လာမယ့် ၂၀၁၅ ခုနှစ်မှာ အဓမ္မ
အလုပ်စေခိုင်းမှုတွေ မြန်မာပြည်မှာ လုံးဝပပျောက်သွားစေဖို့ စတင်
ဆောင်ရွက်နေပြီလို့ မြန်မာသမ္မတ ဦးသိန်းစိန်က မေလ ၁ ရက်နေ့မှာ
ကျရောက်တဲ့ ကမ္ဘာ့ အလုပ်သမားနေ့ အထိမ်းအမှတ်ပေးပို့တဲ့
သဝဏ်လွှာမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။ သမ္မတဦးသိန်းစိန်က ဒီမိုကရေစီစနစ်အရတာဝန်ယူခဲ့တဲ့
အစိုးရသစ်သက်တမ်း တနှစ်ကျော် ကာလဖြစ်လို့ နိုင်ငံမှာ တရားမ်ွတ
လွတ်လပ်ညီမ်ွခြင်းဆိုတဲ့ လောကပါလတရားတွေ ပိုထွန်းကားစေဖို့
အဓမ္မခိုင်းစေမှုတွေ မြန်မာနိုင်ငံ တဝန်းလုံးမှာ
လုံးဝပပျောက်သင့်ပြီလို့ ဆိုပါတယ်။အဓမ္မခိုင်းစေမှုမှာ မည်သူ တဦးတယောက်ထံကမဆို ကာယကံရှင်ရဲ့ဆန္ဒမပါဘဲ
လုပ်အားကို ခြိမ်းခြောက်ပြီး အတင်းအကျပ် ရယူအသုံးပြုတဲ့
အလုပ်တွေနဲ့ဝန်ဆောင်မှုတွေ ပါဝင်တယ်လို့
ဦးသိန်းစိန်က ပြောပါတယ်။
အလုပ်သမားတွေရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရေးအတွက်
အလုပ်သမား အဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့်ပြုထားတဲ့အကြောင်းနဲ့
ခေတ်မီ ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရာမှာ
အလုပ်သမား အလုပ်ရှင်နဲ့ အလုပ်သမား အဖွဲ့အစည်းတွေက အစိုးရနဲ့
ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ဖို့လည်း သမ္မတ ဦးသိန်းစိန်က
တိုက်တွန်းပါတယ်။
ဒီကနေ့ ကျရောက်တဲ့ ၁၂၂ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့
အထိမ်းအမှတ် အခမ်းအနားတွေကို မြန်မာနိုင်ငံတွင်းမှာရော ပြည်ပမှာပါ
မြန်မာ အလုပ်သမားတွေနဲ့ အလုပ်သမားအရေး လှုပ်ရှားသူတွေက
နေရာအသီးသီးမှာ ကျင်းပခဲ့ကြပါတယ်။
ရန်ကုန်တိုင်း သန်လျင်မြို့နယ်မှာတော့ အလုပ်သမားသမဂ္ဂ
အဖွဲ့အစည်းတွေ အများအပြား ပါဝင်တဲ့ အလုပ်သမားနေ့ အထိမ်းအမှတ်
ဟောပြောပွဲနဲ့ အခမ်းအနားကို မြန်မာနိုင်ငံမှာ
အစိုးရသစ်တက်လာပြီးနောက် ပထမဆုံးအကြိမ် လွတ်လပ်စွာ
ကျင်းပနိုင်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့အလုပ်သမားသမဂ္ဂတွေ
ဖွဲ့စည်းခွင့်ရရေးနဲ့ အလုပ်သမားတွေရဲ့ ဘဝ အာမခံချက်ရှိရေးဟာ
မြန်မာအလုပ်သမားထုတွေ အတွက် အရေးအကြီးဆုံး ဖြစ်တယ်လို့ လွတ်လပ်သော
အလုပ်သမားသမဂ္ဂများ ဖြစ်မြောက်ရေးကော်မတီက ဦးထွန်းထွန်းနိုင်က
ပြောပါတယ်။
“မြန်မာပြည်မှာရှိတဲ့ အလုပ်သမားပြဿနာဟာ အဓမ္မ အလုပ်ခိုင်းစေမှု ပြဿနာ
တခုတည်း မဟုတ်ပါဘူး။ အလုပ်သမားသမဂ္ဂတွေ လွတ်လပ်စွာ
ဖွဲ့စည်းခွင့်ရရှိဖို့ ဖြစ်တယ်။ အလုပ်သမားတွေမှာ
သူတို့ရဲ့လုပ်အားနဲ့ ညီမ်ွတဲ့ လုပ်ခလစာ ရရှိဖို့ဖြစ်တယ်။
အလုပ်သမားတွေရဲ့ ဘဝအာမခံချက်ရရှိရေး ဖြစ်တယ်။ ဒါက အလုပ်သမားတွေအတွက်
အရေးကြီးတဲ့ ပြဿနာပါ။ အဓမ္မ လုပ်အားပေး ပြဿနာဆိုတာ အလုပ်သမားတွေရဲ့
ပြဿနာထဲမှာ အစိတ်အပိုင်းတခုပဲ ဖြစ်ပါတယ်။”
ဒီအခမ်းအနားမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၊
အလုပ်သမား လယ်သမားရေးဆောင်ရွက်သူ မစုစုနွေးနဲ့ အလုပ်သမား
အခွင့်အရေး လှုပ်ရှားသူတွေ ဟောပြောခဲ့ကြပြီး ဆောင်းဦးလှိုင်၊
အနဂ္ဂ၊ သံသာဝင်းစတဲ့ အနုပညာရှင် တချို့လည်း ပါဝင်
တက်ရောက်ခဲ့ကြပါတယ်။
မြန်မာအလုပ်သမားတွေဟာ ၁၉၈၈ ကာလတုန်းက မဆလ တပါတီ အာဏာ ရှင်စနစ်
ပြုတ်ကျသွားအောင် လုပ်ခဲ့တဲ့ အရေးအပါဆုံး အင်အားစုဖြစ်တယ်လို့
အခမ်းအနားမှာ ကိုကိုကြီးက အလုပ်သမားတွေကို ဂုဏ်ပြုစကား
ပြောကြားသွားပါတယ်။
“၁၉၈၈ ခုနှစ် နိုင်ငံလုံးကျွတ် လူထုလှုပ်ရှားမှုကြီးမှာ ကျနော်တို့
တက္ကသိုလ် ကျောင်းဝင်းတွေကနေ စခဲ့တယ်ဆိုပေမယ့် တကယ့်အဆုံးအဖြတ်
ပေးသွားတဲ့ အစိုးရ ယန္တရားတခုလုံး ရပ်တန့်သွားအောင် လုပ်ခဲ့တဲ့
အရေးပါဆုံး အင်အားစုက အလုပ်သမားထုပါ။ အဲဒီအလုပ်သမားထုသာ သပိတ်ထဲမှာ
ပူးပေါင်းပါဝင် မလာခဲ့ရင် တပါတီအာဏာရှင်ရဲ့ ယန္တရားဟာ
ဆက်ပြီးသက်ဆိုးရှည်နေဦးမှာ။ အဲဒီလို ကျနော်တို့
နိုင်ငံရဲ့ခေတ်ပြောင်း၊ စနစ်ပြောင်း တော်လှန်ရေးတခုကို
အဓိကကျခဲ့တဲ့ အင်အားစုတခုအဖြစ်နဲ့ ကျနော်တို့ ကျောင်းသားထုနဲ့
အလုပ်သမားထုနဲ့ အောင်အောင်မြင်မြင် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တာဟာ
ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ ပြောင်းလဲရေးမှာ အရေးအပါဆုံး
သော့ချက်လို့ ပြောလို့ ရပါတယ်။”
အလားတူ မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေ အများအပြား
လာရောက် အလုပ်လုပ် ကိုင်နေတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်၊ ချင်းမိုင်၊
မဲဆောက်မြို့စတဲ့မြို့တွေမှာလည်း မေဒေးနေ့ လှုပ်ရှားမှုတွေနဲ့
အခမ်းအနားတွေ ကျင်းပခဲ့ကြပြီး အလုပ်ချိန်၊ လုပ်အားခ စတဲ့
အလုပ်သမားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေ
ပြည့်ပြည့်ဝဝရရှိရေးနဲ့ ဖိနှိပ်မှုတွေကနေ ကင်းလွတ်ရေးအတွက်
တောင်းဆိုခဲ့ကြပါတယ်။
by; ပီတာအောင် DVB
No comments:
Post a Comment