Wednesday, February 29, 2012

လွိုင်ကော်တွင် ပထမဆုံးအကြိမ် အလုပ်သမား အခွင့်အရေးဆိုင်ရာ သင်တန်းပို့ချ

ကရင်နီလူငယ်အဖွဲ့ကဦးဆောင်ပြီး အလုပ်သမားအခွင့်အရေးဆိုင်ရာအမြင်ဖွင့် သင်တန်းကို ကရင်နီပြည်နယ် လွိုင်ကော်မြို့မှာ ပထမဦးဆုံးအကြိမ်ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ “အလုပ်သမားဆိုင်ရာ အခွင့်အရေးနဲ့ ပတ်သက်ပြီး ကရင်နီပြည် အတိုင်းအတာနဲ့ဆိုရင် အများကြီးအမြင်ဖွင့် ပေးဖို့ လိုပါအုံးမယ်။ သူတို့မှာ ဘယ်လို အခွင့်အရေးတွေ ရှိနေတယ်။ ဘယ်လို ကျင့်သုံးလို့ရနေတယ်ဆိုတာကို အများကြီးချပြဖို့ လိုနေပါသေးတယ်။ အခု ကျနော်တို့က ဥပဒေကို ပြန်သုံးသပ်ပြီး အခွင့်အရေးတွေ ထောက်ပြတော့ သူတို့ တော်တော် အံ့သြတယ်” လို့ အလုပ်သမားအခွင့်အရေးဆိုင်ရာ သင်တန်းဆရာချိန်ခွင် က ပြောပါတယ်။

တိုင်ရီပဋိပက္ခ ဝါဏိဇ္ဇခုံရုံး ဆုံးဖြတ်ချက် ချတော့မည်

ချင်းမိုင် (မဇ္ဈိမ) ။       ။ ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်ရှိ တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားများ၏ အခြေခံ ရပိုင်ခွင့် တောင်းဆိုချက်များအား ဝါဏိဇ္ဇပဋိပက္ခဖြေရှင်းရေး ကော်မတီက ကြာသာပတေးနေ့တွင် ဆုံးဖြတ်ချက်ချ မည်ဟု အလုပ်သမားများကို ကူညီပေးနေသည့် ကိုဖိုးဖြူက မဇ္ဈိမကို ပြောသည်။

လှိုင်သာယာမြို့နယ် အလုပ်သမားရုံးတွင် ခုံရုံးဖွဲ့ကာ အလုပ်ရှင် အလုပ်သမား သက်သေခံချက်များ တင်သွင်းခြင်း၊
မေးမြန်စစ်မေးခြင်း၊ ပြန်လှန်စစ်မေးခြင်းများကို ဝါဏိဇ္ဇပဋိပက္ခ ခုံရုံးကော်မတီက ဗုဒ္ဓဟူးနေ့တွင် ဆောင်ရွက်ခဲ့သည်။

"မနက်ဖြန်တော့ အမိန့်ချဖြစ်လိမ့်မယ်လို့ ဝါဏိဇ္ဇပဋိပက္ခ ခုံရုံးကော်မတီ ဥက္ကဋ္ဌ ဦးစောစိုးတင့် ကနေပြီးတော့
ညွှန်ကြားတယ်ဗျာ။ ကျနော်တို့က အဲဒီအမိန့် ဘာများဖြစ်လာမလဲလို့ စောင့်နေတယ်။ ဒီခုံရုံးရဲ့ ဆုံးဖြတ်ချက်တွေ အကောင်းဆုံးဖြစ်မယ်လို့ မျှော်လင့်ပါတယ်" ဟု ကိုဖိုးဖြူက ပြောသည်။
taiye2
အလုပ်သမား ၁၈၀၀ ကျော်၏ ဆန္ဒပြခြင်းခံနေရသော လှိုင်သာယာ စက်မှုဇုန်ရှိ တိုင်ရီ ဖိနပ်စက်ရုံအား ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့က တွေ့မြင်ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)

ဗုဒ္ဓဟူးနေ့ စစ်ဆေးကြားနာမှုကို အလုပ်သမား ကိုယ်စားလှယ် ၄၅ ဦး အပါအဝင်၊ ရှေ့နေများဖြစ်သည့်
ဒေါ်အေးအေးကြည်၊ ဒေါ်အိဖြူလွင်တို့ တက်ရောက်ခဲ့ပြီး အလုပ်ရှင်ဘက်မှလည်း ရှေ့နေနှစ်ဦးနှင့် မန်နေဂျာများ၊ စာရင်းကိုင်တို့ တက်ရောက် လျှောက်လဲခဲ့ကြသည်။

တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားများသည် လုပ်ခ တနာရီလျှင် ၁၅ဝ ကျပ်၊ ရက်မှန်ကြေး ၈,ဝဝဝ ကျပ် ပေးရေး အပါအဝင် အခြား လူမှုဖူလုံရေးနှင့် လုပ်ငန်းခွင် သာယာရေး တောင်းဆိုချက်များကို ဖေဖေါ်ဝါရီလ ၆ ရက်နေ့တည်း က တောင်းဆိုထားသော်လည်း အလုပ်ရှင်မှ လိုက်လျောခြင်းမရှိသည့်အတွက် ဝါဏိဇ္ဇပဋိပက္ခကော်မတီ ခုံရုံးသို့ ၂၂ ရက်နေ့တွင် တင်သွင်းလျှောက်ထားခဲ့ကြခြင်း ဖြစ်သည်။

ထိုကာလအတွင်း အလုပ်သမားများ ဗုဒ္ဓဟူးနေ့မှစ၍ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက် အလုပ် လုပ်နေကြသည်ဟု လည်း သိရသည်။

အလုပ်သမားများဘက်မှ တောင်းဆိုချက်များတွင် ရက်ပျက်ကြေး မဖြတ်တောက်ရန်၊ လုပ်ငန်းခွင်အတွင်း ဖိနပ်များ မတော်တဆ ပျက်စီးပါက လစာငွေ ဖြတ်တောက်ခြင်း မပြုရန်၊ သောက်ရေ လုံလောက်စွာ ပေးရန်၊ အလုပ်သမား အယောက် ၅ဝ ကို အိမ်သာတလုံးကျ ထားပေးရန်တို့ကိုလည်း တောင်းဆိုထားကြသည်။

တိုင်ရီ စက်ရုံမှ အလုပ်သမားများသည် မိမိတို့၏ ဆုံးရှုံးနစ်နာမှုမျာကို တင်ပြတောင်းဆိုနိုင်ရန် ဗုဒ္ဓဟူးနေ့တွင် ၄၅ ဦး ခေါင်းဆောင်သည့် အလုပ်သမား ယာယီဦးဆောင်ကော်မတီကိုလည်း အဖွဲ့ဝင် ၁၃၁၁ ဦးဖြင့် ဖွဲ့စည်းခဲ့ကြသည်။

အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်အတွက် အစိုးရသစ်မှ ၂ဝ၁၁ အောက်တိုဘာလ ၁၁ ရက်နေ့တွင် အလုပ်သမား ဥပဒေ
ပြဋ္ဌာန်းခဲ့သော်လည်း နည်းဥပဒေ ထပ်မံထွက်ရှိလာခြင်း မရှိသေးသည့်အတွက် အလုပ်သမားများ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းနိုင်ခြင်း နှောင့်နှေးနေသေးသည်။

အဆိုပါ အလုပ်သမားဥပဒေ၏ အသေးစိတ် ပြဋ္ဌာန်းချက်ဖြစ်သော နည်းဥပဒေ ထုတ်ပြန်ပြီးပါက အလုပ်သမား သမဂ္ဂအဖြစ်ဖွဲ့စည်းကာ အလုပ်သမားများ အခွင့်အရေးများကို တောင်းဆိုလာနိုင်မည်ဟုလည်း မျှော်လင့်နေကြသည်။

"အလုပ်သမားတွေက ဆုံးရှုံးတာ နစ်နာတာတွေကို သူတို့ ပြောရေးဆိုခွင့်လည်းမရှိဘူး၊ ရှေ့လည်း မထွက်ရဲဘူး။ သမဂ္ဂ အဖွဲ့အစည်းတွေ ရှိလာရင်တော့ တောင်းဆိုလို့ ရပြီပေါ့" ဟု တိုင်ရီ စက်ရုံ အလုပ်သမား ခေါင်းဆောင်
ဒေါ်မိုးဝေက ပြောသည်။

အလုပ်သမား အဖွဲ့များ ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍လည်း အခြေခံ အလုပ်သမားအဖွဲ့အစည်းတွင် အနည်းဆုံး အလုပ်သမားဦးရေ ၃ဝ ဖြင့် ဖွဲ့စည်းနိုင်ပြီး သက်ဆိုင်ရာ လုပ်ငန်းရှိ အလုပ်သမား ၁ဝ ရာခိုင်နှုန်းမှ ထောက်ခံရမည်
ဟု ပါရှိသည်။ အခြေခံအဆင့်၊ မြို့နယ်အဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ဗဟိုအဆင့် နိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ဟူ၍  ခွဲခြားထားသည်။

၂ဝ၁၁ အောက်တိုဘာလ ၁၁ ရက်နေ့က ထုတ်ပြန်သည့် အလုပ်သမား ဥပေဒတွင် အခန်း ၁၄ ခန်းပါဝင်ပြီး၊ အပိုဒ် ၅၈ ပိုဒ်ဖြင့် ဖွဲ့စည်းထားသည်။ အဆိုပါဥပဒေတွင် ဆန္ဒပြရန်အတွက် ကန့်သတ်ချက်များလည်း ပါဝင်သည်။

အလုပ်သမားများအနေဖြင့် သပိတ်မှောက်လိုပါက သက်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်၏ ညွှန်ကြားချက်ဖြင့် သပိတ်မှောက်မည့်နေ့ရက်၊ နေရာ၊ ပါဝင်မည့်သူဦးရေ၊ သက်ဆိုင်ရာ အလုပ်ရှင်နှင့် ညှိနှိုင်းဖြန်ဖြေရေး အဖွဲ့တို့သို့ ၁၄ ရက် ကြိုတင်အကြောင်းကြားရမည်ဟု ပါရှိသည်။

ဥပဒေပါ ပြဋ္ဌာန်းချက်များကို ကျူးလွန်ပါက ပြစ်ဒဏ်အဖြစ် ထောင်ဒဏ်တနှစ် သို့မဟုတ် ငွေဒဏ် ကျပ်တသိန်း၊ ဒဏ်နှစ်ရပ်လုံးကို ချမှတ်နိုင်သည်ဟု ပါရှိသည်။

by; Myo Thant, Mizzima

တိုင်ရီ စက်ရုံ အလုပ်သမား သမဂ္ဂ ဖွဲ့

ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန် ၃ ရှိ တိုင်ရီ ဖိနပ်စက်ရုံမှ ဆန္ဒပြ အလုပ်သမားများက ယနေ့တွင် အလုပ်သမား သမဂ္ဂ ဖွဲ့စည်းလိုက်သည်။
အလုပ်သမား အခွင့်အရေးကိုကိုယ်တိုင်ကာကွယ် စောင့်ရှောက်နိုင်ရန်၊ အလုပ်သမားများ သက်သာချောင်ချိရေးနှင့် တိုးတက် ကောင်းမွန်လာရန်၊ အလုပ်သမားများ ချစ်ခင်စည်းရုံး၍ စုစည်းခိုင်မာသည့်အခြေအနေ ပေါ်ပေါက်လာရန်များအတွက် အလုပ်သမား သမဂ္ဂ(တိုင်ရီ ဖိနပ်စက်ရုံ)ကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၈ ရက်နေ့ ရက်စွဲဖြင့် သတင်း ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ရသည့် ဆန္ဒပြနေသော တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမားများ(ဓာတ်ပုံ - ဧရာဝတီ)
“အလုပ်သမားတွေ ကိုယ့်အခွင့်ရေး ကိုယ်ပိုသိလာစေဖို့အတွက် လွန်ခဲ့တဲ့ တလလောက်ကတည်းက အလုပ်သမား သမဂ္ဂဖွဲ့ရေးကို ဆွေးနွေးခဲ့ကြတာပါ”ဟု တိုင်ရီ စက်ရုံမှ ဆန္ဒပြ အလုပ်သမား တဦးဖြစ်သည့် ကိုသန်းက ဧရာဝတီသို့ ပြောပြသည်။
၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့ ရက်စွဲဖြင့် သမ္မတ ဦးသိန်းစိန် လက်မှတ်ထိုး ထုတ်ပြန်သည့် အလုပ်သမား အဖွဲ့အစည်း ဥပဒေ ထွက်ရှိပြီးနောက် တိုင်ရီ အလုပ်သမား သမဂ္ဂ အဖွဲ့မှာ ပထမဆုံး အဖွဲ့ ဖြစ်သည်။
ယမန်နေ့က ရန်ကုန်မြို့ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် တိုင်ရီ ဆန္ဒပြအလုပ်သမားများက သတင်းစာရှင်းလင်းပွဲတရပ် ကျင်း ပပြီး အလုပ်သမား သမဂ္ဂ ဖွဲ့စည်းရေးအတွက် အလုပ်သမားများထံမှ သဘောတူ လက်မှတ် စုစည်းယူခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။
တိုင်ရီ စက်ရုံ၌ အလုပ်သမား ၁၈၀၀ ခန့်ရှိရာ ယနေ့တွင် ထက်ဝက်ခန့် လုပ်ငန်းခွင် ပြန်လည်ဝင်နေပြီး ကျန်အလုပ်သမားများ က ရပိုင်ခွင့်များအတွက် ဆက်လက်၍ ဆန္ဒပြနေဆဲဖြစ်သည်။
ဆန္ဒပြ အလုပ်သမားများက ပြီးခဲ့သည့် အပတ်အတွင်း အလုပ်သမား ပြဿနာ ဖြေရှင်းရေး ၀ါဏိဇ္ဇ ပဋိပက္ခ ခုံရုံးသို့ လျှောက်ထား တိုင်ကြားခဲ့ပြီး ခုံရုံး၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြသည်ဟုလည်း ပြောသည်။
ဝါဏိဇ္ဇ ပဋိပက္ခ အလုပ်သမားပြဿနာ ဖြေရှင်းရေး ခုံရုံးသို့ ဆန္ဒပြ အလုပ်သမား ၁၂၀၀ ကျော်တို့က စုပေါင်းလက်မှတ်ရေးထိုးပြီး အလုပ်ရှင်ဘက်မှ ဖြေရှင်းပေးရန် အချက် ၁၇ ချက်ပါတောင်းဆိုချက်ကို တင်ပြထားသည်။
အလုပ်သမားများက အချိန်ပိုကြေး ၁ နာရီလျှင် ၇၅ ကျပ်မှ ၁၅၀ ကျပ်သို့ တိုးပေးရန် တောင်းဆိုထားရာ အလုပ်ရှင်ဘက်က ၁၀၀ ကျပ် သတ်မှတ်ကြောင်း လွန်ခဲ့သည့်သီတင်းပတ်က ပြောဆိုခဲ့သည်။
သို့သော် ရက်မှန်ကြေးကို ၆၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်အထိ တိုးပေးရန် တောင်းဆိုရာတွင် အလုပ်ရှင်ဘက်က ရက်မှန်ကြေး ၇၀၀၀ ကျပ် သတ်မှတ်မည်ဟုဆိုကြောင်း သိရှိရသည်။
လွန်ခဲ့သည့် လွတ်လပ်ရေးနေ့နှင့် တရုတ်နှစ်သစ်ကူး ပွဲတော်ကာလ ၁၀ ရက်တာ စက်ရုံပိတ်ပြီးနောက် လုပ်ခ လစာ ထုတ်ပေး ရာ၌ လစာ ကျပ် ၁ သောင်းကျော်ဖြတ်တောက်ခံရခြင်းမှ အစပြုကာ အလုပ်သမားများက လုပ်ခလစာအပြည့် အ၀ရရှိရန် နှင့် အလုပ်သမား ရပိုင်ခွင့် တောင်းဆို ဆန္ဒပြမှုကို ဖေဖော်ဝါရီလဆန်းတွင် စတင်ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြုပ်နှံသည့် တိုင်ရီ ဖိနပ်စက်ရုံသည် လှိုင်သာယာမြို့နယ် စက်မှုဇုန် ၃ တွင် ၁၉၉၇ ခုနှစ်က စတင် ဖွင့်လှစ်ခဲ့သည်။ အလုပ်သမား လုပ်အားခနှင့် ပတ်သက်ပြီး သုံးနှစ်ဆက်တိုက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည့် စက်ရုံလည်း ဖြစ်သည်။
ယခုကဲ့သို့ အလုပ်ရှင်နှင့် အလုပ်သမားပြဿနာများ ဖြေရှင်းနိုင်ရေးအတွက် အလုပ်သမားအဖွဲ့အစည်းများကို လာမည့် ကမ္ဘာ့ အလုပ်သမားနေ့ မေဒေးနေ့ မတိုင်မီ ဖွဲ့စည်းခွင့်ပြုမည် ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ယင်း အလုပ်သမား အဖွဲ့အစည်းများသည် အလုပ်သမား ဥပဒေပါ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ ငြိမ်းချမ်း စွာ ဆန္ဒ ဖော်ထုတ်နိုင်ကြောင်း သိရသည်။

by; Irrawaddy

Tuesday, February 28, 2012

 တိုင်ရီဖိနပ် စက်ရုံရှိ အလုပ်သမား ၁၃၁၁ ဦးက ၀ါဏိဇ္ဇ ပဋိပက္ခ ကော်မတီခုံရုံးသို့ အလုပ်သမား အခွင့်အရေးများအား တင်ပြတောင်းဆို

လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၃)ရှိ တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမား ၁၃၁၁ ဦးသည် စက်ရုံမှပေးအပ်သည့် လုပ်ခလစာများနှင့် ပတ်သက်သည့် အလုပ်သမား အခွင့်အရေးများ ကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့က လှိုင်သာယာမြို့နယ် ၀ါဏိဇ္ဇပဋိပက္ခ ကော်မတီခုံရုံးသို့ တင်ပြတောင်းဆို လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
“ ခုံရုံးတင်ပြဖို့အတွက် အလုပ်သမား ၁၃၁၁ဦး ကိုယ်စားပြု အလုပ်သမား ကိုယ်စားလှယ် ၄၅ ဦးကို ဒီနေ့မနက်ပဲ ရွေးချယ်ခဲ့ပါတယ်။ အခု မွန်းလွဲ ၃ နာရီမှာတော့ မြို့နယ် ၀ါဏိဇ္ဇပဋိပက္ခ ကော်မတီကို သွားပါမယ်။ ဒီကနေ ညွှန်ကြားချက် ရတာနဲ့  ညနေဘက်မှာတော့ ရှေ့နေကိုဖိုးဖြူ နဲ့ အလုပ်သမား ကိုယ်စားလှယ်တချို့ နေပြည်တော်မှာရှိတဲ့ ၀ါဏိဇ္ဇပဋိပက္ခကို သွားပါမယ်” ဟု အလုပ်သမား ကိုယ်စားလှယ်တစ်ဦး ဖြစ်သူ ကိုကျော်မျိုးလှိုင်က ဖေဖော်ဝါရီလ ၂၂ ရက်နေ့ တိုင်ရီဖိနပ်စက်ရုံရှေ့တွင် တွေ့ဆုံစဉ်က ပြောကြားခဲ့ပါသည်။
ယင်းနေ့နံနက် ၉ နာရီ ၀န်းကျင်ခန့်တွင် စက်ရုံမှတာဝန်ရှိသူ တချို့နှင့် အလုပ်သမား ကိုယ်စားလှယ်များ၊ ရှေ့နေများ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး လက်ရှိပေးအပ်နေသည့် တစ်လရက်မှန်ကြေး ကျပ် ၆၀၀၀ ပေါ်တွင် အလုပ်သမားများ တောင်းဆိုခဲ့သည့် ကျပ် ၈၀၀၀ အစား ကျပ် ၇၀၀၀ သို့ တိုးမြှင့်ပေး ခဲ့ကြောင်း၊ ယင်းကျပ် ၇၀၀၀ ဖြင့် ကျေနပ်သူ အလုပ်သမား ၄၅ ယောက်နှင့် ကြီးကြပ်သူ အလုပ်သမားတစ်ဦး၊ ပေါင်း ၄၆ ဦးတို့ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
“ရက်မှန်ကြေး ကျပ် ၁၀၀၀ တိုးတယ်ဆိုပေမယ့် အိုတီကြေးနဲ့ တာဝန်ကြေကြေးကို ဖြုတ်ပစ်လိုက်ပါတယ်။ ပြန်တွက်ရင် တိုးတဲ့နှုန်းနဲ့ လျော့လိုက်တဲ့နှုန်းက ဘာမှမထူးပါဘူး။ ဒါကြောင့် ကျန်တဲ့အလုပ်သမားတွေက လုပ်ငန်းခွင်ထဲ ပြန်မ၀င်ရောက်သေးတာ ဖြစ်ပါတယ်” ဟု အလုပ်သမား ကိုယ်စားလှယ် တစ်ဦးဖြစ်သူ မမိုးဝေက ပြောပြခဲ့သည်။
တိုင်ရီစက်ရုံ၌ အလုပ်သမား စုစုပေါင်း ၁၈၆၃ ဦးရှိပြီး ယင်းတို့ထဲမှ လုပ်ငန်းခွင် ပြန်ဝင်သည့် အလုပ်သမားဦးရေမှာ ၁၀၀ ၀န်းကျင်သာ ရှိနေကြောင်း၊ ကော်မတီခုံရုံးသို့ တင်ပြမည့် အလုပ်သမားဦးရေ ၁၃၁၁ ဦး ရှိပြီး ကျန် အလုပ်သမားများမှာ လုပ်ငန်းခွင်ပြင်ပ၌ပင် ဆက်လက်ကျန်ရှိ နေကြောင်း သိရသည်။

Eleven Media Group Monday, 27 February 2012

1/4/2012 မှစ၍ ထိုင်းရောက်မြန်မာလုပ်သားများ တန်းတူအခွင့်အရေးရတော့မည်


  ဧပြိ ၁ရက်မှစတင်၍ မြန်မာအလုပ်သမားများကို ထိုင်းအလုပ်သမားများနှင့် တန်းတူအခွင့်အရေးပေးမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာန အကြံပေး မစ္စတာပရစ်ချာက ပြောကြားသည်။ ´အခုလောလောဆယ် မတ်လကုန်တာနဲ့ ထိုင်းအလုပ်သမားတွေရရှိသလို တရားဝင်လုပ်တဲ့သူတွေကို တန်းတူအခွင့်အရေးရရှိဖို့ လုပ်ပြီးပြီ။ နောက်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ထိုင်းနဲ့တန်းတူအခွင့်အရေးရဖို့ လုပ်ထားတယ်။ ဗမာအလုပ်သမားတွေ လုပ်အားခတိုးမြှင့်ရရှိဖို့ ကြိုးစားနေပါတယ်´ဟု မစ္စတာပရစ်ချာက ဖာလားဝါးနယူးစ်ဂျာနယ်သို့ တရားဝင်ပြောကြားသည်။ 'တရားမ၀င်လာလုပ်တဲ့သူတွေလဲ တရားဝင်ဖြစ်လာအောင် မဲဆွယ်စည်းရုံးမယ်။ များသောအားဖြင့်

Saturday, February 25, 2012

ရွှေလီမှာ မြန်မာအလုပ်သမများ အန္တရာယ်ရှိ အလုပ်များ လုပ်နေရ

ချင်းမိုင် (မဇ္ဈိမ) ။        ။ တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့၌ အန္တရာယ်ရှိသော လုပ်ငန်းများတွင် မြန်မာရွှေ့ပြောင်း အလုပ်သမများ လုပ်ကိုင်နေရသည်ဟု ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အမျိုးသမီး သမဂ္ဂ BWU ၏ ကြာသာပတေးနေ့ ထုတ် အစီရင်ခံစာအရ သိရသည်။ ရွှေလီမြို့ပေါ်မှ မြန်မာရွှေ့ပြောင်း အလုပ်သမ ၃၂ ဦးကို တွေ့ဆုံမေးမြန်းကာ ထုတ်ပြန်ထားသည့် “အသံမဲ့ သို့မဟုတ် ပုန်းကွယ် နေသော အရိပ်များ” အစီရင်ခံစာတွင် လိင်လုပ်ငန်း၊ ကျောက်သွေး လုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်း စသည့် ကျန်းမာရေးကို ထိခိုက်စေနိုင်သော လုပ်ငန်းခွင်များတွင် အကာအကွယ်မဲ့ လုပ်ကိုင်နေရသည်ဟု ပါရှိသည်။

Friday, February 24, 2012

နိုင်ငံခြားသားအလုပ်သမားများ ၀င်ရောက်မှုကို စင်ကာပူက ထပ်မံတင်းကျပ်သွားမည်

စင်ကာပူ၏ အခြေခံအဆောက်အအုံမှာ ပိုမိုအကန့်အသတ်ရှိလာနေပြီး နိုင်ငံ၏ အမျိုးသားအမှတ်လက္ခဏာများမှာ ထိပါးခံနေရသဖြင့် နိုင်ငံခြားသားအလုပ်သမားများဝင်ရောက် မှုကို ထပ်မံတင်းကျပ်သွားမည်ဖြစ် ကြောင်း အစိုးရက ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ကြေညာခဲ့သည်။ နိုင်ငံခြားသားအလုပ်သမား များပြားသည့် ပြဿနာသည် ပြီးခဲ့ သည့်နှစ်က ရွေးကောက်ပွဲတွင် အာဏာရပါတီကို အထိနာစေခဲ့သည့် အရေးအကြီးဆုံးပြဿနာများထဲမှ တစ်ခုဖြစ်သည်။ အစိုးရအနေဖြင့် ကုန်ထုတ်လုပ်ငန်း များ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ၀န်ဆောင်မှု လုပ်ငန်းများတွင် နိုင်ငံခြားသားအလုပ်သမားများရှိရမည့် အချိုးအစားကို ချိန်ညှိသွားမည်ဖြစ်ကြောင်း ဒုတိယ၀န်ကြီးချုပ်လည်းဖြစ်သော ဘဏ္ဍာရေးဝန်ကြီး သာမန်ရှာမူဂါရက်နန်က

Thursday, February 23, 2012

တိုင်ရီ ဆန္ဒပြ အလုပ်သမားများ ဝါဏိဇ္ဇ အလုပ်သမားခုံရုံးသို့ တက်မည်

ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်ရှိ တိုင်ရီ ဖိနပ်စက်ရုံမှ ဆန္ဒပြနေသည့် အလုပ်သမား ၁၂၀၀ ကျော်တို့၏ ကိုယ်စားလှယ်များက အလုပ်ရှင်နှင့် ယနေ့နံနက်တွင် ဆွေးနွေးခဲ့သော်လည်း ကျေနပ်မှု မရှိသေးသည့်အတွက် အလုပ်သမား ပြဿနာဖြေရှင်းရေး ခုံရုံးသို့ သွားရောက်တိုင်တန်းမည်ဟု သတင်းရရှိသည်။
၁၇ ရက်မြောက်နေ့အဖြစ် ဆက်လက်ဆန္ဒပြနေသော တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမားများ (ဓာတ်ပုံ - ဧရာဝတီ)
“မနက်က အလုပ်သမား ၂၀ လောက် စက်ရုံထဲ ၀င်ဆွေးနွေးတယ်။ သူတို့ဘက်က ရက်မှန်ကြေး ၁ ထောင် ထပ်တိုးပေးပေမယ့် အများစုက မကျေနပ်ကြပါဘူး။ ဒါကြောင့် မကြာခင် အချိန်အတွင်း ၀ါဏိဇ္ဇ ပဋိပက္ခခုံရုံးကို သွားတော့မှာပါ” ဟု တိုင်ရီစက်ရုံ အလုပ်သမတဦးဖြစ်သူ မမိုးဝေက ဧရာဝတီသို့ ပြောသည်။
ဝါဏိဇ္ဇ ပဋိပက္ခ အလုပ်သမားပြဿနာ ဖြေရှင်းရေးရုံး (မရမ်းကုန်းမြို့နယ်) ခုံရုံးသို့ ဆန္ဒပြ အလုပ်သမား ၁၈၀၀ အနက် ၁၂၀၀ ကျော်တို့က စုပေါင်းလက်မှတ်ရေးထိုးပြီး ယနေ့နေ့လယ်တွင် တိုင်ကြားစာကို တင်ပြသွားမည်ဟု ၎င်းက ဆက်ပြောသည်။
အလုပ်ရှင်ဘက်မှ ဖြေရှင်းပေးရန် အလုပ်သမားများ တင်ပြတောင်းဆိုထားသော နစ်နာချက် စုစုပေါင်း အချက် ၁၇ ချက်ရှိသည်။
အချိန်ပိုကြေး ၁ နာရီလျှင် ၇၅ ကျပ်မှ ၁၅၀ ကျပ်သို့ တိုးပေးရန် တောင်းဆိုထားရာ အလုပ်ရှင်ဘက်က ၁၀၀ ကျပ် သတ်မှတ်ကြောင်း လွန်ခဲ့သည့် သီတင်းပတ်က ပြောဆိုခဲ့သည်ဟု သိရသည်။
သို့သော် ရက်မှန်ကြေးကို ၆၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်အထိ တိုးပေးရန် တောင်းဆိုရာတွင့် ယနေ့ ဆွေးနွေးပွဲ၌ အလုပ်ရှင်ဘက်က ရက်မှန်ကြေး ၇၀၀၀ ကျပ် သတ်မှတ်မည်ဟုဆိုကြောင်း သိရှိရသည်။
တိုင်ကြားစာကို လက်ခံမည်ဖြစ်ကြောင်း မရမ်းကုန်းမြို့နယ် ၀ါဏိဇ္ဇ ပဋိပက္ခအဖွဲ့၏ အကြောင်းပြန်စာကို အလုပ်သမား ကိုယ်စားလှယ်များနှင့် ဥပဒေရေးရာ အကူအညီပေးသူ ရှေ့နေ ကိုဖိုးဖြူတို့က ပြီးခဲ့သည့် စနေနေ့က လက်ခံရရှိကြောင်း မမိုးဝေက ပြောသည်။
တိုင်ရီ စက်ရုံအလုပ်သမများ နေထိုင်ရာ အဆောင်များ၌ အလုပ်ရှင်၏ မန်နေဂျာများက ခြိမ်းခြောက်မှုရှိနေကြောင်း၊ အလုပ်မဆင်းပါက အဆောင်မှ ဖယ်ရှားမည်၊ အလုပ်မှ ရာသက်ပန် ထုတ်မည်ဟုပြောကြောင်း အလုပ်သမများက ဆိုသည်။
“အလုပ်ရုံထဲက မန်နေဂျာတို့၊ ခေါင်းဆောင်တို့က တချို့အလုပ်သမားတွေကို လာပြီးစည်းရုံးတယ်။ မင်းတို့ အချိန်ကုန်မယ်၊ ကိုယ့်အလုပ် ကိုယ်ပြန်လုပ်ပါ။ မဟုတ်ရင် အလုပ်ပါ ပြုတ်မယ်ဆိုပြီး လာပြောတယ်လေ” ဟု တိုင်ရီ အလုပ်သမတဦးက ဧရာဝတီကို ပြောသည်။
အလုပ်ရှင်၏ ခြိမ်းခြောက်မှုများ၊ အလုပ်သမား ရပိုင်ခွင့်များကို မျက်ကွယ်ပြုနေမှု စသည်တို့အတွက် ယခုကဲ့သို့ အလုပ်သမား ပြဿနာဖြေရှင်းရေး ၀ါဏိဇ္ဇခုံရုံးသို့ ဥပဒေကြောင်းအရသာ မျှော်လင့်ချက်ရှိတော့ကြောင်း မမိုးဝေက ဆိုသည်။
အလုပ်သမားများက ၎င်းတို့ တောင်းဆိုထားသည့် လိုလားချက်များ မရသေးသည့်အတွက် ယနေ့ နံနက်က ၁၇ ရက် မြောက်နေ့အဖြစ် စက်ရုံအနီးတွင် ငြိမ်းချမ်းစွာ ဆက်လက် ဆန္ဒပြကြသည်။
ဆန္ဒပြမှု ၆ ရက်မြောက်နေ့က အလုပ်သမား ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန် ကိုယ်တိုင် လာရောက်ခဲ့သော်လည်း မပြေလည်ခဲ့ကြောင်း၊ အလုပ်ရှင်ဘက်က ပြေလည်အောင် မဖြေရှင်းသေးသည်မှာ ရက်ကြာသည်နှင့်အမျှ အလုပ်သမားများ စားဝတ်နေရေး ပိုခက်ခဲလာကြောင်း သိရသည်။
ဆန္ဒပြသူ အလုပ်သမားများအတွက် စေတနာရှင်တဦး၏ အလှူငွေ ကျပ် ၄ သိန်း လက်ခံရရှိထားကြောင်းနှင့် စားသောက်စရာ၊ ရေ စသည်တို့ကိုလည်း စေတနာရှင်များက လာရောက်လှူဒါန်းနေကြောင်း သိရသည်။
“ကျမတို့ကတော့ ကျမတို့ရဲ့ နစ်နာချက်၊ မျှော်လင့်ချက်တွေ၊ ပန်းတိုင်အထိ မရောက်မချင်း အခုလို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆက်ပြီး လုပ်ဆောင်သွားမှာပါ။ ကျမတို့ကို အခုလာပြီး အကူအညီပေးကြတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့တကွ မိဘပြည်သူတွေရဲ့ စာနာကူညီပေးမူများကို အလွန်ကျေးဇူးတင်ပါတယ်ရှင်” ဟု မမိုးဝေက ပြောသည်။

by; Irrawaddy

Tuesday, February 21, 2012

ဇောတိက ပိုက်လိုင်းစီမံကိန်းမှ အလုပ်သမားများ ၀န်ကြီးချုပ်ထံ စာပို့

ဝန်ကြီးချူပ်
တနင်္သာရီတိုင်းဒေသကြီး
တနင်္သာရီတိုင်း

အကြောင်းအရာ။ ။ ဇောတိကသဘာဝဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်းလုပ်သားများ၏ နစ်နာမှုများနှင့် အခွင့်အရေးများအတွက် ညှိုနှိုင်းဖြေရှင်းပေးပါရန် တင်ပြခြင်း

ကျွန်တော်တို့သည် ရေဖြူမြို့နယ်၊ ကန်ဘောက်ဒေသ PTTEPI မှ ဆောင်ရွက်အကောင်အထည်ဖော်နေသော ဇောတိက သဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းစီမံကိန်းတွင် ၀င်ရောက်လုပ်ကိုင်နေသော လုပ်သားများနှင့် မိသားစုများ ဖြစ်ပါသည်။

Sunday, February 19, 2012

တိုင်ရီစက်ရုံ ဆန္ဒပြမှုအား မြို့နယ် ဝါဏိဇ္ဇ ပဋိပက္ခမှု ကော်မီတီမှ တရားရေး ဆိုင်ရာ စွဲချက် တင်ခွင့်ပြု

ဖော်ဖော်ဝါရီလ (၁၈) ရက်နေ့၌ မရမ်းကုန်းမြို့နယ် မြို့ နယ် ဝါဏိဇ္ဇ ပဋိပက္ခမှု ကော်မီတီမှ ထိုင်ဝမ်နိုင်ငံသားပိုင် ထိုင်ရီ ဖိနပ်စက်ရုံမှ အလုပ်ရှင်နှင့် အလုပ်သမား ပြဿနာရပ်အား ဖြေရှင်းရန် ကိစ္စကို ခွင့်ပြုလိုက်ပြီး ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် လှိုင်သာယာမြို့နယ် အလုပ်သမားရုံး၌ လက်ခံ တင်သွင်းမည်ဖြစ်သည်။ ဖေဖော်ဝါရီလ (၆) ရက်နေ့မှ စတင်၍ လုပ်အားခတိုးပေးရန် စတင် သပိတ်မှောက် တောင်းဆိုခဲ့ကြပါသည့် အလုပ်သမား ဆန္ဒပြမှုသည် (၁၃) ရက် လွန်မြောက်ပြီးနောက် တနင်္ဂနွေနေ့၌ ဆန္ဒပြမှုကို ခေတ္တ ရပ်ဆိုင်း ထားမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။ “အခုဆိုရင် မြို့နယ် ဝါဏိဇ္ဇ ပဋိပက္ခမှု ကော်မတီက ဥပဒေနဲ့ မညီတဲ့ အကြောင်းကြားစာတွေ ကျွန်တော်တို့ဆီကို ရောက်လာ ပါတယ်၊ အဲဒီမှာ ဘာကို တွေ့ရလဲဆိုရင် အဆိုလွှာတွေ၊ ချေလွှာတွေ၊ အလုပ်သမား အရေးဆိုမှုတွေ မရထားခင် ကတည်းကိုက ဆိုလွှာတွေကို ကြိုထုတ် ထားတယ်၊ ဒါဟာဘာကို ထောက်ပြ နေသလဲဆိုရင် ဒီဆိုလွှာတွေဟာ အလုပ်ရှင် အလုပ်သမား နှစ်ဖက် အငြင်းပွားမှု ဖြစ်ပြီးမှ ပြောရမယ့် အချက်တွေ၊ နှစ်ဘက် အငြင်းပွါးမှု ဖြစ်ပြီးမှု ဆွေးနွေး ရမယ့်အချက်တွေ ဖြစ်လို့ ဥပဒေ ကြောင်းလမ်းနဲ့ ကိုက်ညီမှု မရှိပါဘူး”ဟု အလုပ်သမားအရေး လိုက်လံ လုပ်ဆောင်ပေးနေသူ ရှေ့နေ ဦးဖိုးဖြူမှ ပြည်တွင်းမီဒီယာနှင့် ရုပ်သံ အင်တာဗျူး တစ်ခု၌ ပြောသွားခဲ့ပါသည်။
ထိုဆန္ဒပြမှုသည် မြန်မာ့သမိုင်း တစ်လျှောက် အလုပ်သမား ဆန္ဒပြမှုများထဲတွင် (၁၃၀၀) ပြည့် အရေးတော်ပုံ ပြီးနောက် အကြီးမားဆုံး အလုပ်သမား ဆန္ဒပြမှုကြီးလည်း ဖြစ်သည်။ စက်ရုံရှိ အလုပ်သမားပေါင်း ၉၀ ရာခိုင်နှုန်း ကျော်ခန့် ပါဝင် သပိတ်မှောက်ခဲ့ကြပြီး အလုပ်သမားပေါင်း (၂၀၀၀) နီးပါးခန့် ထိုသပိတ်မှောက်မှု၌ ပါဝင် ခဲ့ကြကြောင်း မီဒီယာများ၌ ဖော်ပြကြပါသည်။
ဆန္ဒပြ အလုပ်သမား များထဲမှ အလုပ်သမား ဆယ်ဦးကျော်ခန့်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၆) ရက်နေ့က ပုဂ္ဂလိက စာဝတ်နေရေး ပြသနာရပ် အခက်အခဲများကြောင့် အလုပ်ရှင်ဘက်မှ အချိန်ပိုကြေး (၂၅) ကျပ် တိုးပေးသည်ကို လက်ခံကာ အလုပ်ပြန်ဆင်း ခဲ့ကြ သော်လည်း ကျန်ရှိအလုပ်သမား အားလုံးမှာ ယနေ့စနေနေ့ အထိ (၁၃) ရက်ကြာ ဆက်လက်၍ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြဆဲဖြစ်သည်။
ထိုကိစ္စနှင့်ပတ်သက်၍မူ ကိုဖိုးဖြူက “အဲဒါက နယ်က လာတဲ့ အလုပ်သမားလေးတွေ ဖြစ်ပါတယ်။ သူတို့ လက်ခံလိုက်တယ်၊ အလုပ်ပြန်ဆင်းတယ်၊ သူတို့ လက်ခံရတဲ့ သဘောက စားစရိတ်ဗျာ၊ နေစရိတ် ပြီးတော့ ရွာကိုလည်း ငွေပြန်ပို့ရတယ်လေ။ ဒါကြောင့် ရက်ရှည် သပိတ်မှောက်နေလို့ မဖြစ်ဘူးပေါ့။ အဲဒါနဲ့ လက်ခံလိုက်တာပါ” ဟု ၄င်းရက်နေ့၌ ရှင်းပြခဲ့ပါသည်။
letter
မြို့နယ် ဝါဏိဇ္ဇ ပဋိပက္ခမှု ကော်မီတီမှ တရားရေးဆိုင်ရာ စွဲချက်တင်ခွင့်ပြုသည့်စာ (ဓါတ်ပုံ - Burma VJ)
ထိုသို့ အလုပ်သမား ဆန္ဒပြမှု ဖြစ်ပွါးပြီး (၆) ရက်မြောက်နေ့၌ အစိုးရပိုင်းမှ အလုပ်ရှင်နှင့် အလုပ်သမားများအကြား ညှိုနှိုင်းဆောင်ရွက် နိုင်စေရန် အလုပ်သမား ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန် ကိုယ်တိုင် လာရောက် ညှိုနှိုင်း ဆောင်ရွက်ပေးခဲ့သော်လည်း ပြေလည်မှု မရရှိခဲ့ပဲ ရက်ရှည် သပိတ်မှောက်မှုအဖြစ် ဆက်လက်တည်ရှိခဲ့သည်။ အလုပ်ရှင်ဘက်မှလည်း အလုပ်သမားများမှ စနေနေ့အထိ အလုပ်မဆင်းခဲ့လျှင် အလိုအလျောက် ဆန္ဒအရ အလုပ်မှ ထွက်သည်ဟု သဘောမှတ်ချက်ပြုမည် ဖြစ်သည်ဟုလည်း ကြေငြာထားခဲ့ပါသည်။ တိုင်ရီ ဖိနပ်စက်ရုံ ခြံဝင်းအတွင်းရှိ အဆောင်၌ နေထိုင်နေကြသည့် အလုပ်သမားများအားလည်း တစ်နေ့လျှင် ငါးနာရီ ရေပေးဝေနေရာမှ ယခု တစ်နေ့လျှင် နှစ်နာရီသာ ပေးဝေတော့၍ ရေးပေးဝေမှုကို ဖြတ်တောက်ခဲ့ပါသည်။ အဆောင်မှ ထွက်ခွာရန် ဖိအားပေးမှု ရှိခဲ့ပါသည်။ သို့သော် အလုပ်သမားများဘက်မှ ဥပေဒရေးရာအရ လိုက်လံကူညီလုပ်ဆောင်ပေးသူ ဦးဖိုးဖြူမှ အကယ်၍ ထိုသို့ ထွက်ခွာရန် နှင်ချခြင်း ခံရပါက အိမ်ရှင်အိမ်ငှား ဥပဒေဖြင့် ပြန်လည် တရားစွဲဆိုမှုဟု ပြောဆိုမှုများရှိခဲ့ပြီးနောက် အလုပ်သမားများ မိမိတို့ အဆောင်အတွင်း၌ ဆက်လက်နေထိုင်ခွင့်ရခဲ့ကြသည်။
426361_300150003378591_100001507819719_863091_1703830886_n
တိုင်ရီ ဖိနပ်စက်ရုံ ဆန္ဒပြနေမှုနှင့် အလုပ်သမားအရေး ကူညီလုပ်ဆောင်ပေးနေသူ ကိုဖိုးဖြူ (ဓါတ်ပုံ - အင်တာနက်)
ထိုတိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမား ဆန္ဒပြမှုအားလည်း ဖေဖော်ဝါရီလ (၁၄) ရက်နေ့က ဆွီဒင်နိုင်ငံ Social Democratic Youth အဖွဲ့မှ အပြည့်အဝ ထောက်ခံကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့ပါသည်။ ဆန္ဒပြအလုပ်သမားများဘက်မှ တောင်းဆိုချက် (၁၇) ချက်ကို တောင်းဆို ထားခဲ့သော်လည်း အလုပ်ရှင်ဘက်မှ လိုက်လျောနိုင်ခြင်း မရှိသေးပေ။
တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားများ၏ ရက်ရှည်ဆန္ဒပြပွဲသို့ ကိုဟန်ဝင်းအောင် ဦးဆောင်သည့် နိုင်ငံရေး အကျဉ်းသားများ မိသားစု အကျိုးဆောင် ကွန်ယက်နှင့် အခြား လူမှုရေး အဖွဲ့အစည်းများနှင့် စေတနာရှင် ပြည်သူလူထုများမှလည်း ရေသန့်ဗူးနှင့် အစားအသောက်များ လာရောက် လှူဒါန်းခဲ့ကြောင်းလည်း သိရှိရပါသည်။

by; ရွှေဟသာင်္သတင်းဌာန

ITUC ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည် သွားရောက်

အပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (ITUC) ကိုယ်စားလှယ် အဖွဲ့သည် အလုပ်သမား အဖွဲ့အစည်း ဥပဒေ ပေါ်ထွက်လာပြီးနောက် မြန်မာနိုင်ငံကို ပထမဆုံး အကြိမ် သွားရောက် ခဲ့ပါသည်။ ထိုအဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည် အပါဝင်၊ ပဲခူးတိုင်းရှိ အန်အယ်ဒီ ခေါင်းဆောင်များ၊ တရားဝင် မှတ်ပုံတင်ကြတဲ့ အလုပ်သမား သမဂ္ဂများ၊ မကြာမီက ဦးသိန်းစိန် အစိုးရက လွတ်ပေးလိုက်သည့် အဖမ်းဆီးခံ FTUB (မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်) ၏အဖွဲ့ဝင်များနှင့် အလုပ်သမား ၀န်ကြီးကိုပါ တွေ့ ဆုံခဲ့ပါသည်။ ITUC ကိုယ်စားလှယ် အဖွဲ့သည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ စပြီး ၁၆ ရက်နေ့အထိ ၄ ရက်ကြာ မြန်မာပြည်ကို သွားရောက် လည်ပတ်ခဲ့ပါသည်။ ယင်းကိုယ်စားလှယ် အဖွဲ့ကို အိုင်အယ်လ်အို လူ့အခွင့်အရေးနဲ့ သမဂ္ဂ အခွင့်အရေး ဌာန၏ ညွန်ကြားရေးမှူး Mr. Stephen Benedict က ဦးဆောင်ခဲ့ပြီး ဥပဒေရေးရာ အကြံပေး Mr. Jeffrey Vogt နှင့် အာရှ ပစိဖိတ်ဒေသရဲ့ ဒေသဆိုင်ရာ အကြီးတန်းအရာရှိ Mr. Patuan Samosir တို့လည်း ပါသွားခဲ့ပါသည်။
ယင်းကိုယ်စားလှယ် အဖွဲ့သည်၊ အလုပ်သမား အဖွဲ့အစည်း ဥပဒေ ပေါ်ထွက်လာပြီးနောက် မှတ်ပုံတင်ကြသည့် အလုပ်သမား သမဂ္ဂများဖြစ်ကြသည့် မြန်မာနိုင်ငံ စက်မှုဇုန် အလုပ်သမားများ သမဂ္ဂ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ လယ်ယာစိုက်ပျိုး ရေးနှင့် တောင်သူလယ်သမားများ အဖွဲ့ချုပ် ၊ သတင်းမီဒီယာ အလုပ်သမားများ သမဂ္ဂ ၊ ချည်မျှင်၊အထည်ချုပ်နဲ့သားရေ အလုပ်သမားများသမဂ္ဂ၊ ဒိုက်ဦးမြို့ နယ် အထွေထွေနဲ့ သယ်ယူပို့ဆောင်ရေး အလုပ်သမားများ သမဂ္ဂတို့နှင့် တွေ့ဆုံခဲ့ ခြင်းဖြစ်ပါသည်။ ထို့နောက် မကြာမီက ဦးသိန်းစိန်အစိုးရက လွတ်ပေးလိုက်သည့် FTUB ၏ အဖွဲ့ဝင်များ အပါအ၀င် FTUB ၏ခေါင်းဆောင်တဦးဖြစ်သည့် ဦးမျိုးအောင်သန့်နှင့်လည်း တွေ့ဆုံခဲ့ပါသည်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ယင်းကိုယ်စားလှယ် အဖွဲ့သည် ရွေပြည်သာ စက်မှုဇုံကို သွားရောက်ခဲ့ကြပြီး အလုပ်သမား ၀န်ကြီးဌာန၏ ဒုဝန်ကြီး ဦးမြင့်သိန်းနှင့်အတူ  အလုပ်သမား အဖွဲ့အစည်းနှင့်ပတ်သက်သည့် ဥပဒေ အကြောင်းကို အလုပ်သမားများကို ရှင်းပြခဲ့ပါသည်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့၌ နေပြည်တော်ကို သွားရောက်ပြီး အလုပ်သမား ၀န်ကြီးဌာန၏ အမှုဆောင် ဒါရိုက်တာနှင့် တွေ့ဆုံခဲ့ပြီး အလုပ်သမားအဖွဲ့အစည်း ဥပဒေအကြောင်း၊ အကျဉ်းထောင် ဥပဒေနဲ့ အလုပ်သမား နည်းဥပဒေများ နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါသည်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်တိုင်း ရွေဂုံတိုင်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ဌာနချုပ်တွင် သွားရောက်တွေ့ဆုံခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထောက်ခံ အားပေးသည့် အကြောင်းနှင့် ITUC အထွေထွေ အတွင်းရေးမှူးချုပ် Sister Sharan Burrow ၏ ဒေါ်အောင် ဆန်းစုကြည် အတွက် သ၀ဏ်လွှာကိုပေးခဲ့ပါသည်။


by; ရွှေဟသာင်္သတင်းဌာန

Saturday, February 18, 2012

ဝန်ထမ်းလုပ်သားအားလုံးသို့ ပေးစာ


တိုင်ရီစက်ရုံတွင် အလုပ်သမားများ ဆန္ဒပြနေကြသည်မှာ (၁၂)ရက်ရှိပြီ.. ယနေ့အချိန်ထိ ပြေလည်မှုမရနိုင်ပဲ ဖြစ်နေပါတယ်.. တကယ်တော့ ဒီဆန္ဒပြပွဲဟာ တိုင်ရီစက်ရုံက အလုပ်သမားတွေနဲ့ အလုပ်ရှင်ကြားက ပြသနာဆိုပေမဲ့.. မြန်မာပြည် အလုပ်သမားသမိုင်းမှာ ၁၃၀၀ပြည့်အရေးတော်ပုံပီးရင် အကြီးမားဆုံး သပိတ်မှောက်တဲ့ အရေးဖြစ်ပါတယ်..
ထူးခြားတာက သပိတ်မှောက်ဆန္ဒပြနေကြတာက မိန်းမသားတွေဖြစ်နေတာပါပဲ.. သိတဲ့အတိုင်းပဲ မိန်းခလေးတွေဆိုတာ ယောကျာ်းလေးတွေထက် သည်းခံတတ် ကြောက်တတ်ပါတယ်.. မိန်းခလေးတွေ အခုလို သပိတ်မှောက်ဆန္ဒပြတယ်ဆိုကတည်းက ဆိုးဝါးလွန်းလို့ ခံပြင်းလွန်းလို့ ဖြစ်မှာပဲ..
ဆန္ဒပြတဲ့ အချိန်ကြာလာနဲ့အမျှ အလုပ်သမားတွေမှာ စားစရာသောက်စရာ အခက်အခဲဖြစ်လာတယ်..

လှိုင်သာယာ အလုပ်သမားသပိတ် တရားရံး ရောက်မည်

တပတ်ကျော် ပြေလည်မှု မရသေးတဲ့ ရန်ကုန်လှိုင်သာယာ အလုပ်သမားတွေရဲ့ ဆန္ဒပြမှုဟာ
ဥပဒေကြောင်းအရ ကြိုးစားမယ့် ပုံစံပြောင်းလဲသွားပြီး နောက်ထပ် မရေမရာ အခြေအနေမှာ ရှိနေပါတယ်။
လုပ်အားခ တိးမြှင့်ပေးရေးမှာ အလုပ်ရှင်နဲ့ အလုပ်သမားတွေအကြား ဆွေးနွေးညှိနှိုင်းလို့
မရတော့တာကြောင့် ဥပဒေကြောင်းအရ ဖြေရှင်းဖို့ ကြိုးစားတာလို့ တိုင်ရီဖိနပ်စက်ရုံမှာ ၈ နှစ်ကြာ
အလုပ်လုပ်ခဲ့တဲ့ ဆန္ဒပြအလုပ်သမား ခေါင်းဆောင် တဦးဖြစ်တဲ့ ဒေါ်မိုးဝေက ပြောပါတယ်။
“ဒီလိုမျိုး အရမ်းတာရှည်နေတာ ဘယ်သူ့အတွက်မှ မကောင်းဘူးလေ။ ဒါပေမယ့် တိုင်ပင်ညှိနှိုင်းရေး
အဖွဲ့တွေ၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်း တကယ်တိကျတဲ့ ဆွေးနွေးပွဲဖြစ်အောင် ဖိအားပေးဖို့
လိုမယ်လို့ ကျမထင်တယ်။ သူတို့ပေးထားတဲ့ နှုနးထားထက် တိုးမြှင့်မပေးနိုင်ဘူးဆိုတော့ အလုပ်သမားထု
ကလည်း မကျေနပ်ဘူးပေါ့နော်။ အခု နောက်ဆုံး အခြေအနေကတော့ ဝါဏိဇ္စပဋိပက္ခမှုကော်မတီခုံရုံးကို
တက်ဖို့ စီစဉ်နေပါတယ်။ ဘယ်လောက်ကြာမယ် ဆိုတာက ကန့်သတ်လို့ မရဘူးလေ။”
ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ အလုပ်သမားသပိတ်ကို အလုပ်သမားရေးရာ ဝန်ကြီးဌာနက ညွန်ကြားရေးမှူးချုပ်
ဦးချစ်ရှိန်၊ ရန်ကုန်တိုငး အလုပ်သမား ညွန်ကြားမှူးဦးစီးဌာနက ဒု - ညွှန်ကြားရေးမှူး ဦးမျိုးအောင်တို့က
ဝင်ရောက် ညှိနှိုင်းဖို့ ကြိုးစားပေမယ့် ပြေလည်မှု မရခဲ့ပါဘူး။
အလုပ်သမားတွေဘက်က တနာရီလုပ်အားခကို ၁၅၀ အထိ တောင်းဆိုတာကို အလုပ်ရှင်ဘက်က နဂို ၇၅
ကျပ် ပေးတာကို ၁၀၀ အထိပဲ တိုးမယ်လို့ ပြောပြီး၊ အလုပ်သမားတွေ တောင်းဆိုတဲ့ တလလုံး
ရက်မှန်ကြေး ၈၀၀၀ ကျပ်ကိုလည်း အလုပ်ရှင်ဘက်က နဂိုအတိုင်း ၆၀၀၀ ကျပ်ပဲ ပေးမယ်လို့
တင်းခံနေတာကြောင့် ပြေလည်မှု မရတာပါ။
အလုပ်သမားတွေဘက်က ဥပဒေအကြံပေးဖြစ်တဲ့ ရှေ့နေကို ဖိုးဖြူကတော့ ဥပဒေကြောင်းအရ
လုပ်ဆောင်တဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ချတဲ့အထိ ရက်သတ္တပတ် ၁ ပတ် ၂ပတ်ထက် ပိုမကြာသင့်ပေမယ့်
အာဏာပိုင်တွေရဲ့ သဘောထားအပေါ်မှာ မူတည်တယ်လို့ ပြောပါတယ်။
လက်ရှိ အလုပ်သမား ဥပဒေတွေက အလုပ်သမားတွေအပေါ် အကာအကွယ် မပေးနိုင်မှာကိုလည်း
စိးရိမ်တယ်လို့ ရှေ့နေ ကိုဖးဖြူက ပြောပါတယ်။
“၁၉၇၉ ခုနှစ် ဝါဏိဇ္စပဋိပက္ခမှု အက်ဥပဒေ အတိုငး ပြဋ္ဌာန်းချက်ပါ အခွင့်အရေးတွေကိုတောင်
အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားမှုဌာနက အကောင်အထည် ဖော်ခြင်း မရှိတာကို
တွေ့ရတယ်။ ရှေ့နေရှေ့ရပ်တွေနဲ့ ခုခံချေပမှုကို ရန်သူသဖွယ် ဆက်ဆံတာကို အလုပ်သမားတွေက
ခံစားနေကြရတယ်။ အခု နောက်တခါ အလုပ်ရှင် အလုပ်သမားတွေ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေဟာ
ဝန်ကြီးဌာနတွေ အလိုကျ ဝန်ကြီးဌာနစိတ်ကြိုက် ဖြေရှင်းခွင့်အရ ပြဋ္ဌာန်းတဲ့ ဥပဒေဖြစ်လာမှာကို ကျနော်တို့
အလွန်ပဲ စိုးရိမ်ပါတယ်။”
ရှေ့တပတ်ထဲမှာ လှိုင်သာယာမြို့နယ် အလုပ်သမားအမှုတွေကို ကြားနာစစ်ဆေးတဲ့
ဝါဏိဇ္စပဋိပက္ခမှုကော်မတီခုံရုံးကို တင်သွင်းမယ်လို့ ရှေ့နေ ကိုဖိုးဖြူက ပြောပါတယ်။
ိအလုပ်သမားအင်အား ၂၀၀၀ နီးပါးရှိတဲ့ တိုင်ရီ ဖိနပ်စက်ရုံကို တရုတ် လူမျိုးတယောက်နဲ့
မြန်မာလူမျိုးတယောက်တို့ ဖက်စပ်ပိုင်တာဖြစ်ပါတယ်။
အလုပ်ရှင်ဘက်က ဆန္ဒပြသမားတွေကို ပြီးခဲ့တဲ့ (စနေနေ့) နောက်ဆုံးထားပြီး အလုပ်ပြန်မဆင်းရင်
မိမိဆန္ဒအလျှောက် အလုပ်ထွက်ပြီးသား ဖြစ်မယ်၊ ရန်ကုန်တိုငး အလုပ်သမားရုံးမှာ လုပ်ခလစာတွေကို
ကိုယ်တိုင် သွားယူဖို့ သတိပေးခဲ့ပေမယ့် အလုပ်သမားတွေက လခလည်းမထုတ်ဘဲ ဒီနေ့အထိ ဆက်လက်
ဆန္ဒပြနေတာ ဖြစ်ပါတယ်။

by;  DVB

Friday, February 17, 2012

ရှင်ဘုရင်ကို ကြိုးကိုင်တဲ့ အစေခံ

ရှင်ဘုရင်ကို ကြိုးကိုင်တဲ့ အစေခံ ဒါမှမဟုတ် အစေအပါးဆိုတာ ဘယ်လို ကြီးလဲ၊ ရှိရောရှိရဲ့လားလို့ မေးကောင်း မေးကြမှာ သေချာပါတယ်။ ပြောချင်က ရှိပါတယ်။ ခင်ဗျားလည်း ကြိုးစားရင် ဖြစ်နိုင်ပါတယ်။ ဟုတ်တယ်လေ လူတိုင်း မှာ အားနည်းချက်ဆိုတာ ရှိတတ်တယ်။ အဲဒီအားနည်းချက်ကို ကိုယ်ကသိနေရင် ဘုရင်ပဲဖြစ်ဖြစ်၊ သူဌေးပဲဖြစ်ဖြစ် ဘယ်သူ့ ကိုမဆို ကိုယ်မရှိရင်မဖြစ်တဲ့ ဘ၀ကို ရောက်သွားစေပြီး နောက်ဆုံးမှာ သူတို့ကို ကြိုးကိုင်ခြယ်လှယ်သွားနိုင်ပါလိမ့်မယ်။
တကယ့်တကယ်က လူတွေမှာ ကိုယ်ပိုင်အရည်အချင်းတွေရှိပါတယ်။ တချို့က မဖော်ထုတ်တဲ့၊ မဖော်ထုတ်နိုင် တဲ့အတွက် ငုပ်နေတာ၊ ငုံနေတာပါ။ အဲဒါ တွေကို ပြောင်မြောက်ထွန်းကားအောင် လုပ်ယူရင်ဖြစ်ပါတယ်။ မိမိရဲ့ ကြိုးပမ်း အားထုတ်မှုအရ ထွန်းကားအောင်မြင်လာ ရင် ကိုယ့်လုပ်ငန်းခွင်၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်အထက်လူကြီးရှေ့မှာ ကိုယ်ဟာ ထင်ပေါ်လာပါလိမ့်မယ်။
ကိုယ်က ကိုယ့်ပတ်ဝန်းကျင်က လူတွေနဲ့ အလုပ်တွဲလုပ်နေတဲ့အခါ စွမ်းအားရှိသလောက် ကိုယ်ရော၊ စိတ်ပါ နှစ်ပြီး လုပ်ဖို့တော့လိုပါလိမ့်မယ်။ ဒီအခါ ကိုယ့်ရဲ့ အရည်အချင်းဟာ တခြားသူများ ထက် ပေါ်ပေါ်လွင်လွင်ဖြစ်လာမှာ အမှန် ပါပဲ။ ဒီအချိန်မှာ ကိုယ့်ရဲ့ ကြိုးစားအား ထုတ်မှုကို လျှော့ချမပစ်ဘဲ ဖြစ်နိုင်ရင် မြှင့်တင်ရင်းက ကိုယ့်အရည်အချင်းကို ထွန်းကားလာစေသင့်ပါတယ်။ ဒီလိုနဲ့ ကိုယ်ဟာ လုပ်ငန်းခွင်မှာ ထူးချွန်တဲ့သူ တစ်ဦးအဖြစ် အများက အသိအမှတ်ပြု လာပါလိမ့်မယ်။
အဲဒီအခြေအနေကိုလည်း မရောက်၊ ထင်သလောက်လည်း ဖြစ်မလာရင် ကိုယ့်ရဲ့ ကြိုးပမ်းအားထုတ်မှုဟာ သာမန် အဆင့်ပဲ ရှိနေသေးလို့ဆိုတာ နားလည် စေချင်တယ်။ ကိုယ်ဟာ ထူးချွန်ထက်မြက် တဲ့သူ တစ်ဦးဖြစ်ဖို့ဆိုတာ သူများထက် နှာတစ်ဖျားပိုမှ၊ ခေါင်းတစ်လုံးပိုမြင့်မှ ဖြစ်တယ်ဆိုတာ နားလည်ထားသင့် ပါတယ်။
အများရှေ့မှာ၊ ကိုယ်နဲ့လုပ်ငန်းတွဲ လုပ်ကြတဲ့ သူတွေရှေ့မှာ ကိုယ်ဟာ ထင်ပေါ်သူတစ်ဦးဖြစ်လာပြီဆိုရင်တော့ ခင်ဗျားဟာ ပထမအစမ်းကို အောင်မြင်ပြီ လို့ ကောက်ချက်ချရင် ရပါတယ်။ ဒီတော့ စာမေးပွဲအောင်ပြီပဲဆိုပြီး ကြိုးစားမှုကို ရပ်လိုက်တော့မယ်ဆိုပြီး လျှော့ချလိုက်လို့ တော့ မရပါဘူး။ ပုံမှန်ပဲ ရှိပါစေ။
လုပ်ရမှာက မိမိအလုပ်ထဲမှာ၊ မိမိ ပတ်ဝန်းကျင်မှာ မိမိမရှိရင် မဖြစ်ဘူးဆိုတဲ့ အနေအထားကို စမ်းသပ်ကြည့်ဖို့ပါပဲ။ အလုပ်တွေမှာ လုပ်ဖော်ကိုင်ဖက်တွေဟာ ကိုယ်က အကြိုးစားဆုံးမို့ ကိုယ့်ကို မှီခိုကြ မှာ ဓမ်္မတာပဲ။ ဒါကို ရှင်သန်နေပါစေ။ ဒါပေမဲ့ ကိုယ်က ကာလတစ်ခုမှာတော့ အကြောင်းပြချက်တစ်ခုခုနဲ့ သူတို့ရဲ့ မှီခိုမှု ကို ဖြတ်တောက်ပစ်လိုက်ပါ။ ဒီအချိန်မျိုး မှာ အားလုံးက ““သူမရှိရင် မဖြစ်ဘူး””ဆိုတဲ့ အတွေးနဲ့ အယူအဆတွေပေါ်လာတာကို တွေ့ရပါလိမ့်မယ်။
အရင့်အရင်ကတည်းက ခင်ဗျားဟာ အကြိုးစားဆုံး၊ အထူးချွန်ဆုံး လုပ်ဖော် ကိုင်ဖက်တွေကို ကူညီစာနာမှုအရှိဆုံး ဆိုတာ သူတို့သိထားလေတော့ သူတို့ဟာ ခင်ဗျားကိုပဲ တစ်လျှောက်လုံးမှီခိုလာတဲ့ သဘောမျိုးဖြစ်နေတတ်ပါတယ်။ ဒီအချိန် မှာ ခင်ဗျားက ရုတ်တရက် အမှီမခံခဲ့ရင် အာလုံးဟာ ဘုံးဘုံးလဲပြိုကျလုမတက် ဖြစ်သွားမယ်။ ပြိုကျသွားချင်လည်း ပြိုကျ သွားမယ်လေ။ ဒီအချိန်မှာ သူတို့ဟာ ခင်ဗျားမရှိရင်မဖြစ်ဘူးဆိုတဲ့ အသိဝင်သွား ပါတယ်။
ဒါဆိုရင် ခင်ဗျားဟာ ဒုတိယအစမ်း စာမေးပွဲကို အောင်သွားပါပြီ။ ““သူရှိမှ ဖြစ်မယ်””ဆိုတဲ့အတွေးကို ခင်ဗျားလုပ်ငန်း ခွင်မှာ သို့မဟုတ် ခင်ဗျားပတ်ဝန်းကျင်မှာ သို့မဟုတ် ခင်ဗျားရဲ့လူကြီးကိုယ်တိုင်က ကောက်ချက်ချနေပြီဆိုရင်ဖြင့် ခင်ဗျား စာမေးပွဲအောင်ပြီပေါ့။ အားလုံးက ခင်ဗျား ကိုပဲ မှီခိုချင်တဲ့၊ မှီခိုနေတဲ့ သရုပ်ပေါ်နေ ပြီလေ။
ဒီကတစ်ဆင့် အားလုံးဟာ ခင်ဗျား ကိုလည်း မှီခို၊ ခင်ဗျားအတွက်လည်း ဆောင်ရွက်ပေးတဲ့အဆင့်ကို ရောက်လာ နိုင်တယ်။ အမိန့်နဲ့စေခိုင်းစရာမလိုဘဲ သူတို့ကိုယ်တိုင်က လိုလိုလားလားခင်ဗျားနဲ့ ပက်သက်ရာ ပတ်သက်ကြောင်း အလုပ် မှန်သမျှကို လုပ်ကိုင်ပေးတဲ့အဆင့်ကို ရောက်လာလိမ့်မယ်။ ခင်ဗျားရဲ့ လူကြီး ကလည်း ခင်ဗျားမှ ခင်ဗျား၊ ခင်ဗျားမရှိရင် မဖြစ်ဘူးဆိုတဲ့အဆင့်ကို ရောက်လာတတ် ပါတယ်။ အဲဒါဆိုရင် ခင်ဗျားစာမေးပွဲကြီး အောင်ပါပြီ။
ဒါပေမဲ့ စာမေးပွဲအောင်သူတိုင်းဟာ ဂုဏ်ထူးမပါတတ်တာကိုလည်း သတိထား ဖို့ လိုလိမ့်မယ်။ ခင်ဗျားဟာ ဂုဏ်ထူးနဲ့ အောင်တဲ့သူလား၊ ရိုးရိုးအောင်တာလား ဆိုတာကတော့ ခွဲခြားကြည့်ဖို့ လိုလိမ့်မယ်။ ဒီနေရာမှာ ဂုဏ်ထူးမှတ်တွေနဲ့ အောင်မြင် သူတွေဟာ ဘယ်သူတွေလဲဆိုတာသိရင် ကိုယ့်ရဲ့အရည်အချင်းကို အကဲခတ်နိုင် ပါပြီ။
““ရှင်ဘုရင်ကို ကြိုးကိုင်တဲ့အစေခံ”” ဆိုတဲ့ စကားတစ်ခုရှိတယ်။ တကယ်တော့ သူက အခိုင်းအစေ၊ မင်းမှုထမ်းအဆင့်ပဲ ဖြစ်တာတော့ အမှန်ပါပဲ။ ဒါပေမဲ့ အတွေ့ အကြုံ၊ အရည်အချင်းနဲ့ စဉ်းစားဝေဖန် ပိုင်းဖြတ်တတ်မှုတွေက ဘုရင်ကို ကြိုးကိုင် နေတဲ့အဆင့်ကို ရောက်သွားတတ်တယ်။ ဘုရင်ရဲ့ အနီးအပါးမှာနေပြီး ဘုရင်ရဲ့ဆန်္ဒ ကို ဆောင်ရွက်နေရာက မထင်မှတ်ဘဲ အကြံပေးသလို ဖြစ်သွားတတ်တာမျိုးတွေ ရှိတတ်တယ်။ သူတင်ပြတာတွေကို ဘုရင်က လက်ခံဆောင်ရွက်တာများလာ တော့ အကြံပေးမဟုတ်ဘဲ အကြံပေး ဖြစ်သွားပြီး ဒီကတစ်ဆင့် ကြိုးကိုင်တဲ့ သူဘ၀ကို ရောက်သွားတတ်တယ်။
ဘုရင်ကို ကြိုးကိုင်နေတဲ့ အစေခံ တွေ၊ အခိုင်းစေတွေဟာ တကယ်ပဲ ရှိတတ် ပါတယ်။ ဒါကို ငြင်းပယ်လို့ မရပါဘူး။ ဒီအတွက် အဆိုးဆိုစရာလည်း မမြင်ဘူး။ သူတို့က တကယ်တော်ပြီး ဘုရင်က တကယ်ညံ့ရင်ဒီလို ဖြစ်မှာသေချာပါတယ်။ ဒီတော့ ဘယ်သူမဆို ရှင်ဘုရင်ကို ကြိုးကိုင် တဲ့ အစေခံမျိုးတွေဖြစ်လာကြရင် ကောင်း တယ်လို့ မြင်ပါတယ်။
ကိုယ်တာဝန်ယူထားတဲ့အလုပ်ကို တကယ်ပဲ ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင် နိုင်တာ၊ လုပ်ငန်းခွင်ထဲမှာ တခြားသူထက် ခေါင်းတစ်လုံးပိုမြင့်နေအောင် ကြိုးစားနိုင် တာ၊ တစ်ပါးသူတွေက ကိုယ့်ကို မှီခိုပြီး နေရတာ၊ ကိုယ်မရှိရင် မဖြစ်ဘူးဆိုတဲ့ အတွေးမျိုးသူတို့ဆီမှာ ပေါ်ပေါက်နေတာ၊  ဒီကတစ်ဆင့် ကိုယ့်အပေါ်လေးစား ယုံကြည်မှုကတစ်ဆင့် တချို့ကိုယ့်ရဲ့ အလုပ်တွေကို မခိုင်းရဘဲ သူတို့တစ်တွေ လုပ်ပေးလာကြတာတွေဟာ ““ရှင်ဘုရင်ကို ကြိုးကိုင်””တာပဲဖြစ်ပါတယ်။
စဉ်းစားကြည့်တဲ့အခါ ရှင်ဘုရင်ကို ကြိုးကိုင်နိုင်တဲ့ အနေအထားမျိုးကိုပါ လက်ဝယ်ပိုင်ပိုင် ဆုပ်ကိုင်ထားနိုင်ပြီ ဆိုရင်တော့ ကိုယ်ဟာတကယ့်ကို အောင် နိုင်သူတစ်ယောက်အဖြစ် သတ်မှတ်လို့ ရပါပြီ။ အလုပ်မှာသာမက ဘ၀မှာပါ အောင်မြင်နိုင်ရေးအတွက် အခြေခံရပြီ ဆိုတာ သေချာပါတယ်။
တစ်ခါတလေ လူတွေဟာ ထိပ်ဆုံး ကို ရောက်ပြီဆိုရင် ““အောင်နိုင်သူ””အဖြစ် ထင်မှတ်တတ်ကြတယ်။ တကယ်တော့ ထိပ်ဆုံးကိုရောက်တိုင်း အောင်မြင်တာ မဟုတ်ပါဘူး။ ပါဝါရှိနေတာ မဟုတ် ပါဘူး။ တစ်ခါတစ်ခါ နောက်ကွယ်က ကြိုးကိုင်နေတဲ့သူတွေ ရှိနေတတ်တယ်။ သူတို့ကို ““ရှင်ဘုရင်ကို ကြိုးကိုင်နေသော အစေခံ””လို့ ပြောရင် ရပါတယ်။

ထက်ကျော်by; The Opportunity Journal

ကိုယ့်ကိုယ်ကိုယ်မြှင့်တင်မှသည်

လူသားတစ်ယောက်၏ ဘ၀သည် ပုခက်တွင်းမှသည် သေခြင်းမှတ်တိုင် အကြား ခရီးသွားနေရခြင်းဖြစ်ပေသည်။ ဤခရီးစပ်ကြား လူသားကျွန်ုပ်တို့သည် သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင်၊ စီးပွားရေးပတ်ဝန်းကျင်၊ နိုင်ငံရေး ပတ်ဝန်းကျင်တို့တွင် ရှင်သန်နေနိုင်ကြ စေရန် ရုန်းကန်လှုပ်ရှားနေကြရပေသည်။
အမှန်တကယ်တွင်မူ လူ့ဘ၀သည် ရက်ပေါင်း(၂၀၀၀၀)ကျော်မျှသော ကာလ မျှသာလျှင်ဖြစ်ပေသည်။ ဤမျှသော ကာလအတွင်း လူသား ကျွန်ုပ်တို့သည် မိမိ ကိုယ်ကို မိမိပြုစုပျိုးထောင်ကာ တစစ တိုးတက်မြင့်မားလာစေရန် ကြိုးပမ်းလာ ကြရန်ဖြစ်ပေသည်။ တိုးတက်မြင့်မား ကြီးပွားလာစေရန်မှာ စဉ်ဆက်မပြတ် ကြိုးပမ်းကြရသည်သာဖြစ်ပေသည်။
ကျွန်ုပ်တို့သည် ငယ်စဉ်ကလေး ဘ၀မှစ၍ လူ့ဘ၀အတွက် လိုအပ်ချက် ဖြစ်သည့် အခြေခံပညာရေးမှ စတင်ကာ ဘ၀တွင် ကြုံတွေ့ရမည့် အခက်အခဲများ ကို ကျော်လွှားနိုင်ရန် အတတ်ပညာ၊ အသိပညာ အရပ်ရပ်ကို ဆည်းပူးလေ့လာ ကြရသည်ဖြစ်ပါသည်။
ငယ်စဉ်အခါမှစ၍ လူ့ဘ၀ တစ်လျှောက်လုံးကို ဖြတ်သန်းလျှောက် လှမ်းရာတွင် လိုက်နာကျင့်သုံးသင့်သည့် လမ်းစဉ်များကို ဆရာအစဉ်အဆက် မှာကြားလမ်းညွှန်ချက်များသည် မိမိတို့၏ ဘ၀လှပရေး၊ ဂုဏ်သိက်္ခာမြင့်မာရေး၊ မိသားစုအကျိုး၊ နိုင်ငံအကျိုးသယ်ပို့ဆောင် ရွက်နိုင်ရေးအတွက် မီးရှူးတန်ဆောင် လမ်းပြမှုများပင်ဖြစ်ပေသည်။
တစ်ချက်ချက်နှင့် ဆက်လက်မြည်သံ၊  တစ်ရံမခြား၊ နာရီသွားလျှင်၊ စံထား၍လျှင်၊ လုပ်စေချင်သည်၊ ချစ်ခင်လှစွာ၊ မေ့သည်း ချာတို့ဟူသည့် ရှေးဆရာတို့၏ ဆုံးမချက် သည် ကျောင်းသူကျောင်းသား လူငယ် လူရွယ်များအား ၀ီရိယ၊ လုံ့လကို မလျှော့ ဘဲ ဖြည်းဖြည်းမှန်မှန်ကြိုးပမ်းလုပ်ဆောင်မှု သည် မည်ကဲ့သို့ အကျိုးရှိမည်ကို ရိုးရှင်းစွာ တင်ပြအသိပေးထားချက်တစ်ရပ်ပင်ဖြစ် လေသည်။
ထိုအပြင် အများသူငါ ကြားဖူးပြီး သားဖြစ်သည့် ယုန်နှင့်လိပ်တို့၏ အကြောင်းကို သင်ခန်းစာယူနိုင်ရန်၊ ဘ၀ လမ်းညွှန်ချက်ဖြစ်စေရန်လည်း အသိပေး ထားလေသည်။ ယုန်နဲ့လိပ်ကို ပုံပြဆို၊ ထိုထိုမှတ်ကြရန်ပင်ဖြစ်လေသည်။ အင်္ဂလိပ်စကားပုံတစ်ခုရှိသည်ကို တွေ့ဖူး၊ သိဖူးကြသည်ဖြစ်ပါသည်။ (Slow and Steady wins the race)ပင်ဖြစ်ပါသည်။
ဤသို့အားဖြင့် ငယ်ရွယ်စဉ်ဘ၀ ကပင် မိမိတို့၏ မိဘများက မိမိတို့ကို လူတစ်လုံးသူတစ်လုံးဖြစ်စေရန် ပြုစု ပျိုးထောင်ပေးခဲ့သည်မှာ မိမိတို့၏ ဘ၀ ရှေ့ရေးသာယာဖြောင့်ဖြူး မြင့်မားတိုးတက် စေရန်ဖြစ်ပေသည်။ ထိုသို့မိဘများက ပြုစု ပျိုးထောင်ပေးခဲ့သည်မှာ ငယ်စဉ်ပညာရေး က စတင်ခဲ့ပေသည်။ ပညာရဲရင့်မှ ပွဲလယ် တင့်ပေမည်ဟူသည့် အသိတရားကြောင့် ပင်ဖြစ်ပေသည်။
ပညာဟူသည်မြတ်ရွှေအိုးဆိုသည့် အတိုင်းပင် ပညာတွင် ရင်းနှီးမြှုပ်နှံသည် မှာ နောင်အနာဂတ်အတွက် ရွှေအိုးမြှုပ် သကဲ့သို့ပင်ဖြစ်သည်။ အသိဉဏ်ပညာ သည် စွမ်းအားပင်ဖြစ်ပေသည်။ (Knowledge is power)ပညာကို ဘယ်လူဆိုးတို့ ယူခိုးလို့ပါပါ့မယ်ဟုပင်ဖြစ်ပေသည်။
ဤသည်မှာ မိဘများ၏ သားသမီး များ၏ ဘ၀လှပရေးအတွက် ပြုစု ပျိုးထောင်မြှင့်တင်ပေးခြင်းပင်ဖြစ်ပေသည်။ မိဘဆိုသည်မှာ သားသမီးတို့ကို မိမိတို့၏ ဘ၀ထက်မြင့်မားလှပစေချင်သည်ဖြစ်သည့် အလျောက် ပြုစုပျိုးထောင်မြှင့်တင်ပေး ခြင်းဖြစ်သည်။ မိမိတို့၏ သားသမီးများ မိမိတို့၏ ဘ၀ကို မိမိတို့ကိုယ်တိုင် မြှင့်တင်နိုင်ကြသည့် လမ်းကြောင်းကို လည်း ပြပေးကြသည်ဖြစ်ပေသည်။
မိဘဆိုသည်မှာ သားသမီးများကို မိမိတို့၏ဘ၀ထက် သာလွန်မြင့်တက်စေ လိုကြသဖြင့် ဘ၀မြှင့်တင်ရေးလမ်းကြောင်း ပေါ်သို့တင်ပေးကြခြင်းဖြစ်ပေသည်။ သားသမီးတို့မှာလည်း မိမိတို့၏ ဘဝ
မြှင့်တင်ကြိုးပမ်းခြင်းကြောင့် မိဘတို့ထက် သာလွန်သည်လည်းရှိ၏။ မိဘနှင့်တန်းတူ ရှိသလို မိဘထက်လျော့ကျသည်လည်း ရှိတတ်ပေသည်။ သို့ဖြစ်၍လည်း ပိဋိကတ် တော်လာ သား(၃)မျိုးရှိသည်ကို တွေ့ရ ပေသည်။
အတိဇာတသား - အဘကို လွန် သောသား(မိဘထက် ဂုဏ်ကျေးဇူးလွန် မြတ်သောသား)
အနုဇာတသား - အဘနှင့်တန်းတူ သား(မိဘနှင့်ဂုဏ်ကျေးဇူးတူမျှသောသား)
အ၀ဇာတသား - အဘအောက် ယုတ်လျော့သောသား(မိဘအောက် ဂုဏ် ကျေးဇူးနိမ့်သောသား)
လူသားသည် မိဘ၏ပြုစုပျိုးထောင်မှု ဘ၀ကို အမြဲတမ်းရယူခံယူနိုင်နေသည် မဟုတ်ပေ။ အရွယ်ရောက်သည်အခါ မိမိ ကိုယ်တိုင်ပညာရှာ၊ အတွေ့အကြုံ၊ ဗဟု သုတရှာစသည်ဖြင့် မိမိဘ၀ကို မိမိ တိုးတက်အောင်ဖန်တီးကြရသည်၊ မြှင့်တင် ကြရသည်။ အတ္တာဟိအတ်္တနောနာထော၊ မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်ပေတော့ သည်။
ဘ၀တွင် မိမိ၏ ရည်မှန်းချက်သည် ဘာလဲ၊ အနာဂတ်၏ မျှော်မှန်းချက်သည် ဘာလဲစသည်ဖြင့် ဆန်းစစ်ရန် လိုအပ်လာ ပေသည်။ ထိုကဲ့သို့ ဆန်းစစ်ပြီးသည်နှင့် တစ်ပြိုင်နက် မိမိ၏ ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် လိုအပ်ချက် များကိုဖြည့်ဆည်း၊ နည်းလမ်းအမျိုးမျိုး ၀ီရိယအသွယ်သွယ်ဖြင့် ကြိုးပမ်းရပေ သည်။
မိမိဘ၀ကို တိုးတက်မြင့်မားစေရန် ကောင်းမွန်သည့် စိတ်ဓာတ်နှလုံးသားနှင့် ကြိုးပမ်းမြှင့်တင်ခြင်းသည် မိမိ၏ မိသားစု ကို မြှင့်တင်ခြင်းမည်ပါသည်။ မိသားစု ဘ၀ကို မြှင့်တင်ခြင်းသည် နိုင်ငံတော်၏ အကျိုး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ခြင်းဖြစ်ပါသည်။ မိမိ၏ဘ၀၊ အနာဂတ်မြင့်မားတိုးတက်လှပရေးအတွက် မြှင့်တင်ကြိုးပမ်းရာတွင် ပြင်းထန်သည့်
ယုံကြည်ချက်ဆန်္ဒဖြင့် ကြိုးပမ်းကြရသည် ဖြစ်ပါသည်။
ပြင်းထန်ထက်သန်သည့် ဆန်္ဒဖြင့် ကြိုးပမ်းမှုကြောင့် မည်သည့်အရာမဆို အောင်မြင်နိုင်သည်သာဖြစ်ပါသည်။ ဗုဒ္ဓ ဘာသာကျွမ်းဂန်အလာ စာပေတို့တွင် ပါရှိ သည်ကို လေ့လာနိုင်ပါသည်။
ဆန္ဒ၀တော - ပြင်းပြသော အလို ဆန်္ဒရှိသူအား ကိံနာမအဘယ်မည်သော ကမ္မံ - အမှုကိစ္စဟူသမျှသည် နသဇ္ဈတိ - မပြီးစီးဘဲရှိနိုင်ပါမည်နည်း။ ဘိဇ္ဈတိ ဧ၀ မုချအမှန် - ဧကန်ပြီးစီးအောင်မြင်ရမည် သာတည်း။
ဆန္ဒပြင်းပြ မိမိဘ၀ကို မြင့်မား တိုးတက်လာစေရန် မြှင့်တင်ကြိုးပမ်းသော သူတစ်ယောက်အနေဖြင့် ၀ီရိယစွမ်းအား ထက်သန်သော စိတ်တို့ဖြင့် အချိန်ကို တန်ဖိုးရှိစွာ အသုံးချကြိုးပမ်းဆောင်ရွက် ကြရန် လိုအပ်ပါသည်။ အဆိုးဝါးဆုံး၊ တန်ဖိုးအများဆုံးကုန်ကျမှုသည် အချိန် ဖြုန်းမှုပင်ဖြစ်ပေသည်။ ထိုကြောင့် အချိန် ကို ကောင်းမွန်စွာအသုံးချရန် လိုအပ်ပေ သည်။ အချိန်ကို စီမံခန့်ခွဲခြင်းပင်ဖြစ် သည်။
မိမိ၏ဘ၀ကို မြင့်မားစေရန် မြှင့်တင် ကြိုးပမ်းကြရာတွင် မိမိဘ၀ကို တိုးတက် မြင့်မားစေရန် အထောက်အကူပြုမည့် ပတ်ဝန်းကျင်ကို ရွေးချယ်ချဉ်းကပ်နိုင်စေ ရန် လိုအပ်ပေသည်။ စိတ်အားသတ်္တိ၊ စာရိတ်္တသတ်္တိမြင့်မားရန်လည်း လိုအပ်ပေ သည်။ စွမ်းရည်သည် မိမိကိုယ်ကို အထက် ရောက်အောင် ပို့ဆောင်ပေးနိုင်ပေသည်။ သို့သော် အပေါ်တွင်မြဲရန် ကိုယ့်ကျင့် တရား လိုအပ်ပေတော့သည်။
ထို့ကြောင့် မိမိကိုယ်ကို မြှင့်တင် ကြိုးပမ်းကြရာ၌ အတတ်ပညာ၊ ဉဏ် ပညာ၊ မိတ်ဆွေအပေါင်းအသင်း၊ အချိန် ကို တန်ဖိုးရှိစွာ အသုံးပြုမှုတို့သည်သာမက စိတ်အားသတ်္တိ(Moral Courage)၊ စာရိတ်္တသတ်္တိတို့ကိုပါ မြှင့်တင်ကြိုးပမ်းသင့် ကြပေသည်။


ကြည်ခင်
by; The Journal Opportunity
 

တောင်းဆိုမှုမရသဖြင့် တိုင်ရီအလုပ်သမားများ ဆက်လက်ဆန္ဒပြ

ရန်ကုန် လှိုင်သာယာ စက်မှုဇုံရှိ တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမား ၁၈၀၀ ခန့်က ၎င်းတို့ တောင်းဆို ထားသည့် လိုလားချက်များ မရသေးသည့် အတွက် ၁၀ ရက် မြောက်နေ့အဖြစ် ငြိမ်းချမ်းစွာ ဆက်လက် ဆန္ဒပြနေကြောင်း သတင်းရရှိသည်။
တိုင်ရီ ဖိနပ်စက်ရုံအလုပ်သမားများ ငြိမ်းချမ်းစွာ ဆန္ဒပြနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)
ယမန်နေ့က အလုပ်ရှင်နှင့် အလုပ်သမားကိုယ်စားလှယ် ၃၈ ဦးတို့ ညှိနှိုင်းရာတွင် အချိန်ပိုကြေး တနာရီ ၇၅ ကျပ်မှ ၁၅၀ ကျပ် တိုးမြှင့်တောင်းခဲ့သည်ကို ၂၅ ကျပ်သာတိုး၍ ၁၀၀ ကျပ် သတ်မှတ်ပေးခဲ့ကြောင်း၊ ရက်မှန်ကြေး ၆၀၀၀ ကျပ်မှ ၈၀၀၀ ကျပ် တိုးမြှင့်တောင်းထားသည်ကိုလည်း လုံးဝ တိုးမပေးကြောင်း၊ ထို့အပြင် စာချုပ် လက်မှတ်ထိုးရမည့် အချက်အလက်များနှင့် လုံးဝ ခြားနားနေသောကြောင့် ဆက်လက် ဆန္ဒပြရခြင်း ဖြစ်ကြောင်း အလုပ်သမားတဦးဖြစ်သူ ကိုမျိုးမင်းသိန်းက ဧရာဝတီကိုပြောသည်။
အလုပ်သမားများအား အချိန်ပိုကြေး ၇၅ ကျပ်မှ ၁၀၀ ကျပ် အထိ တိုးပေးသည်ကို အလုပ်သမား ကိုယ်စားလှယ် တဦး၏ ပြောစကားအရ ၁၀၀ ကျပ် ထပ်တိုးပေးသည်ဟု ထင်မြင်ခဲ့မိ၍ အလုပ်သမားအများစုက တနာရီ အချိန်ပိုကြေး ၁၇၅ ကျပ်ဟု မှတ်ယူမှားခဲ့ရာ ယနေ့နံနက် စက်ရုံရှေ့သို့ လာရောက်မှ အဖြစ်မှန်ကို သိရသည်ဟု သူက ဆိုသည်။
သို့သော် အလုပ်သမား ၁၅ ဦးခန့်သည် စားဝတ်နေရေးခက်ခဲနေ၍ အချိန်ပိုကြေး ၂၅ ကျပ် ထပ်တိုးပေးသည်ကို လက်ခံကာ ယနေ့မှစတင် အလုပ်ပြန်ဆင်းကြောင်း သိရသည်။
ယခုလက်ရှိတွင် အလုပ်သမများ နေထိုင်ရာ အဆောင်များ၌ အလုပ်ရှင်၏ လူယုံများက ခြိမ်းခြောက်မှုရှိနေကြောင်း၊ စနေနေ့အထိ အလုပ်မဆင်းပါက အဆောင်မှ ဖယ်ရှားမည်၊ အလုပ်မှ ရာသက်ပန် ထုတ်မည်ဟု ပြောကြောင်း အလုပ်သမားများက ဆိုသည်။
“ကျနော်တို့ မနက် ၆ နာရီကတည်းက စက်ရုံရှေ့မှာပဲ ဆန္ဒပြတယ်။ အာဏာပိုင်တွေဘက်က ဘာမှ ခြိမ်းခြောက် တာတော့ မရှိသေးဘူး။ ကျနော်တို့ အလုပ်သမားတွေကို အလုပ်ရှင်ဘက်ကပဲ ခြိမ်းခြောက်နေတာပါ” ဟု ကိုမျိုးမင်းသိန်းက ပြောသည်။
အလုပ်ရှင်၏ တရားဥပဒေမဲ့ ခြိမ်းခြောက်မှုများ၊ အလုပ်သမား ရပိုင်ခွင့်များကို မျက်ကွယ်ပြုနေမှုများ အတွက် အလုပ်သမား ပြဿနာဖြေရှင်းရေး ၀ါဏိဇ္ဇ ခုံရုံးသို့ ဥပဒေကြောင်းအရ တင်ပြတိုင်ကြားသွားရန် အလုပ်သမား ကိုယ်စားလှယ် ၄၆ ဦးကို ရွေးချယ်ထားပြီး ဥပဒေရေးရာ အကူအညီပေးသူ ရှေ့နေ ကိုဖိုးဖြူကို ကူညီပေးရန် ပြောဆိုထားသည်ဟု သူက ဆက်ပြောသည်။
ဆန္ဒပြမှု ၆ ရက်မြောက်နေ့က အလုပ်သမား ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန်ကိုယ်တိုင် လာရောက်ခဲ့သော် လည်း မပြေလည်ခဲ့ကြောင်း၊ ယခု အလုပ်သမားများ၏ နစ်နာချက်များကို အချက် ၁၇ ချက်နှင့်တကွ တင်ပြတောင်းဆို ထားသော်လည်း အလုပ်ရှင်ဘက်က ပြေလည်အောင် မဖြေရှင်းသေးသည်မှာ ရက်ကြာသည်နှင့်အမျှ အလုပ်သမား များ စားဝတ်နေရေး ပိုခက်ခဲလာကြောင်း သိရသည်။
တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြမှု သတင်းကို ပြည်တွင်း သတင်းဂျာနယ် များတွင် ဖော်ပြမှု အားနည်း နေကြောင်း ရှေ့နေ ကိုဖိုးဖြူက ပြောသည်။
“သတင်းဂျာနယ်တွေက ဓာတ်ပုံလည်း လာရိုက်တယ်၊ အင်တာဗျူးတွေလည်း လုပ်တယ်။ ဒါပေမယ့် ကျနော်တို့ ပြောတာတွေ အပြည့်အစုံ ပါလာတာ မတွေ့ရဘူး” ဟု သူက ဆိုသည်။

by; Irrawaddy

Thursday, February 16, 2012

တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမား​ ဆန္ဒပြပွဲ ပြီး​ဆုံး

ရန်ကုန်တိုင်း ​ လှိုင်သာယာမြို့​နယ်က တိုင်ဝမ်နိုင်ငံသား​ပိုင် တိုင်ရီ ဖိနပ်စက်ရုံမှာ အလုပ်သမား​တွေက လုပ်အား​ခတိုး​ပေး​ဖို့​ဆန္ဒပြ​တောင်း​ဆိုချက်ကို သီတင်း​ တပတ်​ကျော် အကြာမှာ အလုပ် ရှင်ဘက်က လိုက်​လျောလိုက်ပြီဖြစ်ပါတယ်။
ဖေ​ဖော်ဝါရီ ၁၅ ရက် မွန်း​လွဲပိုင်း​မှာ အလုပ်ရှင်နဲ့​ အလုပ်သမား​တွေအကြား​ သ​ဘောတူညီမှုရခဲ့​တာပါ။ ဒီသ​ဘောတူညီချက်အရ အလုပ်သမား​တွေ ​တောင်း​ဆိုတဲ့​ အတိုင်း​ တနာရီ ကို အရင်က ၇၅ ကျပ် ရရှိရာက​နေ လုပ်ခ ကျပ် ၁၀၀ ရရှိခဲ့​ပြီး​ အချိန်ပို တနာရီ ၁၆၄ ကျပ်နဲ့​ တလအတွင်း​ ရက်မှန်​ကြေး​ နဂိုအတိုင်း​ ကျပ် ၆၀၀၀ နှုန်း​ ရရှိခဲ့​တယ်လို့​ အလုပ်သမား​တွေဘက်က လိုက်ပါ​ဆောင်ရွက်​ပေး​သူ ​ရှေ့​နေ ကိုဖိုး​ဖြူက ​ပြောပါတယ်။
ခုလို သ​ဘောတူညီချက် ရခဲ့​လို့​ အလုပ်သမား​တွေဟာ အရင်ကထက် တလကို လစာ ကျပ် (၁)​သောင်း​ကျော် ပိုရလာမှာ ဖြစ်ပါတယ်။
အလုပ်သမား​တွေဟာ အရင်က တလကို အချိန်ပို​ကြေး​၊​ ရက်မှန်​ကြေး​ အပါအဝင် ပျမ်း​မျှ ကျပ် ၃၇,၀၀၀ ​ကျော်​လောက်ပဲလုပ်ခလစာ ရကြတာပါ။
အလုပ်သမား​ တွေဟာ လုပ်အား​ခ တိုး​မြှင့်​ရရှိ​ရေး​အတွက် ​ဖေ​ဖော်ဝါရီ ၆ ရက်​နေ့​ မနက်ပိုင်း​ကစပြီး​ ဆန္ဒပြ​နေကြတာပါ။ မ​နေ့​က​တော့​ အစိုး​ရ အလုပ်သမား​ရေး​ရာဝန်ကြီး​ဌာနရဲ့​ ညွှန်ကြား​ရေး​မှူး​ ကိုယ်တိုင်အလုပ်ရှင်နဲ့​ အလုပ်သမား​အကြား​ ဝင်​ရောက် ​ဖြေရှင်း​ပေး​ခဲ့​ပေမယ့်​ မ​ပြေလည်ဘဲ ဒီက​နေ့​မှာ အလုပ်သမား​တွေရဲ့​ ​တောင်း​ဆိုမှု​တွေ ရရှိခဲ့​တာပါ။
တိုင်ရီ ဖိနပ် စက်ရုံကို ၁၉၉၇ ခုနှစ်က တည်​ဆောက်ခဲ့​ပြီး​ တိုင်ဝမ် သူ​ဌေး​ တဦး​ပိုင် ကာ တရုတ်အမျိုး​သမီး​ တဦး​က စီမံခန့်​ခွဲ​နေတာ ဖြစ်ပါတယ်။ 

by; DVB

Wednesday, February 15, 2012

မဏိပူရ်ရှိ မြန်မာပိုင် ရက်ကန်းရုံများ ပိတ်သိမ်းခံရဖွယ်ရှိ

ဒေသခံပိုင် ရက်ကန်းရုံများကို အကာအကွယ်ပေးရေးနှင့် နိုင်ငံခြားသားများ တရားဝင် ကိုယ်ပိုင်လုပ်ငန်း လုပ်ပိုင်ခွင့် မရှိခြင်းတို့ကြောင့် မြန်မာပိုင် ရက်ကန်းရုံများကို ပိတ်သိမ်းရန် အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရ်ပြည်နယ် ကျူရာကျန်ပူမြို့မှ ဒေသခံ ရက်ကန်းလုပ်ငန်းရှင်များနှင့် ဒေသခံအာဏာပိုင်များ ပူးပေါင်း စီစဉ်နေသည်ဟု သတင်းရရှိသည်။ “မြန်မာနိုင်ငံသားတွေက ဒီမှာ တရားဝင် နေထိုင်ခွင့်လက်မှတ်တွေ မရှိတဲ့အတွက် သူတို့ ကိုယ်ပိုင်စီးပွားရေး လုပ်ခွင့်မရှိဘူး။ အခု မြန်မာပိုင် ရက်ကန်းရုံတွေက တိုးလာတော့ ဒေသခံလုပ်ငန်းရှင်တွေက မကြိုက်ကြဘူး။ သူတို့ရဲ့ ရက်ကန်းရုံမှာပဲ ရက်ကန်းသမားအနေနဲ့ပဲ အလုပ်လုပ်စေချင်ကြတယ်။ မီဇိုရမ်မှာလိုပဲ နိုင်ငံခြားသားတွေက ကိုယ်ပိုင်ယက်ကန်းရုံ ထောင်ခွင့်မရှိရဘူးဆိုတာမျိုး

ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်ကိုင်ရရှိရေး လုပ်ဆောင်မည်ဟု ဒေါ်စု ပြော

ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေး၊ ပညာရေးနှင့် အလုပ်အကိုင်ရရှိရေးတို့ကို ကြိုးစား လုပ်ဆောင်သွားမည်ဟု
ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်သည်။

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပါတီစည်းရုံးရေး ခရီးစဉ်ဖြင့် ဧရာဝတီတိုင်း မြောင်းမြမြို့တွင် ရောက်ရှိနေစဉ် အင်္ဂါနေ့ မွန်းလွဲပိုင်းက မြို့ခံလူထုပရိတ်သတ် ၃ သောင်းကျော်ကို မိန့်ခွန်း ပြောကြားစဉ် ထည့်သွင်းပြောဆိုသွားခြင်း
ဖြစ်သည်။

“လူငယ်တွေကို ပြုစုပျိုးထောင်ပေးချင်တယ်။ ပညာတွေ ပိုပြီးတော့ ရအောင်လို့ လုပ်ပေးချင်တယ်။ လူကြီးလူငယ် မရွေး အားလုံးဟာ တင့်သင့်တဲ့ ကျန်းမာရေး စောင့်လျှောက်မှု ရဖို့ဆိုတာ ကျမတို့ NLD ရဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ ဒါဟာ ရိုးရိုးလေးပါ။ ကျမတို့ နိုင်ငံမှာ ပညာရေးစနစ်ကို ပိုပြီးတော့ ကောင်းမွန်အောင် လုပ်ရမယ်။ ကျန်းမာရေးစနစ်ကို ပိုပြီးတော့ ကောင်းမွန်အောင် လုပ်ရမယ်။ တင့်သင့်တဲ့ လစာတွေ၊ အလုပ်အကိုင်တွေ ရဖို့အတွက် ကျမတို့ ကြိုးစား သွားရမယ်”  ဟု ဒေါ်အောင်ဆန်းစုကြည်က ဒေသခံ လူထုကို ပြောသည်။
dspathain1
ပြည်သူလူထု၏ ကျန်းမာရေး၊ ပညာရေးနှင့် အလုပ်အကိုင်ရရှိရေးတို့ကို ကြိုးစား လုပ်ဆောင်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည် က ပြော (ဓါတ်ပုံ မဇ္ဈိမ)

NLD အနေဖြင့် ပြည်သူ့အကျိုးအတွက် ရည်မှန်းကာ ၂ဝဝ၈ အခြေခံဥပဒေထဲမှ ပြင်ဆင်စရာ လိုအပ်နေသည့် အချက်များကို ပြင်နိုင်ဖို့ ရည်ရွယ်ပြီး တိုင်းရင်းသား ပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုကြီးအတွင်း
အေးချမ်းသာယာစွာ နေထိုင်နိုင်ရန်အတွက် ငြိမ်းချမ်းရေးကို အလေးထား လုပ်ဆောင်မှာဖြစ်သလို ပြည်သူများကို အကာအကွယ်ပေးနိုင်မည့် ဥပဒေစိုးမိုးရေးတို့ကိုလည်း ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ထားကြောင်း
ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

“ဥပဒေစိုးမိုးရေးဆိုတာ ဘာလဲဆိုတော့ ပြည်သူတွေကို အကာအကွယ်ပေးမယ့် ဥပဒေတွ စိုးမိုးခြင်း ဖြစ်ပါတယ်။ ဥပဒေဆိုတာ ပြည်သူတွေကို ကာကွယ်ဖို့အတွက် သုံးရမယ့် အရာပါ။ ပြည်သူတွေကို အနှောက်အယှက်ပေးတဲ့
နေရာမှာ သုံးရမယ့် အရာ မဟုတ်ပါဘူးဆိုတာ အားလုံးသိအောင် ပြောချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် က မြောင်းမြ လူထုပရိတ်သတ်အား ပြောသည်။

မြို့ခံလူထုကလည်း လက်ခုပ်သြဘာပေး ထောက်ခံခဲ့ကြသလို “အမေစု ကျန်းမာပါစေ” ဟုလည်း အော်ဟစ် ဆုတောင်းကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ မြောင်းမြခရီးစဉ်တွင်  အစိုးရဝန်ထမ်းများလည်း အရပ်ဝတ်ဖြင့် လာရောက်ကြိုဆိုမှုများရှိခဲ့သည်။ မြို့ခံတဦးက “ဒီလိုကြိုဆိုမှုမျိုး ကျနော်တို့မြို့မှာ တခါမှ မရှိခဲ့ဖူးဘူး” ဟု မှတ်ချက်ပြုသည်။

ဧရာဝတီတိုင်း ခရီးစဉ်၌ ပုသိမ်နှင့် မြောင်းမြမြို့များကို ဦးတည်သွားခဲ့သော်လည်း အသွားနှင့် အပြန် ခရီးတလျှောက် တွင် ထိုမြို့နှစ်မြို့အပါအဝင် လမ်းတလျှောက်ရှိ ကျေးရွာ ဒေသခံများက ကရင်ဒုံးယိမ်းအကများ၊ ပန်းစည်း၊ ပန်းကုံးများ၊ NLD အမှတ်တံဆိပ် ခွပ်ဒေါင်းအလံများကို ဝှေ့ယမ်းကာ ကြိုဆိုနှုတ်ဆက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ပုသိမ်မြို့တွင်လည်း မြို့အဝင် လမ်းတလျှောက် ကြိုဆိုသူများ ပြည့်နှက်နေပြီး နည်းပညာ တက္ကသိုလ်မှ ကျောင်းသူ
ကျောင်းသားများကလည်း NLD အမှတ် တံဆိပ် ခွပ်ဒေါင်းအလံများ၊ အင်္ကျီများ၊ ဦးထုပ်များကို ဝတ်ဆင်ကာ ကြိုဆိုခဲ့ကြသလို မြို့ပေါ်ရှိ “ကိုးသိန်း”အားကစားကွင်းကြီးအတွင်း၌ လူဦးရေး တသိန်းဝန်းကျင်ခန့် လာရောက် ကြိုဆိုခဲ့ကြကြောင်း ယင်းခရီးစဉ်တွင် လိုက်ပါသွားသူများနှင့် ဒေသခံတို့ အပြောအရ သိရသည်။

ပုသိမ်မြို့ ကိုးသိန်း ကွင်းအတွင်း ပြောဆိုခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းထဲတွင် ဒေသခံများအနေဖြင့် ကြားဖြတ်ရွေး ကောက်ပွဲ မဲပေးရာတွင် ပယ်မဲများ ဖြစ်မသွားစေရန် ဂရုတစိုက် မဲပေးကြရန်နှင့် မဲများ မပျောက်ဆုံးစေရန် အတွက်လည်း ဒေသခံ ပြည်သူများက စောင့်ကြည့်ပေးဖို့ တိုက်တွန်းပြောဆိုသွားသည်။

“မဲထည့် ပေးတဲ့နေရာမှာလည်း မမှားနဲ့နော်။ ပယ်မဲဖြစ်အောင်လည်း မလုပ်ပါနဲ့။ ကျမတို့မဲတွေဟာ ပယ်မဲဖြစ်တာ လွယ်ပါတယ်။ ဘယ်လို မဲထည့်ရမလဲဆိုတဲ့ လက်ကမ်းစာစောင်တွေလည်း ကျမတို့ ဝေပါမယ်။ ဘယ်လို မဲထည့်ရမယ်။ ပယ်မဲ မဖြစ်အောင် ကိုယ်တိုင်တင်မက ကိုယ်ရဲ့ အသိမိတ်ဆွေတွေကိုလည်း ပညာပေးပြီးတော့ နှိုးဆော်ပေးကြပါလို့ ကျမ မေတ္တာရပ်ခံပါတယ်” ဟုဒေါ်အောင်ဆန်းစုကြည် က ပြောဆိုသွားသည်။

ထို့အတူ တခဲနက် ကွင်းလုံးပြည့် လာရောက်အားပေးကြသည့် ပရိတ်သတ်ကြီးကို “အခုဒီလောက်ထိ အင်တိုက်အားတိုက် ကြိုပြီးမှ ပုသိမ်မှာ ကျမတို့ မဲများများ မနိုင်ရင်တော့ တခုခုတော့ မဟုတ်တော့ဘူးနော်” ဟု ဒေါ်အောင်ဆန်းစုကြည်က အရွှန်းဖောက် ပြောဆိုသွားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ်နှင့် ၁၉၉၈ ခုနှစ်များတွင် ဧရာဝတီတိုင်းဘက်သို့ သွားရောက်ရန် ကြိုးပမ်းခဲ့သော်လည်း လမ်းခုလတ်တွင် အာဏာပိုင်များက ပိတ်ဆို့ဟန့်တားခဲ့သည်။

၁၉၈၉ ဧပြီလ ၅ ရက်နေ့က ကွယ်လွန်လေပြီးသော NLD ဒုဥက္ကဋ္ဌ ဦးကြည်မောင်နှင့် ဧရာဝတီတိုင်း စည်းရုံးရေး ခရီးထွက်ရာ ဓနုဖြူတွင် စစ်တပ်က ဟန့်တားခဲ့သည်။ ပစ်ခတ်ရန် အသင့်အနေအထား နောက်ဆုံးမိနစ်တွင်မှ ပစ်မိန့်ပြန်လည် ရုပ်သိမ်းခဲ့ခြင်းလည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီလ ၂၉ ရက်နေ့ကလည်း တနင်္သာရီတိုင်း ထားဝယ်မြို့သို့ နေချင်းပြန် ခရီး သွားရောက်ရာတွင် ထားဝယ်မြို့ခံတို့ ထောင်ပေါင်းများစွာတို့ ကြိုဆိုခဲ့ကြသည်။ ယင်းအပြင် ယခုလ ၄ ရက်နေ့နှင့် ၅ ရက်နေ့များတွင် မန္တလေးမြို့သို့ သွားရောက်ရန် စီစဉ်ထားသော်လည်း ဟောပြောပွဲ ကျင်းပရန် နေရာ အခက်အခဲ ရှိနေခြင်းကြောင့် ခရီးစဉ်ကို ခေတ္တ ရွှေ့ဆိုင်းထားလိုက်ရသည်။

by; မဇ္ဇျိမ္မ

Tuesday, February 14, 2012

မြန်မာအလုပ်သမ ၃၁ ဦး မီးခိုးငွေ့ရှုရှိုက်မိကာ မူးမေ့ခဲ့သဖြင့် ဆေးရုံသို့တင်ထား

Thai Union Frozen Products စက်ရုံမှ အလုပ်သမားများ (ဓါတ်ပုံ-MNN)
မြန်မာအလုပ်သမား အများ ဆုံးလုပ်ကိုင်နေသည့် ထိုင်းနိုင်ငံရှိ အအေးခန်းစက်ရုံတစ်ခုတွင် မီး လောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ မြန်မာ အလုပ်သမ ၃၁ ဦးမီးခိုးငွေ့ရှူရှိုက်မိ ကာ မူးမေ့ခဲ့သဖြင့် ဆေးရုံသို့တင် ထားခဲ့ရကြောင်း သိရသည်။

ယင်းဖြစ်ပွားမှုတွင် ဖေဖော်ဝါရီ ၁၁ ရက် မွန်းလွဲ ၂နာရီခန့်တွင် ထိုင်းနိုင်ငံ မဟာချိုင်ဒေသ Samut Sakhon ခရိုင်၊ Samut Sakhon မြို့ Thasai နယ်မြေ ၇ ရပ်ကွက် Big C ကုန် တိုက်အနီးရှိ Thai Union Frozen Products စက်ရုံ ပုစွန်အအေးခန်း၌ ဂက်(စ်)အိုး ပေါက်ရာမှတစ်ဆင့် မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း ဖေဖော်ဝါရီ ၁၂ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြချက်များ အရ သိရသည်။ အဆို ပါမီးလောင်မှု ဖြစ်ပွားသော စက်ရုံသည် ဝင်လမ်းကျဉ်း သဖြင့် မီးသတ်ယာဉ်များ ဝင်ထွက်ရန် အခက် အခဲရှိသဖြင့် ရဟတ်ယာဉ် နှစ်စင်း ဖြင့် ညနေ ၃နာရီ ၁၅မိနစ်ခန့်မှ စတင် ငြှိမ်းသတ်ခဲ့ရာ ည ရနာရီခန့်တွင် မီးငြိမ်းခဲ့ကြောင်း  သိရသည်။

ယင်းစက်ရုံတွင် မြန်မာအလုပ် သမား ၈၀၀၀ ကျော်၊ ထိုင်းအလုပ် သမား ၂၀၀၀ ကျော် ဝင်ရောက် လုပ်ကိုင်လျက်ရှိပြီး မီးလောင်မှု ကြောင့် မြန်မာအလုပ်သမ ၃၁ဦး၊ ထိုင်းအလုပ်သမား ခြောက်ဦး၊ စုစု ပေါင်း ၃ရ ဦး မီးခိုးငွေ့ရှူရှိုက်မိကာ မူးမေ့ခဲ့သဖြင့် ဝီချိုင်ဝေ့(ဒ်)ဆေးရုံသို့ တင်ပို့ ကုသခဲ့ရကြောင်း သိရသည်။ ဆေးရုံသို့ တင်ပို့ထားသည့် အလုပ်သမားများအနက် ထက်ဝက် ခန့်သည် ယင်းနေ့ အတွင်း ဆေးရုံမှ ပြန်လည်ဆင်းနိုင်ခဲ့ပြီး  ကျန်အလုပ် သမားများ သည် နောက်သုံးရက် အတွင်း ဆေးရုံမှဆင်းခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

 

လှိုင်သာယာ ဆန္ဒပြပွဲကို အလုပ်သမား​ညွှန်ချုပ် သွား​ကြည့်


ရန်ကုန်တိုင်း ​၊​ လှိုင်သာယာစက်မှုဇုန်၊​ တိုင်ရီဖိနပ်စက်ရုံက အလုပ်သမား​တွေရဲ့​ လုပ်အား​ခ တိုး​ပေး​ရေး​ ဆန္ဒပြမှုကို အစိုး​ရရဲ့​ အလုပ်သမား​ရေး​ရာ ဝန်ကြီး​ဌာနက ညွန်ကြား​ရေး​မှူး​ကိုယ်တိုင် ဝင်​ရောက်​ဖြေရှင်း​ဖို့​ ကြိုး​စား​ပေမယ့်​ ​ပြေလည်မှု မရခဲ့​ဘူး​လို့​ သိရပါတယ်။
တပတ်ကြာ ဆန္ဒပြ​နေတာ ​ပြေလည်မှုရဖို့​ ဒီ​နေ့​ ​နေ့​လယ်ပိုင်း​က တိုင်ရီဖိနပ်စက်ရုံဝင်း​ထဲမှာ အလုပ်ရှင်ဘက်က ကိုယ်စား​လှယ်၊​ အလုပ်သမား​တွေရဲ့​ ကိုယ်စား​လှယ်နဲ့​ ​နေပြည်​တော်က အလုပ်သမား​ရေး​ရာ ညွှန်ကြား​ရေး​မှူး​ချုပ် ဦး​ချစ်ရှိန်တို့​ ​ဆွေး​နွေး​ပေမယ့်​ ​ပြေလည်မှု မရခဲ့​ပါဘူး။
အလုပ်သမား​ တွေဘက်က မူလ​တောင်း​ဆိုချက်ထက် ​လျှော့​ပြီး​ ​တောင်း​ဆိုမှု​တွေ လုပ်ခဲ့​ပေမယ့်​ အလုပ်ရှင်ဘက်က နဂိုအတိုင်း​ပဲ တင်း​ခံ​နေလို့​ ​ပြေလည်မှု မရခဲ့​တဲ့​အ​ကြောင်း​ အလုပ်သမား​တွေဘက်က ကူညီ​ဆောင်ရွက် ​ပေး​နေတဲ့​ လူ့​အခွင့်​အ​ရေး​လှုပ်ရှား​သူ မစုစု​နွေး​က ​ပြောပါတယ်။
“အလုပ်သမား​ တွေက​တော့​ အများ​ကြီး​ ​လျှော့​ပါတယ်။ ပထမဆုံး​ သူတို့​ အလုပ်ရုံမှာ ဆန္ဒစပြတဲ့​နေ့​က ​တောင်း​ဆိုတာက ​နေ့​စား​ခ ၇၅ ကျပ်ကို ၂၅၀ ကျပ် ထိ ​ပေး​ဖို့​ရယ်၊​ ​နောက် သုံး​ရက်​လောက် ဆန္ဒပြပြီး​တော့​ အလုပ်သမား​တွေက အလုပ်ရှင်ကို ငဲ့​ညာတဲ့​အ​နေနဲ့​ ၇၅ ကျပ်ကို ၁၅၀ ထိ ​လျှော့​ချလိုက်ပါတယ်။ ဒီ​နေ့​ကျ​တော့​လည်း​ အလုပ်သမား​တွေက နှစ်ဦး​နှစ်ဖက် ​ပြေလည်​စေချင်တဲ့​ သ​ဘောနဲ့​ သူတို့​ဘက်က အများ​ကြီး​လျှော့​ပေး​ခဲ့​တာ ​တွေ့​ရတယ်။ ဒီ​နေ့​ ကျမ သိရတာက​တော့​ အလုပ်သမား​တွေက ​တော်​တော်​လေး​ ဒုက္ခ​ရောက်​နေပြီ။ မဆင်း​ရတဲ့​ ရက်​တွေက များ​တဲ့​အတွက် အိမ်ကို ပိုက်ဆံပြန်ယူရတာ​တွေ ရှိပါတယ်။ ဒီ​နေ့​ဆိုလည်း​ ဖယ်ရီခကို အလုပ်ရှင်က မ​ပေး​တော့​ဘူး​။ သူတို့​ဘာသာ လိုင်း​ကား​နဲ့​ လာရတယ်၊​ ပိုက်ဆံမရှိတဲ့​သူက လမ်း​လျှောက်လာခဲ့​ရတယ်၊​ အလုပ်သမား​တွေက အရမ်း​ကို နစ်နာ​နေတာ ကျမတို့​ ​တွေ့​ရတယ်၊​ စိတ်လည်း​ မ​ကောင်း​ဘူး​။”
ဆွေး​နွေး​ ပွဲမှာ အလုပ်သမား​တွေက လုပ်အား​ခကို နဂိုက တနာရီ ၇၅ ကျပ် ​ပေး​နေတာကို ၁၀၀ ထိတိုး​ပေး​ဖို့​၊​ ရက်မှန်​ကြေး​ နဂိုက ၆၀၀၀ ​ပေး​နေတာကို ၈၀၀၀ ​ပေး​ဖို့​ ​တောင်း​ဆိုခဲ့​ပါတယ်။
ဒါ​ပေမယ့်​ အလုပ်ရှင်ဘက်က တနာရီ​ကြေး​ကို ၈၅ နဲ့​၊​ ရက်မှန်​ကြေး​ကို ၇၀၀၀ အထိပဲ တိုး​ပေး​မယ်လို့​ ​ပြောတာ​ကြောင့်​ ​ပြေလည်မှုမရခဲ့​ပါဘူး​။
အခုလို ​ပြေလည်မှု မရတဲ့​အတွက် အလုပ်သမား​တွေက​တော့​ သူတို့​ ​တောင်း​ဆိုချက်​တွေ ရ​အောင် အလုပ်မဆင်း​ဘဲ ဆန္ဒပြမှာဖြစ်သလို၊​ ဥပ​ဒေ​ကြောင်း​အရလည်း​ ​တောင်း​ဆိုသွား​ဖို့​ စီစဉ်​နေကြပါတယ်။
လူ့​အခွင့်​အ​ ရေး​လှုပ်ရှား​သူ မစုစု​နွေး​က​တော့​ အခုကိစ္စမှာ အလုပ်ရှင်နဲ့​ အလုပ်သမား​တွေ နှစ်ဘက်စလုံး​က နစ်နာတာ​တွေ မဖြစ်​အောင် အစိုး​ရက ကြား​ဝင် ​ဆောင်ရွက်​ပေး​သင့်​တယ်လို့​ ​ပြောပါတယ်။
“အလုပ်သမား​ တွေက ၁,၈၀၀ ​ကျော်၊​ ​ယောကျာ်း​လေး​အလုပ်သမား​တွေက ၁၀၀ ​တောင် မပြည့်​ပါဘူး​။ မိန်း​က​လေး​က ၁,၇၀၀ ​ကျော် ​လောက်ရှိတယ်။ အဲဒီ့​ အမျိုး​သမီး​တွေက အပျို​လေး​တွေပါသလို၊​ အိမ်​ထောင်ရှင်​တွေလည်း​ပါတယ်။ ကား​လမ်း​မ​ပေါ်မှာလည်း​ အိပ်လို့​မရပါဘူး​။ ဘူတာရုံမှာလည်း​ အိပ်မရပါဘူး​။ အပြင်မှာထွက်ပြီး​ ညလုံး​ပေါက် လမ်း​လျှောက်​နေလို့​လည်း​ မရဘူး​။ အဲ​တော့​ အမျိုး​သမီး​တွေရဲ့​ ဘဝလုံခြုံ​ရေး​ကို နိုင်ငံ​တော်သမ္မတကြီး​ကော၊​ အလုပ်သမား​ ဝန်ကြီး​ ဦး​အောင်ကြည်​ကော အာဏာပိုင် အဖွဲ့​အစည်း​တွေက​ကော ဘာမှ မလုပ်​ပေး​နိုင်ဘူး​ဆိုရင် အလုပ်သမား​ အမျိုး​သမီး​တွေရဲ့​ ဘဝလုံခြုံ​ရေး​ကို ကျမတို့​ စိုး​ရိမ်ရပါတယ်။ အာဏာပိုင်အဖွဲ့​အစည်း​တွေ နိုင်ငံ​တော်သမ္မတ​တွေက​နေ ဒီ အလုပ်ရှင်နဲ့​ အလုပ်သမား​ နှစ်ဦး​နှစ်ဖက်ကို တဦး​နဲ့​တဦး​ မနစ်နာ​အောင် ​ပြေ​ပြေလည်လည် ​ဖြေရှင်း​ပေး​စေချင်ပါတယ်။”
မနှစ်တုန်း​ လည်း​ တိုင်ရီ ဖိနပ်စက်ရုံမှာ အလုပ်သမား​တွေ ဆန္ဒပြမှုကို အလုပ်သမား​ညွန်ချုပ် ဦး​ချစ်ရှိန်ကပဲ ကြား​ဝင် ​ဆောင်ရွက်​ပေး​ခဲ့​လို့​ ​ပြေလည်မှု ရခဲ့​ဖူး​တယ်လို့​ အလုပ်သမား​တွေက ​ပြောပါတယ်။
မြန်မာပြည်မှာ အခုအချိန်အထိ ရှိ​နေတဲ့​ အလုပ်သမား​ဥပ​ဒေဟာ အလုပ်သမား​ အခွင့်​အ​ရေး​တွေကို အကာအကွယ်​ပေး​နိုင်မှု အား​နည်း​ပြီး​၊​ အစိုး​ရ အလုပ်သမား​ဌာန​တွေကလည်း​ အကာအကွယ်​ပေး​တာမျိုး​ မရှိသ​လောက်ပဲလို့​ အလုပ်သမား​အ​ရေး​ လှုပ်ရှား​သူ​တွေက ဆိုကြပါတယ်။
မကြာခင်က ဒီဗွီဘီနှင့်​ ​မေး​မြန်း​ခန်း​မှာ အလုပ်သမား​ ဒုဝန်ကြီး​ ဦး​မြင့်​သိန်း​က လွတ်လပ်တဲ့​ အလုပ်သမား​အဖွဲ့​အစည်း​တွေ ဖွဲ့​စည်း​ခွင့်​နဲ့​ အကန့်​အသတ်နဲ့​ ဆန္ဒပြခွင့်​တွေ ပါဝင်တဲ့​ အလုပ်သမား​ ဥပ​ဒေသစ် တရပ် ဒီနှစ်ဆန်း​ပိုင်း​မှာ အသက်ဝင်လာဖို့​ ရှိတယ်လို့​ ​ပြောခဲ့​ဖူး​ပါတယ်။ 
 
by; DVB &

တိုင်ရီ ဖိနပ်စက် အလုပ်သမားရပိုင်ခွင့်တောင်းဆိုမှု မပြေလည်သေး

ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုံရှိ တပတ်ခန့်ကြာမြင့်သည့် တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမား ထောင်ချီ ဆန္ဒပြမှုနှင့် ပတ်သက် ၍ အလုပ်သမားဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်က အလုပ်ရှင်နှင့် အလုပ်သမားကိုယ်စားလှယ်များကို ညှိနှိုင်းဖြေရှင်းပေးသော် လည်း အောင်မြင်မှု မရရှိသေးကြောင်း သတင်းရရှိသည်။
လှိုင်သာယာရှိ တိုင်ရီ ဖိနပ်စက်ရုံ (ဓာတ်ပုံ - Burma VJ Media)
ယနေ့ နံနက်ပိုင်းက အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန် အပါအ၀င် အလုပ်သမား ကိုယ်စားလှယ် ၃၈ ဦး နှင့် စက်ရုံပိုင်ရှင်တို့ တိုင်ရီစက်ရုံတွင် တွေ့ဆုံဆွေးနွေးကြသည်ဟု အလုပ်သမားများကိုကူညီနေသော ရှေ့နေ ကိုဖိုးဖြူကပြော သည်။
ကိုဖိုးဖြူသည် ထိုဆွေးနွေးပွဲ၌ ဥပဒေ အကြံပေးအဖြစ် ပါဝင် ဆွေးနွေးသူလည်း ဖြစ်သည်။
“တိုင်းဦးစီး အရာရှိ၊ မြို့နယ် ဦးစီးအရာရှိတဦးပါ ညှိနှိုင်းပေးတယ်။ သို့သော် အလုပ်ရှင် တိုးပေးတဲ့ ပိုက်ဆံက အလုပ်သမား တွေ ရဲ့နေထိုင်ဖို့ စရိတ် ကာမိအောင်မရတဲ့အတွက် ညှိနှိုင်းဆွေးနွေးတဲ့ကိစ္စ သဘောတူညီမှု မရခဲ့ဘူး”ဟု ကိုဖိုးဖြူက ဧရာဝတီ ကို ပြောသည်။
အလုပ်သမားများက တရက်လုပ်အားခ ၇၅ ကျပ်မှ ၁၅၀ ကျပ်တိုးပေးရန်တောင်းဆိုထားသည်ကို အလုပ်ရှင်က ၈၅ ကျပ် အထိ သာ တိုးပေးကြောင်း၊ ရက်မှန်ကြေး ၆၀၀၀ မှ ၁၂၀၀၀ ကျပ်အထိ တောင်းဆိုခဲ့သော်လည်း ၇၀၀၀ အထိသာ တိုးပေးကြောင်း၊ အလုပ်သမားများဘက်က တရက်လုပ်အားခ ၁၀၀ ကျပ်နှင့် ရက်မှန်ကြေး ၈၀၀၀ ကျပ်ရပါက ကျေနပ်နိုင်သည်ဟု ပြောဆို ခဲ့သော်လည်း အလုပ်ရှင်ဘက်က တိုးပေးခြင်းမရှိကြောင်း သိရသည်။
အလုပ်သမား ကိုယ်စားလှယ်တဦးက“အလုပ်ရှင်ကိုယ်တိုင်နဲ့ တွေ့တာက ဒီနေ့မှ တွေ့ဖြစ်တာ။ နေပြည်တော်က ညွန်ချုပ်ဦးချစ် ရှိန်လည်း ဒီနေ့မှ ဆင်းလာတာ။ အရင်နှစ်ကဆို ဦးချစ်ရှိန်က ဆန္ဒပြပြီဆိုတာနဲ့ ချက်ချင်းလာရောက်ဖြေရှင်းပေးတယ်။ ဒီတခေါက်တော့ ဆန္ဒပြတာ ၇ ရက်မြောက်မှ သူလာတယ်။ အရင်ကတော့ အလုပ်သမားတွေရှေ့ကနေ ရပ်တည်ဖြေရှင်းပေးခဲ့တယ်။ ဒီတခါတော့ ဘာမှ မပြောခဲ့ဘူး”ဟု ပြောသည်။
ထိုသို့ဆွေးနွေးပွဲ မပြေမလည်ပြီးဆုံးသွားပြီးနောက် အလုပ်သမားများက အေးချမ်းစွာ ပြန်သွားခဲ့ကြောင်း၊ လာမည့် ဗုဒ္ဓဟူးနေ့တွင် အလုပ်ရှင်နှင့် ဆက်လက်ဆွေးနွေး ညှိနှိုင်းသွားရန်ရှိကြောင်း သူက ဆက်လက်ပြောဆိုသည်။
အလုပ်သမားများဘက်က အနိမ့်ဆုံးလုပ်ခ လစာ တလလျှင် ကျပ် ၄၀၀၀၀ မှ ကျပ် ၅၀၀၀၀ သတ်မှတ်ရန် အပါအ၀င် အလုပ်သမား ရပိုင်ခွင့်ဆိုင်ရာ အချက် ၁၇ ချက်ကိုလည်း ထည့်သွင်း ညှိနှိုင်း ပြောဆိုခဲ့ကြောင်း သိရသည်။
တိုင်ရီ ဖိနပ်စက်ရုံသို့ ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာတွင် အလုပ်သမား ဆန္ဒပြမှုကိစ္စ ဆွေးနွေး ညှိနှိုင်း မှုနှင့်ပတ်သက်၍ သဘောထား တစုံတရာ ပေးရန် ငြင်းဆိုခဲ့သည်။
အလုပ်ရှင်ဘက်ကမူ ဆန္ဒပြ အလုပ်သမားများ ဖေဖော်ဝါရီ ၁၁ ရက်နေ့ အထိ အလုပ်မဆင်းပါက မိမိ ဆန္ဒအလျောက် အလုပ် မှ နုတ်ထွက်ခြင်း ဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။
ယနေ့မှစတင်၍ အလုပ်ရှင်ဘက်က အလုပ်သမားကြိုပို့ယာဉ်များ မစီစဉ်ပေးတော့သောကြောင့် ဆန္ဒပြသူများကို အလုပ်မှ ရပ် စဲ သည့် သဘော သက်ရောက်ကြောင်း အလုပ်သမားများက ယူဆနေကြသည်။
အလုပ်သမားများက ၎င်းတို့၏တောင်းဆိုချက်များ မရရှိပါက ကမ္ဘာ့ အလုပ်သမားအဖွဲ့ချုပ်(ILO) သို့ ဆက်လက် တိုင်ကြားသွားရန် စီစဉ်နေကြောင်းလည်း သိရသည်။
အလုပ်သမားများကို ကူညီပေးနေသူ တဦးဖြစ်သည့် မစုစုနွေးက“အခု ကျမ က အလုပ်သမားတွေရဲ့ရင်ဖွင့်သံကို လာ နားထောင်ပြီး ကူညီပေးတာပါ။ အမှန်က အလုပ်ရှင်ကပေးနိုင်ရဲ့သားနဲ့ တမင် လုပ်နေတယ်လို့ ကျမ ထင်တယ်”ဟု သူက ဆိုသည်။
လွန်ခဲ့သည့် လွတ်လပ်ရေးနေ့နှင့် တရုတ်နှစ်သစ်ကူး ပွဲတော်ကာလ ၁၀ ရက်တာ စက်ရုံပိတ်ပြီးနောက် လုပ်အားခ လစာ ထုတ်ပေးရာတွင် လစာ ကျပ် ၁ သောင်းကျော်ဖြတ်တောက်ခံရခြင်းမှ အစပြုကာ အလုပ်သမားများက လုပ်ခလစာအပြည့် အ၀ရရှိရန် နှင့် အလုပ်သမား ရပိုင်ခွင့် တောင်းဆို ဆန္ဒပြမှု စတင်ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံမှ လာရောက် ရင်းနှီးမြုပ်နှံထားသည့် တိုင်ရီ ဖိနပ်စက်ရုံသည် လှိုင်သာယာမြို့နယ် စက်မှုဇုန် ၃ တွင် တည်ရှိပြီး ၁၉၉၇ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သည်။ အလုပ်သမား လုပ်အားခ နှင့် ပတ်သက်ပြီး သုံးနှစ်ဆက်တိုက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ သည့် စက်ရုံလည်း ဖြစ်သည်။
တိုင်ရီ စက်ရုံတွင် အလုပ်သမား ၂၀၀၀ ကျော်ရှိရာ ယခု ဆန္ဒပြ အလုပ်သမားများမှာ ၂၀၀၀ ခန့်ရှိကြောင်း၊ အလုပ်သမား လုပ် အားခနှင့် ပတ်သက်ပြီး လှိုင်သာယာ စက်မှုဇုန်ရှိ နယူးဝေး ဖိနပ်စက်ရုံနှင့် တခြားစက်ရုံ တရုံတွင် ဖြစ်ပွားခဲ့သော်လည်း ပြေ လည်သွားကြောင်း သိရသည်။
လှိုင်သာယာ စက်မှုဇုန် (၆) ခု တွင် အထည်ချုပ် စက်ရုံ၊ ပလတ်စတစ် စက်ရုံ၊ ဖိနပ် စက်ရုံ၊ လျှပ်စစ် ပစ္စည်း စက်ရုံ စသည့် စက်ရုံ၊ အလုပ်ရုံ များရှိပြီး အလုပ်သမားဦးရေ ၄ သောင်းကျော် ရှိသည်ဟု လှိုင်သာယာ စက်မှုဇုန် ကော်မတီက ပြောသည်။
ယခုကဲ့သို့ အလုပ်ရှင်နှင့် အလုပ်သမားပြဿနာများ ဖြေရှင်းနိုင်ရေးအတွက် အလုပ်သမားအဖွဲ့အစည်းများကို လာမည့် ကမ္ဘာ့ အလုပ်သမားနေ့ မေဒေးနေ့ မတိုင်မီ ဖွဲ့စည်းခွင့်ပြုမည် ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ယင်း အလုပ်သမား အဖွဲ့အစည်းများသည် အလုပ်သမား ဥပဒေပါ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ ငြိမ်းချမ်း စွာ ဆန္ဒ ဖော်ထုတ်နိုင်ကြောင်း သိရသည်။

by; Irrawaddy