Tuesday, January 24, 2012

မြန်မာအလုပ်သမား နိုင်ငံသားစိစစ်ရေးရုံးဖွင့်နိုင်ရေး အလုပ်သမား ဒု-၀န်ကြီး ထိုင်းရောက်


ထိုင်းနိုင်ငံကို မြန်မာအလုပ်သမားတွေ တရားဝင်စေလွှတ်နိုင်ရေးနဲ့ နိုင်ငံသား စိစစ်ရေးရုံးတွေတရားဝင်ဖွင့်နိုင်ရေး
မြန်မာအလုပ်သမား​ ဒု-ဝန်ကြီး​ ဦး​မြင့်​သိန်း​ ထိုင်းနိုင်ငံမှာ ရောက်ရှိနေပါတယ်။ အလုပ်သမားဒု-၀န်ကြီး ဦးမြင့်သိန်း ဒီနေ့ရောက်ရှိတာဖြစ်ပြီး ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ  မြန်မာအလုပ်သမား နိုင်ငံသား စိစစ်ရေးရုံးတွေ ဖွင့်လှစ်ဖို့ ဆွေးနွေးတယ်လို့ အလုပ်သမားအရေး​ ​ဆောင်ရွက်သူတွေက ပြောပါတယ်။ မြန်မာအစိုးရဟာ ၂၀၁၂ ခု ဇန်န၀ါရီလဆန်းကစပြီး ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား နိုင်ငံသားစိစစ်ရေးရုံး ၅ ခုကို ဘန်ကောက်၊ ချင်းမိုင်၊ မဟာချိုင်၊ စမွတ်ပရာကန် ခရိုင် စတဲ့နေရာတွေမှာ ဖွင့်လှစ်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ထိုင်းနိုင်ငံအတွင်းမှာ နိုင်ငံသားစိစစ်ရေးရုံးတွေ
ဖွင့်တဲ့အတွက် မြန်မာအလုပ်သမားတွေ နယ်စပ်မြို့တွေကို သွားစရာမလိုဘဲ အချိန်နဲ့ ကုန်ကျစရိတ် သက်သာပေမယ့် အလုပ်သမားတွေရဲ့ အခွင့်အရေး ကာကွယ်ပေးသင့်တယ်လို့ ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ရဲ့ တာဝန်ခံ ဦးကျော်သောင်းက တိုက်တွန်းပါတယ်။

ဦး မြင့် သိန်း

“အရင်တုန်းက နယ်စပ် မြဝတီ-မဲဆောက် တံတားပိတ်တယ်၊ တာချီလိတ်-မယ်ဆိုင် ဖွင့်တယ်၊ ကော့သောင်း-ရနောင်း သွားရတယ်။ ဒီအတွက် နံပါတ်တစ် အလုပ်သမားတွေ အချိန်ကုန်တယ်။ နံပါတ်နှစ် လမ်းစရိတ်တွေ ကုန်တယ်။ နံပါတ်သုံး ကားမှောက်ပြီးတော့ သေဆုံးသွားတဲ့ အလုပ်သမားတွေ ရှိတယ်။ ထိုင်းနိုင်ငံအတွင်းမှာ လုပ်မယ်ဆိုရင် ထိုင်းအစိုးရ ဘက်ခြမ်းမှာရှိတဲ့ ဥပမာ မောင်မောင်ဆိုတဲ့ အလုပ်သမားတယောက်မှာ သူဌေးက ဘယ်သူလဲ၊ ဘယ်နေရာမှာ လုပ်လဲ အဲဒါကို ထိုင်းအလုပ်သမားဝန်ကြီးဌာနက အသိအမှတ်ပြု၊ အလုပ်ကိုင် ရှာဖွေရေးကလည်း အသိအမှတ်ပြု၊ ပြီးတော့ သူဌေးက ဒါ ငါ့အလုပ်သမား ဖြစ်ပါတယ်ဆိုတဲ့ အချက်အလက်တွေ များတယ်လေ။ အဲဒီများတဲ့ အပေါ်မှာ သူဌေးကိုယ်တိုင်လုပ်တာ ရှိသလို ကြားပွဲစားတွေက အဲဒီအဆင့်များတဲ့အပေါ်မှာ မူတည်ပြီးတော့မှ အကျိုးအမြတ် ယူတာရှိတယ်။ ဒီအတွက် အလုပ်သမားတွေမှာ မူရင်းကုန်ကျသင့်တဲ့ ကုန်ကျငွေထက် ၂ ဆ ၃ဆ ပိုကုန်တယ်လေ။ တနေရာတည်း အပြီးလုပ်နိုင်အောင် ပြင်ဆင်ပေးမှသာလျှင် အလုပ်သမားတွေအတွက် တကယ် အကျိုးရှိတဲ့အလုပ် ဖြစ်မယ်လို့ ကျနော် ယူဆတယ်ခင်ဗျ။”
ထိုင်း-မြန်မာ နှစ်နိုင်ငံအလုပ်သမားဆိုင်ရာ သဘောတူညီချက်အရ မြန်မာအစိုးရက ထိုင်းနိုင်ငံကို အလုပ်သမား တသိန်း စေလွှတ်ပေးရဖို့ရှိနေပြီး လောလောဆယ် သုံးသောင်းပဲ စေလွှတ်ရသေးတယ်လို့ ထိုင်းအစိုးရ အလုပ်သမားရေးရာ ၀န်ကြီးဌာန လက်အောက်ခံ အလုပ်သမားရှာဖွေရေး ဌာနက ပြောပါတယ်။
ထိုင်းအစိုးရက  ၂၀၁၁ ခုနှစ် ဇွန်လ ၁၅ ရက်ကနေ ဇူလိုင်လ ၁၄ ရက်နေ့အထိ နိုင်ငံခြား အလုပ်သမားတွေကို အလုပ်သမားမှတ်ပုံတင် လုပ်ပေးခဲ့တုန်းက မြန်မာ အလုပ်သမား ၇ သိန်းလောက် လာရောက် စာရင်းပေးကြတယ်လို့ ထိုင်း အလုပ်သမားရေး ၀န်ကြီးဌာနက ကြေညာခဲ့ပါတယ်။
ထိုင်းမှာ တရားမ၀င် အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၂ သန်းကျော် လောက် ရှိမယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက ခန့်မှန်းထားပါတယ်။ 

No comments:

Post a Comment