ ရင်ကော့မတတ် ခံစားရပါတယ်။
တိုင်းပြည်ရဲ့ အကြွေးဆပ်နှုန်းစံ Sovereign Credit
တိုင်းပြည်ရဲ့ ကြေးငွေပမာဏ၊ တိုင်းပြည်ထုတ်ကုန်၊ စီးပွားရေး အဆောက်အအုံတွေ၊ နိုင်ငံရေးအရ ဖြေရှင်းဖို့ အင်အား ရှိမရှိ (Political Will) အစုံစုံကို ကြည့်ပြီးတော့မှ Sovereign Credit လို့ခေါ်တဲ့ တိုင်းပြည်အတွက် အကြွေးယူနိုင်တဲ့ အဆင့်ကိုသတ်မှတ်ပေးတဲ့ တိုင်းပြည်ရဲ့ အကြွေးဆပ်နှုန်းစံ Sovereign Credit ကို S&P (Standard & Poor), Moody, Fitch ဆိုတဲ့ အေဂျင်စီ တွေက သတ်မှတ်ပေးကြပါတယ်။
ဥပမာ ၂ဝ၁၁ သြဂုတ်လတုန်းက အမေရိကန် အစိုးရဟာ ဥပဒေအရ ငွေထပ်ချေးနိုင်ဖို့ ကွန်ကရက်မှာ ခွင့်တောင်း ရပါ တယ်။ အစိုးရ အဆက်ဆက်ဟာ လက်လွတ်စပယ် ချေးလာလိုက်ကြတာ ဒေါ်လာ ၁၄,၀၀၀ ဘီလျံထိ ရှိခဲ့ပါ တယ်။ ပါတီနှစ်ခု ညှိမရဖြစ်နေတော့ အစိုးရဟာ ဒီအကြွေးထူတဲ့ ပြဿနာကို ဖြေရှင်းဖို့ နိုင်ငံရေးဆန္ဒ မရှိဘူးဆိုပြီး Standard & Poor agency က အကောင်းဆုံး AAA+ ကနေ AA+ ကိုလျော့ချလိုက်တယ်။ နောက်ဆုံးအချိန်မှာမှ သဘောတူညီချက် ရသွားကြလို့ ကျန်တဲ့အေဂျင်စီ နှစ်ခုက AAA+ ကနေလျော့ မချလိုက်ကြဘူး။ အကယ်၍သာ အားလုံးက ညီတူညာတူ နှိမ့်ချခဲ့ကြရင် အစိုးရရော ပြည်သူတွေပါ ငွေချေးရင် အတိုးပို ပေးရလိမ့်မယ်။ ဒီ (စံ) အပေါ် မူတည်ပြီး အတိုးနှုန်းကို ဆုံးဖြတ်ကြတာကိုး။
ယုံကြည်ရမှု Credibility
စီးပွားရေးမှာ လူတဦးတယောက်၊ သို့မဟုတ် ကုမ္ပဏီတစ်ခု၊ သို့မဟုတ် တိုင်းပြည်တပြည်ကို ငွေချေးမလား၊ အရောင်း အဝယ် လုပ်၊မလုပ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေဟာ ယုံသင့်၊ မယုံသင့်ဆိုတဲ့ ယုံကြည်ရမှု (Credibility) အပေါ် မူတည် ပါတယ်။ အကြွေးများနေရင် ဘယ်သူလာ ယုံကြမှာလဲ။ ပြဿနာက တိုင်းပြည်တွေဟာ မတတ်နိုင်တဲ့ အစီအစဉ်တွေ၊ မဲရအောင် လူထုအကြိုက် အစီအစဉ်တွေ လုပ်လာလိုက်ကြတာ အကြွေးက လိုက်တက်လာတယ်။ ဒါထက် ပိုဆိုးတာ က ဒီမိုကရေစီ မှာမဲရဖို့ လူထုအကြိုက် အစီအစဉ်တွေ ဖေါ်ထုတ်လာကြပြီး ဘယ်လိုမှ (မရပ်)နိုင်အောင် ဖြစ်လာ ကြတယ်။ ဒါ့အပြင် ဗြူရိုကရက်ဆိုတာက ဘတ်ဂျက် တခါတိုးပြီးရင် လျော့တယ်ဆိုတာ မရှိဘူး၊ ထပ်တောင်း။
နိုင်ငံရေးသမား ဆိုတာကလည်း တိုင်းပြည်ရဲ့ (ငွေ) တွေနဲ့ (ကိုယ်) မပေးရတိုင်း (ဖြုန်း) ကြပေါ့။ အမေရိကန် အစိုးရ မှာ Duplicate လို့ခေါ်တဲ့ (ထပ်တူ) အစီအစဉ်တွေ (သောင်း) နဲ့ချီ ရှိတယ်။ ဒါတွေကို စီစစ်ပြီး ဖျက်သင့်တယ်ဆိုတာ လူတိုင်း သိပေမယ့် တကယ် ဖျက်ဖို့ကျတော့ လက်တွန့် နေကြတယ်။ တိုင်းပြည်က အကြွေးပင်လယ်ထဲ နစ်နေပြီ။ အမတ်မင်း တွေက ဖြုန်းလို့ ကောင်းကြတုန်း။ အမေရိကန်ဟာ တကယ်တော့ အကြွေးနဲ့ သူဌေးလုပ်နေတာ။ အခွန်နဲ့ တခြားဝင်ငွေတွေက တလကို (၁၇၂) ဘီလျံ ဝင်ငွေရှိတယ်။ သုံးငွေ က တလကို ဘီလျံ (၃ဝဝ) ကျော်တယ်။ ဘယ်သူ မမွဲဘဲ နေနိုင် မှာလဲ။ ၂၀၁၁ နိုဝင်ဘာ ၁၇ ရက်နေ့မှာပဲ အမေရိကန် ပြည်ထောင်စုရဲ့ အကြွေးဟာ (၁၅) ထီလျံ (ဘီလျံ ၁၅,ဝဝဝ) ရောက်ခဲ့ရပါပြီ။ နောက်ဆုံးတော့ ဝင်ငွေနဲ့သုံးငွေ မမျှရင် ယုံကြည်မှု Credibility ကျဆင်း ဆုံးရှုံးရတာ ဓမ္မတာ ပါပဲ။
နိုင်ငံ၏ အကြွေးပြဿနာ (Sovereign Debt)
ဥရောပမှာဖြစ်စေ၊ အမေရိကန်မှာ ဖြစ်စေ ပြည်သူတွေကို ဒုက္ခ မရောက်စေဖို့ ကယ်တင်ဖို့ လုံခြုံရေးကွန်ယက် (Safety Network) ဆိုတာမျိုးတွေ ရှိတယ်။ ပြည်သူတွေက အစိုးရကို အခွန်မှန်မှန် ပေးရတာကြောင့် အလုပ်မရှိရင် အစိုးရဆီက အလုပ်လက်မဲ့ ထောက်ပံ့ငွေ (Unemployment Check) ဆိုတာရတယ်။ ဥရောပမှာတော့ လူရယ်လို့
ဖြစ်လာရင် ဆေးကုသခွင့် ရှိရမယ်ဆိုတဲ့ Universal Health Programs လူတိုင်းကို ဆေးကုပေးတဲ့ အစီအစဉ်တွေ ရှိတယ်။ အမေရိကားမှာတော့ ဆင်းရဲသူတွေအတွက် (Medaid) ဆိုတာနဲ့ အသက်ကြီးသူတွေအတွက် (Medicare) ဆိုတဲ့ အစီအစဉ်တွေ ရှိတယ်။ (ကျန်တဲ့သူတွေအတွက် ကတော့ အလုပ်ရှိရင် အလုပ်ရှင်ကပေး သို့မဟုတ် ပုဂ္ဂလိက ကုမ္ပဏီတွေဆီက ဆေးအာမခံ ဝယ်ရတယ်။) ဒီအစိုးရက ဦးစီးတဲ့ အစီအစဉ်တွေကို လိမ်ညာတောင်းတဲ့ သူတွေများ သလို အုပ်ချုပ်မှု အလွန်ညံ့ဖျင်းတာကြောင့် လေလွင့်မှုတွေ သိပ်များတယ်။ တချို့ပညာရှင်တွေက ၄၀%ကို ဖြုန်း ကြတယ်လို့ စွပ်စွဲထားတယ်။
အစိုးရဆိုတာက ကိုယ့်အိတ်ထဲကပေးရတဲ့ ကိုယ်ပိုက်ဆံ မဟုတ်တာကြောင့် အမြဲ ဖြုန်းတီးမှု ဆိုတာရှိတယ်။ ပါးစပ်က သာ ပြောကြတာ ဘယ်တော့မှ ကြပ်ကြပ်မတ်တ်မတ် မလုပ်ကြဘူး။ ဒါကြောင့် လူသားတို့ ရထိုက်တဲ့ အခွင့်အရေး (Entitlement) လို့သတ်မှတ်တဲ့ ဒီလို အစီအစဉ်တွေကို နိုင်ငံရေးသမား အများစုက မကိုင်ရဲကြဘူး။ အမှန်ကတော့
မဆလ စိတ်ဓါတ် အငယ်စားတွေပဲ။ ဒါကြောင့် အစိုးရတိုင်းဟာ အမြဲငွေလိုနေကြတယ်။ အကြွေးနဲ့ ပိသထက်ပိ
နေကြရတာပဲ။
၂၀၀၇ ခုနှစ်မှာ Wall St ကစလိုက်တဲ့ ငွေကြေးပြဿနာ (2007 Financial Crisis) ဖြစ်တော့၊ ဂလိုဘယ်လိုင်ဇေးရှင်း (Globalization) ကြောင့် အားလုံးငြိတွယ် ဆက်စပ်နေကြတယ်။ ဒါကြောင့် အမေရိကန် အစိုးရက ဦးဆောင်ပြီး ဝင်ကူမှဆိုပြီး ဒုက္ခတွေ့နေတဲ့ ဘဏ်တွေကို ငွေအလုံးအရင်းနဲ့ ဝိုင်းကူလိုက်ကြတာ နိုင်ငံအများစုက အကြွေးတွေ ပိနေလေရဲ့။
တခါ ကိန်းရှင်သီအိုရီ Keysian အရ စီးပွားရေး ကျဆင်းချိန်မှာ အစိုးရက ဝင်ကူရမယ်ဆိုတော့ အစိုးရတိုင်းလိုလို Stimulus လို့ ခေါ်တဲ့ အစိုးရငွေ ဈေးကွက်ထဲ ထည့်ပြီး မီးပူတိုက် လှုံ့ဆော်ပေးခြင်း ပြုလုပ်ကြပြန်တယ်။

ဘိုဘိုကျော်ငြိမ်း
| သောကြာနေ့၊ ဒီဇင်ဘာလ ၁၆
ရက် ၂၀၁၁ ခုနှစ် ၁၂ နာရီ ၁၃ မိနစ်
မဇ္ဈိမသတင်း
ဥရောပငွေကြေး ပြဿနာ (အပိုင်း ၁)
လတ်တလော အရေးပါလာတဲ့ ကမ္ဘာ့ပြဿနာတွေအထဲမှာ ရှေ့တန်းရောက်လာတာက ဥရောပ ငွေကြေးပြဿနာ
ဖြစ်တယ်။
အချို့ကလည်း ယူရိုပြဿနာလို့ ခေါ်ကြတယ်။ တချို့ကလည်း နိုင်ငံ့အကြွေး ပြဿနာ
(Sovereign Debt)လို့ အမည်တပ်ကြပြန်တယ်။ မည်သို့ပင် တပ်တပ် ဒီပြဿနာ
ကိုမဖြေရှင်းနိုင်ရင် တကမ္ဘာလုံး စီးပွားရေးနှေးကွေးမှု (Global
Slowdown) ဖြစ်မယ် ဒီကမှတဆင့် ကမ္ဘာ့စီးပွားရေးကပ် (Global Recession /
Depression) အထိ ကျဆင်းနိုင်တယ် ဆိုပြီး စိုးရိမ်သူတွေ ရှိကြတယ်။ ဒါကြောင့်
ဒီပြဿနာကို မရရအောင် ရှင်းရမယ်ဆိုပြီး ဥရောပခေါင်းဆောင်တွေက ဆုံးဖြတ်ထားပုံရတယ်။
အပေါ်ယံကြောကြည့်ရင်
ဒီဥရောပ ငွေကြေးပြဿနာဟာ စီးပွားရေးပြဿနာ သက်သက်လို့ မြင်နိုင်ပေမယ့် အဓိက
အခြေခံ အချက်တွေမှာ နိုင်ငံရေးပါရုံမက နိုင်ငံရေး အတွေးအခေါ်တွေပါ
ပါဝင်ပတ်သက်နေပြီး လူမျိုးနဲ့ နိုင်ငံတွေရဲ့ ယဉ်ကျေးမှုတွေပါ နွယ်ဝင်ရောယှက်
နေကြတာမို့ သပွပ်အူလို ရှုပ်ထွေးလျက်ရှိတယ်။ လူငယ်လေးတွေကို သတိ
ရှိစေချင်တဲ့ စေတနာနဲ့ ဒီဆောင်းပါးကို ရေးရတာပါ။ ဒါ့အပြင်
တိုင်းပြည်ထူထောင်ဖို့ တာဝန်ယူရမယ့် ယနေ့ လူငယ်လေးတွေကို ဒီက သင်ခန်းစာ
ယူစေချင်လို့ပါ။
ပြဿနာရဲ့အစ
ဒီဥရောပငွေကြေးပြဿနာရဲ့
အခြေခံက တကယ်တော့ နိုင်ငံရေးက စတာပါပဲ။ သို့သော် အားလုံး အောင်မြင်ပုံ
ရနေတဲ့ အချိန်၊ စီးပွားရေး တိုးတက်ပုံရနေတဲ့ အချိန်တွေမှာ ပြဿနာကို
မမြင်ကြဘူး။ အောက်ခြေအရင်းမှာ အက်ကြောင်း ရှိတာကို သတိမပြုခဲ့ကြဘူး။
ပြဿနာပေါ်လာမှ အက်ကြောင်းတွေက ထင်ရှားလာပြီး အန္တရာယ်က စိမ့်ဝင်လာတာကိုး။
ခုတော့ နောက်လည်းမဆုတ်နိုင်၊ ရှေ့လည်းမတိုးသာ၊ မအီမလည် အခြေဆိုက်ရတာပါပဲ။
ဒုတိယ
ကမ္ဘာစစ်ကြီးအပြီးမှာ ဂျာမဏီနဲ့ ပြင်သစ် ပူးပေါင်းရောင်းရွက်ကြရင်းက
တိုးချဲ့လာပြီး အီးယူ (European Union) ဆိုတာပေါ်လာရတယ်။ ဒီကတဆင့် Monetary
Union လို့ခေါ်တဲ့ ဥရောပနိုင်ငံများ အတွင်း ငွေကြေးပေါင်းစီးမှု
ပြုကြရအောင်ဆိုပြီး ဥရောပ ပိုက်ဆံ ငွေသား (ယူရို) Euro ကို
တည်ထောင်ခဲ့ကြတယ်။ နိုင်ငံအားလုံး မပါကြတာကြောင့် ယူရိုသုံးဒေသ (Euro Zone)
လို့ပဲ သတ်မှတ်နိုင်ခဲ့တယ်။ အင်္ဂလန် (UK) နဲ့ နော်ဝေး (Norway) တို့လို
နိုင်ငံတွေက အီးယူမှာပါပေမယ့် ယူရိုမှာ မပါခဲ့ကြဘူး။
ဥရောပနိုင်ငံတွေ
အားလုံးရဲ့ ထွက်ကုန် (GDP)ကို ပေါင်းလိုက်ရင် အမေရိကန် (GDP) နဲ့
နည်းနည်းသာ တယ်။ ဒါကြောင့် အီးယူခေါင်းဆာင် တချို့က အမေရိကန်နဲ့
ပြိုင်နိုင်ပြီလို့ စိတ်ကူးယဉ်ခဲ့ကြတယ်။ တချိန်က ကိုလိုနီဘဝမှာ
ထင်ရာစိုင်းနိုင် ခဲ့တဲ့ဘဝကို မေ့မရနိုင်ဘဲ နောက်ပေါက် အမေရိကန် အနောက်မှာ
ကျုံ့ကျုံ့လေး နေရတာကို မချိတင်ကဲ မခံနိုင်ကြဘူး။
ကမ္ဘာမှာ နံပတ် (၁)
ဖြစ်ချင်ကြသေးတယ်။ သို့သော် ပြဿနာက အီးယူ ဆိုတာက နိုင်ငံရေးအရ စုပေါင်း
ဖွဲ့စည်း ထားတဲ့ (Political Union) ၊ တနိုင်ငံတည်း မဟုတ်။ လွပ်လပ်သော
နိုင်ငံတည်ရှိမှု အခွင့်အရေး (Sovereign Rights) ကို စွန့်လွှတ်လိုခြင်း
မရှိသော နိုင်ငံများ ပေါင်းစီးထားတဲ့ နိုင်ငံများ အထက်က (Supra National
Entity) နိုင်ငံစုံအဖွဲ့အစည်း သာလျှင် ဖြစ်တယ်။ ကုလသမဂ္ဂလို နိုင်ငံစုံ
အဖွဲ့အစည်းသာလျှင် ဖြစ်တယ်။ ဗဟိုအာဏာ (Central Authority) မရှိသည့်အတွက်
အလုပ်မဖြစ်။
ဥရောပနိုင်ငံ ခေါင်းဆောင်တွေက မိမိတို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Sovereign Rights) ကိုလည်း မစွန့်လွှတ်ချင်ပေါင်းစည်းမှုကရမယ့်
အမြတ်နဲ့ အကျိုးကိုလည်း လိုချင်ကြတော့ နိုင်ငံရေး ပေါင်းစည်းမှု မပါတဲ့
စီးပွားရေး ပေါင်းစည်း မှု ကို ဖေါ်ထုတ်လာကြတာပါပဲ။ လှေနံ နှစ်ဘက်နင်းဖို့
ကြိုးစားကြတာ။
နိုင်ငံတိုင်းရဲ့ စီးပွားရေးပြဿနာ
နိုင်ငံတိုင်းမှာ
စီးပွားရေး အတက်အကျ ဆိုတာရှိတာပဲ။ နိုင်ငံတိုင်းမှာ နိုင်ငံအတွင်း
သုံးစွဲကြတဲ့ (ငွေစက္ကူ) ရှိရင် လုပ်ပိုင် ခွင့် ရှိတဲ့ အာဏာရှိတဲ့
အစိုးရနဲ့ ဗဟိုဘဏ်ဆိုလည်း ရှိကြပါတယ်။ နိုင်ငံတိုင်းမှာ အစိုးရက ဘတ်ဂျက်
သုံးငွေ ကို ကိုင်ပြီး (ငွေကြေး) ပေါ်လစီ Fiscal Policy ကို ကိုင်ရသလို
ဗဟိုဘဏ်က မိမိငွေစက္ကူအတွက် လိုအပ်ရင် ငွေစက္ကူ ထပ်ရိုက်၊ ဒါမှမဟုတ်
ဘဏ်အတိုးကို ကစား၊ ဒါမှမဟုတ် မိမိငွေစက္ကူကို ဈေးချပြီး မိမိနိုင်ငံရဲ့
ငွေစက္ကူဈေး တည်ငြိမ် ရအောင် (ငွေသား) ပေါ်လစီ Monetary Policy ကို
ဖေါ်ထုတ်ရပါတယ်။ မိမိအစိုးရက ငွေမနိုင် ငွေမ လောက်ဘူး ဆိုရင် IMF
(International Monetary Fund) က ငွေချေးလို့ ရပါတယ်။
အီးယူမှာ
အီးစီဘီ (ECB) လို့ခေါ်တဲ့ ဥရောပ ဘဏ်ရှိပေမယ့် ယူရိုကို အားလုံးက
သုံးသည်မဟုတ်။ ယူရိုကို လက်ခံ သုံးစွဲတဲ့ နိုင်ငံတွေဟာ လွပ်လပ်တဲ့
နိုင်ငံတွေ ဖြစ်ကြတာကြောင့် မိမိကိုယ်ပိုင် အစိုးရတွေ ကိုယ်စီရှိကြပြီး
ကိုယ်ပိုင် တိုးတက်မှုအတွက် ဆောင်ရွက်ကြရင်း ကိုယ်ပိုင် ဘတ်ဂျက်ကိုယ်စီ
ရှိကြပါတယ်။ အများ သဘောတူညီချက် အရ မိမိနိုင်ငံရဲ့ ဘတ်ဂျက်လိုငွေဟာ
ထုတ်ကုန် (GDP) ရဲ့ သုံးရာခိုင်နှုန်းထက် မပိုရဆိုတဲ့ ကန့်သတ်ချက်
ရှိကြပေမယ့် မည်သူမျှ အသေးစိတ် မလိုက်နာကြပါ။ ဒါ့အပြင် စီးပွားရေး
အခက်ကြုံခဲ့သော် ကစားနိုင်တဲ့ Monetary Policy မရှိကြတော့ပါ။ ဒါ့ကြောင့်
လက်တဘက်တည်းနဲ့ ရေမနစ်ရန် ရေကူးကြရပါတော့တယ်။
ပြဿနာ နှစ်ခုပေါင်းထားသော ပြဿနာ
တကယ်က ယနေ့ ဥရောပ ရင်ဆိုင်နေရတဲ့ ပြဿနာဟာ နိုင်ငံတချို့ရဲ့ ငွေချေး(အကြွေး) (Sovereign Debt)ပြဿနာက ယူရိုငွေကြေးကို ဒုက္ခလာပေးတဲ့ ပြဿနာဖြစ်ပါတယ်။ နိုင်ငံတခုမှ နောက်နိုင်ငံ တခုကို ရောဂါကူးတဲ့ပြဿနာ
ဖြစ်ပါတယ်။ တနိုင်ငံရဲ့ ပြဿနာနဲ့ နောက်တနိုင်ငံတို့ရဲ့ ပြဿနာချင်း
မတူကြပါဘူး။ ဥရောပ နိုင်ငံချင်း တူသော်ငြားလည်း ယဉ်ကျေးမှုချင်း မတူကြပါ၊
အများအားဖြင့် ဆင်းရဲတဲ့ (တောင်ပိုင်း) နိုင်ငံများရဲ့ ပြဿနာကို
ပိုချမ်းသာတဲ့ မြောက်ပိုင်းနိုင်ငံများက ဝင်ကူရခြင်း ဖြစ်ပါ တယ်။
ပြဿနာရှိတဲ့ နိုင်ငံတွေကတော့ ပေါ်တူဂီ၊ အိုင်ယာလန်၊ ဂရိနဲ့ စပိန်
တို့ဖြစ်ကြပါတယ်။
ပြဿနာက အီတလီကို ကူးစက်နေပါပြီ။ ပြင်သစ်ပါ
စိတ်မချရတော့ဟု ဆိုသူတွေက ဆိုကုန်ကြပြီ။ အီတလီဟာ ဥရောပမှာ တတိယအကြီးဆုံး
စီးပွားရေး နိုင်ငံဖြစ်ပါတယ်။ ၂ဝဝ၇ ငွေကြေး စီးပွားရေး ကပ်ဆိုက်စဉ်က
ကုမ္ပဏီတခု ပျက်ပြီဆိုရင် တောက်လျှောက် နိုင်ငံတကာ ကုမ္ပဏီတွေ ဆက်တိုက်ပျက်ကာ
လူတွေ အလုပ်ပြုတ်နိုင်တဲ့ အတွက်နိုင်ငံတွေက Too Big to Fail
ကြီးလွန်းတဲ့ အတွက် အပျက်မခံနိုင်ဆိုပြီး ဝင်ကယ်ခဲ့ကြတယ်။ အခုတော့ ကုမ္ပဏီ
မဟုတ်တော့ တိုင်းပြည်ကိုယ်နှိုက်က ပျက်စီးကိန်း ကြုံကြရတဲ့အတွက် Too Big To
Bail၊ ကယ်ရန်ကြီးလွန်းတယ်လို့ ဆိုကြရပါပြီ။
ဥရောပတို့ရဲ့ နိုင်ငံရေး အတွေးအခေါ်
စီးပွားရေး
အကြောင်း မဆွေးနွေးခင် နိုင်ငံရေး အတွေးအခေါ် ကွာခြားကြပုံကို
အရင်ဆွေးနွေးပါရစေ။ အရင်းရှင် စနစ်ကို ဖေါ်ဆောင်ကြတယ် ဆိုပေမယ့် နိုင်ငံရေး
အတွေးအခေါ်အပေါ် မူတည်ပြီး စီးပွားရေး ဖေါ်ဆောင်ချက်တွေက ခြားနားကြပါတယ်။
အမေရိကန်ရဲ့
စီးပွားရေးပေါ်လစီ အဓိကကျတာက Consumerism လို့ခေါ်တဲ့ (သုံးစွဲသူ)
အပေါ်မှီခိုသလို စီးပွားရေး တိုးတက်မှု (Growth) အပေါ် မူတည်ပါတယ်။ ဥပမာ
အမေရိကန် စီးပွားရေးဟာ သူ့ပြည်တွင်း စားသုံးသူအပေါ် သုံးပုံနှစ်ပုံ
အားယူထားတယ်။ တချိန်တည်းမှာ မိမိတို့ရဲ့ စီးပွားရေးဟာ တိုးတက်မှု (Growth)
အပေါ် အခြေခံတဲ့ အတွက် စီးပွားရေး ပြဿနာဖြစ်လာရင် တိုးတက်မှု (Growth) နဲ့ပဲ
ဖြေရှင်းတာပဲ။
အမေရိကန် စီးပွားရေးဟာ Laissez-faire
စီးပွားရေးလို့ခေါ်တဲ့ အနှောင့်အယှက် အနည်းဆုံး၊ အလွတ်လပ်ဆုံး စီးပွားရေး
ဖြစ်သော်လည်း ကြင်နာမှု အနည်းဆုံးလို့ ဆိုနိုင်တယ်။ လူတိုင်းကိုယ့်
တာဝန်ကိုယ်ယူကြ၊ ပုဂ္ဂလိကနယ်ပယ် (Private Sector) ကပဲ
တာဝန်ယူကြလိမ့်မယ်။ အစိုးရက ဝင်မရှုပ်ဆိုတဲ့ နိုင်ငံရေး အတွေးအခေါ်ကို အများက
လက်ခံကြတယ်။ ဒါကြောင့် Universal Health ဆိုတဲ့ နိုင်ငံသားတိုင်းရဲ့
ဆေးကုသပိုင်ခွင့် ရှိတယ်ဆိုတာ မရှိဘူး။ အစိုးရကို မမှီခိုနဲ့ အစိုးရ
ဝေးဝေးနေ ဆိုတဲ့ အယူကို လက်ခံကြတယ်။ အစိုးရက ထိန်းကွပ်မှု အနည်းဆုံး
စနစ်လို့ ငြင်းချက် ထုတ်နိုင်တယ်။
ဥရောပ နိုင်ငံတွေက ပိုဆိုရှယ်လစ်
ဆံတယ်။ ဆိုရှယ်လစ်ပန်းတိုင်ကို ဒီမိုကရေစီဘောင်အတွင်းက သွားမယ်ဆိုတဲ့
အတွေးအခေါ်နဲ့ ပိုနီးစပ်ကြတယ်။ စကင်ဒီနေးဗီးယန်း နိုင်ငံတွေဖြစ်ကြတဲ့
ဆွီဒင်၊ နော်ဝေး၊ ဒိန်းမတ် တို့လို နိုင်ငံတွေမှာဆိုရင် Womb to Tomb
လို့ခေါ်တဲ့ အမေ့ဗိုက်ဆီမှ သင်္ချိုင်းကုန်းအထိ အစိုးရက တာဝန်ယူမယ်ဆိုတဲ့
ဆိုရှယ် ဒီမိုကရက်တစ် အတွေးအခေါ်နဲ့ အစိုးရက တာဝန်ယူကြတယ်။ ဒါကြောင့် ဥရောပ
နိုင်ငံတွေမှာ အစိုးရ အများစုက အထိန်းအကွပ်များပြီး အခွန် (Tax) က
ပိနေတာကြောင့် Growth တိုးတက်မှုကနှေးတယ်။ သို့သော် ဆင်းရဲ၊ ချမ်းသာ
ညီမျှမှုက ပိုမျှတတယ်လို့ ငြင်းချက် ထုတ်နိုင်ပြန်တယ်။ အလုပ်သမား အဖွဲ့အစည်း
(Unions) တွေက အင်အား ကြီးမားကြပြီး ရပိုင်ခွင့်တွေ
ပိုတောင်းနိုင်တာကြောင့် အစစအရာ ဈေးကြီးတယ်။ စီးပွားရေး လုပ်ရတဲ့
စရိတ်ကြီးတယ်။
ဂရိပြဿနာ
အခု
အထင်အရှားဆုံး ဂရိနိုင်ငံရဲ့ ပြဿနာကို ကြည့်ကြရအောင်။ ဂရိနိုင်ငံဟာ ၁၉၆ဝ
ခုနှစ် နောက်ပိုင်းတွေမှာ စစ်အာဏာရှင်ဘဝက လွတ်မြောက်လာပြီး
သူ့ရဲ့တိုးတက်မှုဟာ တခြားမြောက်ပိုင်းနိုင်ငံက စီးပွားရေးတွေလို တိုးတက်မှု
မရှိလှဘူး။ သို့ပေမယ့် ဥရောပသားတွေပီပီ အလုပ်သမား အခွင့်အရေးကို
ကောင်းကောင်း တောင်းဆို တတ်ကြပြီး အစိုးရ အဆက်ဆက်ကလည်း အများအလိုကျ
လိုက်လျောရင်း နောက်ဆုံး ပုဂ္ဂလိက နယ်ပယ်က အလုပ်သမားထက် အစိုးရ
အလုပ်သမားတွေက ပိုများရတဲ့ ဘဝရောက်ကြရတယ်။ ဖြည်းဖြည်းလုပ်၊ နည်းနည်းလုပ်၊
များများတောင်းကြပေါ့၊ ယူရိုရဲ့ လုံခြုံမှု အရိပ်ခိုလိုက်ကြတော့ (ငွေချေး)
နိုင်အားက တက်လာတာပေါ့။ ဒီမှာတင်အစိုးရ အဆက်ဆက်က ဝမရှိဘဲ ဝိလုပ် ငွေချေးပြီး ခံစားမှုတွေကို ပြည့်ပြည့်ဝဝကြီး စံစားလာလိုက်ကြတာ ကြာလှ ပြီပေါ့။
ဂရိမှာ
အသက် ၅ဝ ကျော်ကျော်နဲ့ ပင်စင်အပြည့် ယူနိုင်တယ်လို့
စွပ်စွဲကြသူတွေရှိတယ်။ ဆေးဖိုးဝါးခက Universal Health စနစ်အရ
မိမိတာဝန်မယူရ။ ဒီ့အပြင် အဖေအမေရဲ့ ပင်စင်ကို သားသမီးတွေက အတိုင်းအတာ
တခုအထိ အမွေ ဆက်ခံနိုင်တယ်။ လောက နိဗ္ဗာန်ပေပဲပေါ့။ အစိုးရ အဆက်ဆက်က
ညာခဲ့ကြရုံမက အမေရိကန် ရင်းနှီးမှုဘဏ် (Investment Banks) တွေက (ချေးငွေ)ကို ဝင်ငွေ (Income) အဖြစ်ပြနိုင်အောင် ဝိုင်းလိမ်ညာ ပေးကြတယ်။နောက်ဆုံး George Papandreou ဂျော့ ပါပန်ထရီရို လက်ထက်ရောက်တော့မှ ဖင်မနိုင် ခေါင်းမနိုင်ဖြစ်ပြီး ကယ်ကြပါ ထအော်ရတာပဲ။
ဂရိ ပြဿနာက ယူရိုပြဿနာ ဖြစ်လာ
ဂရိရဲ့ပြဿနာက
ချေးငွေတွေက ထုတ်ကုန် GDP ထက်များတယ်။ ဒါကြောင့် လူ့သဘာဝအရ အကြွေးက
လည်ပင်း ထိနေပြီး ဝင်ငွေကလည်း မလောက်မငဖြစ်ရင် ဘယ်သူငွေချေးချင်ကြမှာလဲ။
ဒီတော့ စိတ်ချရအောင် အတိုးများများတောင်းတော့ အတိုးနှုန်း တက်လာတာပေါ့။
အတိုးနှုန်း ခုနှစ်ရာခိုင်နှုန်းရောက်တော့ အတိုးပေးရတာများပြီး ဝင်ငွေ
ထွက်ငွေ မမျှတော့တာမို့ ရေရှည် မထိန်းနိုင်တော့။ မတတ်နိုင်တော့ရင်
ဂရိနိုင်ငံဟာ အကြွေးရှင်တွေကို အကြွေး
ပြန်ဆပ်နိုင်တော့ ကတိပျက်ရင် မည်သူမှ (အယုံအကြည်ရှိ) တော့မှာမဟုတ်။
ဂရိဟာ
သူ့ငွေစက္ကူနဲ့သူဆိုရင် ပြဿနာမရှိ။ အခုတော့ ဂရိက ယူရိုနယ်ပယ်ဝင် တဦး။
ဒါ့ကြောင့် ယူရို အပေါ်မှာ လူတွေ အယုံအကြည် ပျက်လာရင် ယူရိုကို အခြေခံပြီး
အရောင်းအဝယ် မလုပ်နိုင်တော့။ ဒါဆို ဂျာမဏီတို့လို စီးပွားရေး တောင့်
တင်းတဲ့ နိုင်ငံတွေ နိုင်ငံသေးတခုရဲ့ စီးပွားရေး မနိုင်နင်းမှုကြောင့်
ကျန်နိုင်ငံတွေအားလုံး ဒုက္ခ တွေ့ကြရတော့မယ်ဆိုပြီး ပြင်သစ်နဲ့ ဂျာမဏီတို့
ဦးဆောင်ကာ ဂရိကို ငွေချေးကြရတော့တယ်။ ဥရောပ ဗဟိုဘဏ် ECB က
ဘယ်လိုနည်းနှင့်မှ ဂရိနိုင်ငံကို ကတိအပျက် Default အဖြစ် မခံနိုင်ဆိုတဲ့
အတွေးအခေါ်ကို (ဆွဲကိုင်) ထားတယ်။ ဂရိနိုင်ငံကလည်း ယူရိုသုံးတဲ့
နိုင်ငံအုပ်စု ဝင်ဖြစ်တာကြောင့် Monetary ငွေသား ပေါ်လစီ သုံးပြီး
ဖြေရှင်းခွင့် မရှိရှာဘူး။
အကန့်အသတ် မကင်းတဲ့ကူညီငွေ
ယူရိုဇုံ
အဖွဲ့ဝင်ဖြစ်နေတာကြောင့် အီးယူအဖွဲ့ဝင်တွေ ငွေစုပြီး ဂရိကို ဝင်ကူကြရတယ်။
အဓိက ငွေထည့်ရတာကတော့ ဥရောပမှာ အချမ်းသာဆုံး ဂျာမဏီပါပဲ။ ငွေချေးတယ်
ဆိုပေမယ့် အလကား ချေးလို့တော့ ဘယ်ရပါ့မလဲ။ ပိုလျှံနေတဲ့ အစိုးရ
အလုပ်သမားတွေ လျော့ရမယ်။ ခံစားခွင့်တွေ လျော့ချရမယ်။ အစိုးရပိုင်
ပိုင်ဆိုင်မှုတွေရောင်းပြီး ငွေဖေါ်ရ မယ်၊ အခွန် (Tax) တိုးကောက်ရမယ် ဆိုတဲ့
ကန့်သတ်ချက်တွေ ပါလာတာပေါ့။ ထုံးစံအတိုင်း ခံစားမှုတွေနဲ့ ပျက်စီး
နေတဲ့ ဘသားချော ဂရိတွေက ဘယ်ကျေနပ်ကြပါ့မလဲ။ ဆန္ဒပြလိုက်ကြတာ သောက်သောက်လဲပဲ။
ပိုဆိုးတာက
ဒီလို ခါးစီးခံရတဲ့ အပြုအမူတွေ ပြုရတော့၊ အစိုးရ ဝင်ငွေကျလာပါတယ်။ ဥပမာ
လူတွေကို အလုပ်ဖြုတ် ရလို့ အခွန်ပေးသူတွေ လျော့သွားရင် ကောက်ခံလို့ရတဲ့
အခွန်ဝင်ငွေ ကျဆင်းသွားပါတယ်။ တချိန်တည်းမှာ စီးပွားရေး ကျတော့ လူတွေ
ထပ်အလုပ်ပြုတ်၊ အခွန် ပေးနိုင်သူတွေ လျော့လာ၊ အခွန်တိုးကောက်တော့ လူတွေက
မကျေနပ်ကြ၊ လမ်းပေါ်ထွက်ပြီး ဆန္ဒထပ်ပြကြတော့ ဂရိ စီးပွားရေးကို
ယုံကြည်မယ့်သူတွေ လျော့လာ၊ တိုင်းပြည် မတည်ငြိမ်တော့ ခရီးသွားတွေ အလာနည်း၊
စီးပွားရေး ပိုထိခိုက်နဲ့ ဂျာအေး သူ့အမေရိုက်သလို ရွာလည်နေရပြန်ရော။
ထပ်ကူကြပါဦးဗျို့
ကူညီငွေမှာ
ဥရောပရဲ့ အချမ်းသာဆုံး ဂျာမဏီက ငွေအများဆုံး ထည့်ရတယ်။ ဂျာမန်အများစုက
မကျေနပ်ကြဘူး။ ဟုတ်တယ်လေ၊ ဂရိတွေ သုံးဖြုန်းပြီး အသုံးမကျတာနဲ့ ဂျာမန်တွေ
အနစ်နာခံရမယ်ဆိုတော့ ဘယ်တရားမျှတပါ့ မလဲ။ ဂရိတွေဟာ ရာသီဥတု
ညီမျှကောင်းမွန်တာကြောင့် ဖြည်းဖြည်းဆေးဆေး အေးအေးသက်သာ နေတတ်ကြ တယ်။
ဂျာမန်တွေ
စည်းကမ်းရှိတာကိုတော့ အနည်းငယ် တင်ပြပါရစေ။ ယေဘုယျအားဖြင့် ဥရောပမှာ
အလုပ်သမား အဖွဲ့အစည်း (Union)တွေဟာ လူတန်းစား စိတ်ဓါတ်နဲ့ကြည့်ပြီး အမြဲ
အခွင့်အရေးကို တောင်းဆိုနေကြတယ်။ပြင်သစ်မှာ ဆို တပတ်ကို အလုပ်ချိန် ၄ဝ နာရီအောက် ၃ဝ ကျော်ကျော် ရောက်သွားပြီ။ မားဂရက်သက်ချာခေတ်မတိုင်ခင်က
အင်္ဂလန်မှာ အားရင် ဆန္ဒချည်းပြနေကြတာမို့ တိုင်းပြည် စီးပွားရေး
ထိခိုက်ခဲ့ရတယ်။ မာဂရက် သက်ချာက ခပ်ပြတ်ပြတ် ကိုင်လိုက်မှ သမဂ္ဂ (Unions)
တွေ ဝပ်သွားတာ။ ဒီနှစ် ၂ဝ၁၁ မှာလည်း၊ သူများတွေက အလုပ်မရှိကြဘူး ဘီအေ၊
အင်္ဂလိပ် လေကြောင်းက အလုပ်သမားတွေက အခွင့်အရေးရတာ မကျေနပ်လို့တဲ့ ဆက်တိုက်
ဆန္ဒပြနေလေရဲ့။ စီးပွားရေး ဒုက္ခတွေ့လို့ ခြိုးခြံခါးစည်းခံရပြီဆိုရင်
ယူနီယမ် တွေ ထကြွကုန်ပြီပဲ။
ဂျာမန် အလုပ်သမားနဲ့ အလုပ်သမား
အစည်းအရုံး ခေါင်းဆောင်တွေက အင်္ဂလိပ်တွေလို မဟုတ်ကြ။ စည်းကမ်း ရှိကြတယ်။
ကမ္ဘာ့စီးပွားရေး ဒုက္ခရောက်တာသိတော့ အလုပ်သမား ခေါင်းဆောင်တွေနဲ့ အစိုးရ၊
နိုင်ငံရေးသမားတွေ နားလည်မှုယူပြီး ဂျာမန် အလုပ်သမားထုနဲ့ စီးပွားရေး
အဆောက်အအုံတွေကို ပြန်တည်ဆောက်ကြတယ်။ ဂျာမန်တွေဟာ အမေရိကန်နဲ့
တခြားနိုင်ငံတွေမှာလို ပညာတတ်ကိုပဲ အဓိကထား မမွေးဘူး။ လူတိုင်းတက္ကသိုလ်
သွားရမယ်လို့ မယုံကြည်ကြဘူး။ အရည်အချင်းပြည့်တဲ့ အလုပ်သမားတွေ
လိုအပ်တယ်ဆိုတာကို သဘောပေါက်
ကြတယ်။ ဒါကြောင့် စက်မှုလက်မှု ကျောင်းတွေကိုလည်း အရေးပေးကြတယ်။ ဥပမာ မြန်မာနိုင်ငံနဲ့ နှိုင်းယှဉ်ပြောရရင်
စက်မှုတက္ကသိုလ်ကိုပဲ ဦးစားမပေးဘူး၊ ဂျီတီအိုင်တို့၊ နတ်မောက် စက်မှုလက်မှု
ကျောင်းတွေလိုမျိုးကိုလည်း အလေးပေး ပြုစုပျိုးထောင်ပေးတယ်။
စီးပွားရေးအဆင့်မြင့်လာရင် တိကျတဲ့ တွင်ခုံ (Precision Tooling) တွေ လိုလာပါတယ်။ ဥပမာ ရေငုပ် သင်္ဘောတွေ၊ လေရဟတ် (Wind Turbines) တွေ တည်ဆောက်တာတွေ၊ ကားဘော်လီတို့ကို ဖြတ်ရာမှာ ဒီလို တွင်ခုံတွေကို
သုံးရပါတယ်။ ဒီလိုကိရိယာတွေကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်နိုင်ဖို့
အရည်အချင်းမြင့် လုပ်သားတွေ လိုအပ် ပါတယ်။ ဒီ Precision Tooling နယ်ပယ်မှာ
ဘယ်သူမှ ဂျာမန်တွေကို မမှီပါ။ ဂျာမန်တွေဟာ စည်းကမ်းအပြင် စနစ်ကျမှု
သေသပ်မှုဟာလည်း သူတို့ရဲ့ ယဉ်ကျေးမှု တရပ်ပါပဲ။ ဒါကြောင့် ကမ္ဘာမှာ ဂျာမန်
ကားတွေဟာ နံမည်ရ အရောင်းသွက်ပါတယ်။ ဒါ့ကြောင့်လည်း ကမ္ဘာမှာ
နိုင်ငံအများစုဟာ စီးပွားရေး အခက်အခဲ တွေကြုံနေကြရချိန်မှာဂျာမန် စီးပွားရေးက တိုးတက်လျက်။ ပို့ကုန် (Export) ကလည်း တိုးပွားလျက်။
ဂျာမန်ပြည်သူ
အများစုက ဂရိကိုကူတာကို မထောက်ခံတဲ့အတွက် ဂျာမန်ဝန်ကြီးချုပ် မာကယ်
(Merkel) ဟာ ပထမပိုင်း မှာ သိပ်စိတ်အားမထက်သန်ခဲ့ဘူး။ ဒါပေမယ့်
ဂရိအစိုးရမှာ ဘတ်ဂျက် ပြတ်လုနီးပါး ဒုက္ခနဲ့ ရင်ဆိုင် ခဲ့ရတယ်။ အလုပ်သမားတွေ
လစာပေးစရာ ငွေမရှိရင်၊ ဘဏ်တွေလည်း ငွေထပ် မဖြည့်နိုင်ရင်၊ အေတီအမ် (ATM)
machine တွေ ဆီက ငွေမထုတ်နိုင်တော့ရင်၊ ဂရိတနိုင်ငံလုံး စီးပွားရေး
ရပ်သွားနိုင်တယ်။ ဒါဆို ယူရိုပါ အယုံအကြည် မရှိဖြစ်လာရင် ဂျာမဏီရဲ့
စီးပွားရေးပါ ထိတော့မယ်။ အတိုးနှုန်းတွေတက်တာနဲ့ ပြည်သူတွေရဲ့ ကားကြွေး၊
အိမ်ကြွေး၊ အကြွေးတွေ တက်လာရင် ပြည်သူတွေ အော်လာကြလိမ့်မယ်။ ကူးစက်ပြီး
တကမ္ဘာလုံး စီးပွားရေးကပ် ဆိုက်နိုင်တယ်။ ဒါကြောင့် ဂရိကို အားလုံး
ဒုတိယအရစ် ဝိုင်းကူကြရတာ။
ဘိုဘိုကျော်ငြိမ်း
|
သောကြာနေ့၊ ဒီဇင်ဘာလ ၁၆ ရက် ၂၀၁၁ ခုနှစ် ၁၂ နာရီ ၁၃ မိနစ်
မဇ္ဈိမသတင်း
Subscribe to:
Comments (Atom)