Wednesday, April 25, 2012

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များတွင် အလုပ်သမား အဖွဲ့အစည်းများ မှတ်ပုံတင်နိုင်ရန် မြို့နယ်မှတ်ပုံတင် အရာရှိပေါင်း ၇၀ ကျော်ခန့်အပ်ထား

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များတွင် အလုပ်ရှင်၊ အလုပ်သမား အဖွဲ့အစည်းများ မှတ်ပုံတင်နိုင်ရန်အတွက် မြို့နယ်မှတ်ပုံတင် အရာရှိပေါင်း ၇၀ ကျော် ခန့်အပ် တာဝန်ပေးထားကြောင်း သတင်းရရှိသည်။ မြို့နယ် မှတ်ပုံတင်အရာရှိများ ခန့်အပ်တာဝန်ပေးအပ်ရာတွင် အလုပ်သမားအဖွဲ့အစည်း နည်းဥပဒေ  ၄၃(ခ)အရ ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ ခုအတွက် မြို့နယ် မှတ်ပုံတင်အရာရှိ ၇၆ ဦး ခန့်အပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ခန့်အပ်ခဲ့ရာတွင် ကချင်ပြည်နယ်ရှိ မြစ်ကြီးနား၊ ၀ိုင်းမော်၊ တနိုင်း၊ ချီဗွေ၊ ဆော့လော်၊ အင်ဂျန်းယန်၊ ပူတာအို၊ မချမ်းဘော၊ ဆွမ်ပရာဘွမ်၊ ခေါင်လန်ဖူး၊ နောင်မွန်း၊ ဗန်းမော်၊ ရွှေကူ၊ မိုးမောက်၊ မံစီ၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်စသည့် မြို့နယ်များအတွက် မြို့နယ်မှတ်ပုံတင်အရာရှိ သုံးဦး ခန့်ထားကြောင်း၊
ကယားပြည်နယ်ရှိ လွိုင်ကော်၊ ဒီမောဆို၊ ခရူဆို၊ ရှားတော၊ ဘော်လခဲ၊ ဖားဆောင်း၊ မယ်စဲမြို့နယ်များအတွက် မြို့နယ် မှတ်ပုံတင် အရာရှိတစ်ဦး ခန့်အပ်ထားကြောင်း သိရှိရသည်။ ထို့အတူ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊  မွန်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာတီတိုင်းဒေသကြီးတို့ရှိ မြို့နယ်များအတွက်လည်း မြို့နယ်မှတ်ပုံတင် အရာရှိများ ခန့်အပ်ထားသည်။ အလုပ်သမားအဖွဲ့အစည်းဥပဒေမှာ ၂၀၁၂ ခုနှစ် မတ်လ ၉ ရက်နေ့တွင် စတင်အာဏာတည်ပြီး မှတ်ပုံတင်အရာရှိချုပ်ကိုလည်း နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ခန့်အပ်တာဝန်ပေးခဲ့ပြီးဖြစ်သည်။

Ref: EMG

No comments:

Post a Comment