Published on January 25, 2012 by အေးနိုင် · 1 Comment
တောင်သူလယ်သမား
များ တိုးတက်ရေးအင်အားစုက မကွေးတိုင်း ကံမမြို့နယ် စစ္စရံ
ကျေးရွာမှာ မနေ့က တောင်သူလယ်သမား ဘဝဖွံ့ဖြိုးတိုးတက်ရေးနဲ့
လယ်ယာစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်သမားနှီးနှောပွဲတခုကို
ဦးစီး လုပ်ဆောင်ရာမှာ ရွာနီးချုပ်စပ်က လယ်သမား ၂၀၀ ကျော် တက်ရောက်
ဆွေးနွေးပါတယ်။
လယ်သမားများ ဆန္ဒပြစဉ် (၂၇ အောက်တိုဘာ ၂၀၁၁ )
နှီးနှောဖလှယ်ပွဲနဲ့ပတ်သက်ပြီး အဲဒီအင်အားစုက တာဝန်ရှိသူ ဦးမျိုးသန့်ကို ဆက်သွယ် မေးမြန်းထားပါတယ်။
လယ်သမား နှီးနှောဖလှယ်ပွဲတခု လုပ်နေတယ်ကြားလို့၊ ဘာတွေလုပ်ခဲ့လဲ။
“မနေ့က
မကွေးတိုင်း ကံမမြို့နယ်၊ စစ္စရံကျေးရွာမှာ လုပ်တာပါ။
တောင်သူလယ်သမား ဘဝဖွံ့ဖြိုးတိုးတက်ရေးနဲ့
လယ်ယာစီးပွားဖွံ့ဖြိုးတိုးတက်ရေး ဆိုပြီး အဲဒီနာမည်နဲ့
ဖိုရမ်လုပ်ပါတယ်။ တောင်သူလယ်သမားများဘဝ တိုးတက်ရေး အင်အားစုအနေနဲ့
လုပ်တာပါ။ တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲပေါ့။ လုပ်တာက
တောင်သူလယ်သမားများဘဝ တိုးတက်ရေးအင်အားစုဆိုပြီး ကျနော်တို့
လုပ်တာပါ။ အဲဒီမှာ လယ်သမား ၂၀၀ ဝန်းကျင် တက်ရောက်ပါတယ်။
မကွေးတိုင်းနဲ့ ပဲခူးတိုင်းအနောက်ခြမ်းက ဇီးကုန်း၊
ကြို့ပင်ကောက်၊ ပေါင်းတည်၊ နတ္တလင်းပေါ့။ ဒီမြို့နယ်တွေက
လယ်သမားတွေ တက်ပါတယ်။ အားလုံးပေါင်း ၂၀၀ ဝန်းကျင်လောက် ရှိပါတယ်။”
ကံမမြို့နယ် စစ္စရံကျေးရွာမှာလား။ တလောက လယ်သိမ်းပြီး ပြဿနာတက်တဲ့ ရွာပေါ့။
“ဟုတ်ပါတယ်။ ရွာလယ်လမ်းမှာ မဏ္ဍပ်ထိုးပြီး လုပ်တာပါ။”
ဒီပွဲမှာ အဓိကအားဖြင့် လယ်သမားတွေနဲ့ ဘာတွေဆွေးနွေးခဲ့လဲ။
“နှီး
နှောဖလှယ်ပွဲပါ။ ကျနော်တို့က အဓိကအားဖြင့် ဦးဌေးဦး တင်သွင်းတဲ့
၂၀၁၁ လယ်ယာမြေဥပဒေမူကြမ်းရယ်၊ နောက်ထပ်လယ်ယာစိုက်ပျိုးရေးနဲ့
ဆည်မြောင်းဝန်ကြီးဌာနက တင်သွင်းတဲ့ မြေလွတ်၊ မြေရိုင်းနဲ့
မြေယာစီမံခန့်ခွဲမှု ဥပဒေဆိုတာရယ် အဲဒီဥပဒေမူကြမ်း ၂ ရပ်ကို
ကျနော်တို့က ငြင်းဖျက်ဖို့အတွက် နှီးနှောဖလှယ်ပွဲတွေကို လုပ်တာပါ။
ဒီဥပဒေမူကြမ်းတွေက အဓိကအားဖြင့် တောင်သူလယ်သမားတွေရဲ့ ဘဝအတွက်
အထောက်အပံ့မဖြစ်စေဘဲ ကုမ္ပဏီကြီးတွေကိုသာ ကျောထောက်နောက်ခံပြုတဲ့
ဥပဒေဖြစ်နေတယ်။ ဒီအတွက် ကျနော်တို့ ငြင်းဖျက်ရခြင်း ဖြစ်ပါတယ်။
အဲဒီအတွက် နှီးနှောဖလှယ်ပွဲဆိုတဲ့ နေရာမှာလည်း
ကျနော်တို့ပြောချင်တာပဲ မပြောဘူး။ နောက် ဒီဥပဒေတွေ
အတည်မဖြစ်ရေးကို ငြင်းရုံသက်သက် မဟုတ်ဘဲနဲ့ ဒီဟာကို မကြိုက်ဘူး။
ဒီဥပဒေကို မကြိုက်ဘူးဆိုရင် ဘယ်ဥပဒေမျိုးတွေကို အစားထိုးမလဲ။ ဘယ်လို
အချက်အလက်တွေကို ပါစေချင်လည်းဆိုတဲ့ ကိစ္စတွေပါ ဆွေးနွေး
နှီးနှောဖလှယ်တာပါ။ တောင်သူလယ်သမားတွေရဲ့ အသံရယ်၊ ကျနော်တို့ဘက်က
ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပုံစံလေးတွေက ဘယ်လိုအနေအထား ရှိတယ်
ဆိုတာလေးတွေကို တင်ပြတယ်။ သူတို့ဘက်ကလည်း ပြန်လည်ဆွေးနွေးတယ်။
သူတို့ ပြောတဲ့အချက်တွေကို မှတ်သားထားတယ်။ အဲလိုမျိုးပါ။”
လယ်ဆည်ဝန်ကြီး ဦးဌေးဦး တင်ပြတဲ့ ဥပဒေမူကြမ်းက ဘာအကြောင်းအရာကို ပြောပြီးတော့ အစ်ကိုတို့က ဘယ်အချက်ပေါ်မှာ သဘောမကျတာလဲ။
“ဦးဌေးဦး
တင်သွင်းတဲ့ ၂၀၁၁ လယ်ယာမြေ ဥပဒေမူကြမ်းမှာ ဥပဒေပုဒ်မ ၂ မှာ
နံပါတ်တစ်က ဒီဥပဒေကို လယ်ယာမြေ ဥပဒေဟု ခေါ်တွင်စေရမည်ဆိုတာက
နံပါတ်တစ်ပေါ့။ နံပါတ်နှစ်က စပြီးတော့ လယ်ယာမြေဆိုသည်မှာ
နိုင်ငံတော်မှ အလိုရှိသည့်အတိုင်း စီမံခန့်ခွဲနိုင်ခွင့်ရှိတဲ့
မြေတွေဟု ခေါ်သည်လို့ ဆိုတဲ့အချက်လေး တချက်နဲ့တင်ပဲ ကျနော်တို့
ဒီဥပဒေကို ငြင်းဖျက်ရဖို့ လုံလောက်နေပြီလို့ ကျနော်တို့ ယူဆပါတယ်။
တခြားအချက်တွေလည်း အများကြီး ရှိပါတယ်။ သူက
လယ်ယာစိုက်ပျိုးရေးဆိုတဲ့နေရာမှာ အဓိပ္ပာယ် ဖွင့်ဆိုချက်ထဲမှာ
မွေးမြူရေးလုပ်ငန်းတွေပါ ထည့်သွင်းထားတယ်။
သတ္တုတူးဖော်ရေးလုပ်ငန်းက လွဲလို့၊ အဲဒါမျိုးတွေထည့်ထားတယ်။
တခြားအချက်တွေလည်း အများကြီးရှိတယ်။ နောက်ထပ် လယ်ဆည်ဝန်ကြီးက
တင်တဲ့မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲမှု
ဥပဒေမှာလည်းပဲ အချက်တွေ အများကြီးရှိတယ်။ အဲဒီမှာဆိုရင်
ကုမ္ပဏီကြီးတွေကို အထောက်အပံ့ပြုထားတဲ့ အချက်တွေမှာ ထင်ထင်ရှားရှား
ဖြစ်တာဆိုလို့ရှိရင် ဥပမာ မြေလွတ်မြေများကို လျှောက်ထားမယ်ဆိုရင်
ကုမ္ပဏီကြီးတွေအတွက်ဆိုရင် တကြိမ်ကို ဧက ၅,၀၀၀ နဲ့ အလီလီ၊ ဧက ၅၀,၀၀၀ ထိ၊
ချပေးခွင့်ရှိတယ်။ နောက်ထပ် လိုအပ်မယ်ဆိုရင် နိုင်ငံတော်သမ္မတရဲ့
အတည်ပြုချက်၊ ထောက်ခံချက်နဲ့ နောက်ထပ်ထပ်ပြီး ၅၀,၀၀၀
အထက်ပိုပေးလို့ ရသေးတယ်။ လယ်လုပ်မယ့် တောင်သူလယ်သမားတွေ
အတွက်ကျတော့ ၁၀ ဧက တနိုင်တပိုင်ကို အဆင့်ဆင့် စိစစ်ချက်ဖြင့်ဆိုတဲ့
စကားရပ်နဲ့ ထည့်သုံးထားပြီးတော့ အဆင့်ဆင့် စိစစ်ချက်နဲ့ ၁၀ ဧကပဲ
ပေးမယ်ဆိုတာမျိုး ပါတယ်။ မြေယာခွဲဝေမှုမှာ လုံးဝသမာသမတ်
မကျတဲ့ကိစ္စမျိုးတွေ အများကြီးပဲ။”
လယ်သမား ၂၀၀ ကျော်ထဲက တချို့တွေက ဘာအကြောင်းအရာတွေကို ပြောကြလဲ။
“အဲဒီကိစ္စ
တွေအပြင်မှာ သူတို့လက်ရှိ ခံစားနေရတဲ့ မြေသိမ်းယာသိမ်း
ကိစ္စတွေပါတယ်။ အခု စစ္စရံက ပုဂ္ဂိုလ်တွေဆို တချို့ကုမ္ပဏီက သိမ်းထားပြီး
သူတို့ဆီမှာလာပြီးတော့ အဆောက်အဦတွေ ဆောက်ထားတယ်။ အစ်ကိုတို့လည်း
သိမယ်။ အဲဒါတွေဆို ခုထိပြန်မဖျက်သေးဘူး။ ဖျက်ရကောင်းနိုး၊
မဖျက်ရကောင်းနိုး ဖြစ်နေတဲ့ လတ်တလော ပြဿနာတွေ၊ ဒါလေးတွေလည်း
ရှိသလို နောက်ထပ် ထပ်ပြီး မြေသိမ်းယာသိမ်း ကိစ္စတွေလည်း
ရှိနေသေးတယ်။ တချို့နေရာမှာဆိုရင် ဒီဥပဒေမူကြမ်းကို ပြပြီးတော့
မြေသိမ်းဖို့ လုပ်နေတဲ့ ဟာတွေလည်း ကျနော်တို့ ကြုံတွေ့နေရတယ်။
ဒါမျိုးတွေလည်း ကြားခဲ့ရတယ်။
“နောက်ထပ်က
သီးနှံကို လွတ်လပ်စွာ မစိုက်ပျိုးနိုင်တဲ့ကိစ္စ။ အဲဒီဘက်မှာတော့
နွေစပါးမရှိဘူး။ နတ္တလင်းဘက်မှာဆို နွေစပါးမစိုက်ချင်ဘဲ စိုက်နေရတယ်။
နွေစပါးမစိုက်ချင်တော့ တချို့ကလည်းပဲ အဆင်ပြေသလို
ဆည်မြောင်းတို့ဘာတို့နဲ့ ငွေပေးပြီးတော့ နွေစပါးအစိုက်ပြတယ်။
နွေစပါးမစိုက်ဘဲနဲ့ ပဲစိုက်တယ်။ အဲလိုမျိုးလုပ်တာတွေ ရှိတယ်။
ဒီလိုတွေက အမြဲတမ်းကြုံတွေ့နေရတဲ့ ပြဿနာတွေ။ ဒါမျိုးတွေကလည်း
သူတို့တင်သွင်းနေတာပါ။ အဲဒါတွေလည်း ကျနော်တို့ ဥပဒေပြုတဲ့ထဲမှာ
ထည့်ပြီးတော့ ပြောဆိုပေးနိုင်ဖို့၊ သူတို့ကတော့ အရပ်စကားနဲ့ပဲ
ပြောကြတယ်။”
နှီးနှောဖလှယ်ပွဲကနေ ရရှိကောက်ယူဆွေးနွေးတဲ့ အချက်အလက်တွေကို ဘယ်လိုပြုစုပြီးတော့ ဘယ်သူတွေဆီ တင်ပြဖို့ရှိလဲ။
“ကျနော်တို့
ဒါ ပထမဆုံး လုပ်တဲ့ပွဲပေါ့။ ဒီပွဲမျိုးကို နောက်ထပ်
ဒေသဆိုင်ရာတွေမှာ တတ်နိုင်သလောက် ဆက်လုပ်သွားမယ်။ အချိန်မီအခါမီ
ဖြစ်နိုင်အောင်လည်း ကျနော်တို့ မျှော်လင့်ပါတယ်။
အဲလိုလုပ်သွားရင်းနဲ့ပဲ ဒီပွဲတွေက တောင်သူလယ်သမားတွေကိုယ်တိုင်
နှုတ်ထွက်စကားတွေထဲက ရလာတဲ့ အချက်အလက်တွေကို ကျနော်တို့
ဥပဒေကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့
ဥပဒေကြမ်းအဆင့်ထိ အတတ်နိုင်ဆုံး ရောက်အောင် ပြုစုသွားမယ်။
ပြီးတော့မှ အဲဒါတွေကို နိုင်ငံရေးပါတီတွေကိုလည်း ကျနော်တို့
ဖြန့်ဝေမယ်။ နောက်တခါ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊
ကိုယ်စားလှယ်တွေကိုလည်း ကျနော်တို့ ဖြန့်ဝေသွားပါမယ်။
သူတို့တွေကလည်း လွှတ်တော်ထဲ တင်သွင်းနိုင်ဖို့ ကျနော်တို့
ကြိုးစားနေပါတယ်။”
ဒီပွဲမှာ လူ ၂၀၀ လောက်တက်တယ်ဆိုတော့ သက်ဆိုင်ရာက ဘယ်လိုမှ အရေးမယူဘူးလား။ ကြိုတင် ခွင့်ပြုချက်ယူထားလား။
“ကျနော်တို့
ကြိုတင်ခွင့်ပြုချက်လည်း မယူပါဘူး။ ဒါက ကျနော်တို့ရဲ့
နိုင်ငံသားရဲ့ အခြေခံရပိုင်ခွင့် အခွင့်အရေးထဲကပဲ
လုပ်ဆောင်သွားတာပါ။ ကျနော်တို့မှာ ဘာမှဆူပူလိုခြင်း ဆန္ဒလည်း
မရှိဘူး။ ဆူပူမှုလည်း ဘာမှမဖြစ်ခဲ့ဘူး။ ရုန်းရင်းဆန်ခတ်မှုလည်း
မဖြစ်ခဲ့ဘူး။ အေးဆေးငြိမ်းချမ်းစွာ လုပ်သွားတာ ဖြစ်တယ်။
သူတို့ဘက်ကလည်း ဘာမှ နှောင့်ယှက်ဟန့်တားတာ မရှိပါဘူး။”
by; DVB