Sunday, April 29, 2012

အလုပ်သမားအဖွဲ့ ရှစ်ဖွဲ့ တရားဝင်ဖွဲ့စည်းခွင့်ပြု

အလုပ်သမားအဖွဲ့အစည်းဥပဒေ စတင်အာဏာတည်ပြီး အလုပ်သမားအဖွဲ့အစည်းများ တရားဝင်မှတ်ပုံတင် လျှောက်ထားကြရာ ဧပြီလ ၂၅ ရက်နေ့က အလုပ်သမားအဖွဲ့အစည်း ရှစ်ဖွဲ့ကို တရားဝင် အသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ တိုင်ရီအလုပ်သမား အဖွဲ့အစည်း၊ ရွှေပေါက်ကံမြို့မှ ပဝါမင်းသမီး အလုပ်သမားအဖွဲ့အစည်း၊ ရွှေစင်အေး အလုပ်သမားအဖွဲ့အစည်း၊ ပဉ္စသုန္ဒ်ရီ အလုပ်သမားအဖွဲ့အစည်း၊ Opel အထည်ချုပ် အလုပ်သမားအဖွဲ့အစည်း၊ ဘိုဆန်းပိုက်စက်ရုံ အလုပ်သမားအဖွဲ့အစည်း၊ အောင်ရွှေမြေအလုပ်သမား အဖွဲ့အစည်းနှင့် ပင်လယ်ကူးသဘောင်္သားများ အလုပ်သမားအဖွဲ့အစည်းတို့ကို ဖွဲ့ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း
အလုပ်သမား ဝန်ကြီးဌာနထံမှ သိရှိရသည်။ လွတ်လပ်သော အလုပ်သမား အဖွဲ့အစည်းများ ပေါ်ပေါက်လာရန် ကြိုးစားသွားမည်ဖြစ်ပြီး ယင်းအလုပ်သမား အဖွဲ့အစည်းများသည် အလုပ်သမား အခွင့်အရေးများကို ကာကွယ်သော ဥပဒေများ ရေးဆွဲနိုင်သည်အထိ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမား များအရေးဆောင်ရွက်သူ ဒေါ်စုစုနှေးက ဆိုသည်။ “မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေးကို ကာကွယ်ပေးတဲ့ အစိုးရတစ်ရပ် မရှိသေးဘူး” ဟု ၎င်းက ထောက်ပြဝေဖန်သည်။ အလုပ်သမားအဖွဲ့အစည်းအချို့သာ အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းရန် မှတ်ပုံတင် လျှောက်ထားကြပြီး အလုပ်သမားအဖွဲ့အစည်းများစွာ ပေါ်ပေါက်လာရန် လိုအပ်နေသေးကြောင်း၊ ယင်းသို့ အခြေခံအလုပ်သမားများ ပေါ်ပေါက်လာမှသာ မြန်မာနိုင်ငံ လုံးဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်ကို ဖွဲ့စည်းနိုင်မည်ဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများနှင့် အလုပ်သမားများက တညီတညွတ်တည်း သုံးသပ်သည်။ အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းရာတွင် အများဆန္ဒအရ အောက်ခြေအဆင့် အခြေခံအလုပ်သမား အဖွဲ့အစည်းမှစ၍ မြို့နယ်အဆင့်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အလုပ်သမားအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်တို့ကို အဆင့်ဆင့်ဖွဲ့စည်းနိုင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အဖွဲ့ချုပ်ကို ဖွဲ့စည်းပြီးမှ အခြေခံ အလုပ်သမား အဖွဲ့အစည်းကို ဖွဲ့စည်း၍ မရကြောင်း အလုပ်သမားအဖွဲ့အစည်းဥပဒေတွင် ဖော်ပြထားကြောင်း ၂၀၁၂ ခုနှစ် ဧပြီ ၃၀ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

by; Khit Lu Nge