Saturday, February 11, 2012

မေဒေးနေ့မတိုင်မီ အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းမည်

အလုပ်သမား အဖွဲ့အစည်း နည်းဥပဒေကို လပိုင်းအတွင်း ပြဋ္ဌာန်းတော့မည်ဖြစ်ရာ ကမ္ဘာ့အလုပ်သမားနေ့ မတိုင်မီ အလုပ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းခွင့်ပြုမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်နိုင်ဦးက ပြောကြားသည်။ အလုပ်သမား အဖွဲ့အစည်း နည်းဥပဒေကို ရှေ့နေချုပ်ရုံးကို တင်ပြထားပြီဖြစ်ပြီး ရှေ့နေချုပ်ရုံးက ခွင့်ပြုလျှင် အစိုးရအဖွဲ့ရုံးကို တင်ပြရမည်ဖြစ်ကြောင်း၊ အဆိုပါနည်းဥပဒေ အာဏာတည်သည့်နေ့ကို နိုင်ငံတော်သမ္မတကြီးက လက်မှတ်ရေးထိုး ပြဋ္ဌာန်းသွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနထံမှ သိရသည်။ ယင်းဥပဒေ ပြဋ္ဌာန်းပြီးပါက အလုပ်သမားအဖွဲ့အစည်းများ ဥပဒေ ပြဋ္ဌာန်းချက်များ၊ နည်းဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အလုပ်သမား အဖွဲ့အစည်းများကို ဖွဲ့စည်းခွင့်ရရှိမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ အလုပ်သမား အဖွဲ့အစည်းများကို ဖွဲ့စည်းခွင့်ရပါက အလုပ်ရှင်နှင့် အလုပ်သမား အငြင်းပွားမှုများတွင် ညှိနှိုင်းမရသည့် အခြေအနေမျိုး၌ အလုပ်သမား အဖွဲ့အစည်းများသည် အလုပ်သမားဥပဒေပါအတိုင်း လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်း၊ စည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နိုင်ကြောင်း ယင်းဥပဒေအခန်း(၁၁) အလုပ်ပိတ်ခြင်းနှင့် သပိတ်မှောက်ခြင်း၊ ပုဒ်မ ၃၇ တွင် ဖော်ပြပါရှိသည်။ အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းခွင့်ရပြီး အငြင်းပွားမှုများကို ဥပဒေနှင့်အညီ ဆန္ဒပြခွင့်ပြုမည်ဆိုသဖြင့် အလုပ်သမားများအတွက် အခွင့်အရေး ပိုရလာနိုင်ကြောင်း အလုပ်လုပ်သက် ၁၀ နှစ်ကျော်ရှိပြီး ယခုဘုရားဖူးပို့ဆောင်ရေး လုပ်ငန်းတစ်ခုတွင် လုပ်ကိုင်နေသူ ဦးမောင်မောင်က ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

by; Khit Lu Nge

No comments:

Post a Comment