နယူးဒေလီ (မဇ္ဈိမ) ။ ။ ဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်း မြန်မာနိုင်ငံသို့ မသွားရောက်မီတွင် အိန္ဒိယ
ကော်ပိုရေးရှင်းများ၏ စီးပွားရေးလုပ်ငန်း လုပ်ဆောင်မှုများ အရှိန်မြှင့်လာနေသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံတွင်
အခြေခံ အဆောက်အအုံ ချို့တဲ့မှုနှင့် နိုင်ငံရေး မရေရာမှုများကြောင့်
အိန္ဒိယကုမ္ပဏီများအတွက် သွားရောက် ရင်းနှီးမြှုပ်နှံရန်
နှောင့်နှေးခဲ့ရသော်လည်း ယခုအခြေအနေတွင်မူ ပြောင်းလဲသွားပြီ ဖြစ်ကြောင်း
ONGC Videsh ရေနံကုမ္ပဏီက ယူဆသည်။
“ဒါပေမယ့်
ဝန်းကျင်အနေအထားဆိုတာကတော့ မြန်မြန်ဆန်ဆန်ကို ပြောင်းလဲနေတာပါ။ လတ်တလော
နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှုတွေဟာ မြန်မာနိုင်ငံကို
ရင်းနှီးမြှုပ်နှံချင်ဖွယ်ရာ နေရာတခုအဖြစ် ပြုနိုင်စွမ်းခဲ့ပါတယ်” ဟု ONGC
Videsh စီမံခန့်ခွဲရေး မန်နေဂျာ D K Sarraf အား ကိုးကား၍ The Econimic
Times တွင် ရေးသားထားသည်။
ONGC Videsh မှာ ရွှေ သဘာဝဓါတ်ငွေ့လုပ်ကွက် နှစ်ခုတွင် ဒေါ်လာသန်းတထောင် ရင်းနှီးမြှုပ်နှံထားသည်။
ထိုသို့သော
မြေအောက်သယံဇာတလုပ်ငန်းတွင် သာမက အခြားသော ကဏ္ဍများ၌လည်း
ရင်းနှီးမြှုပ်နှံရန် အိန္ဒိယမှ ဆန္ဒရှိကြကြောင်းလည်း လေ့လာသူများက ဆိုသည်။
“အိန္ဒိယ
ကော်ပိုရိတ်တွေအနေနဲ့ ကျန်းမာရေးတို့၊ နည်းပညာတို့၊ ဆက်သွယ်ရေးတို့၊
အခြေခံ အဆောက်အအုံတို့ ကိစ္စမျိုးတွေမှာလည်း စိတ်ဝင်စားမှုရှိကြောင်း
ပြထားပါတယ်။ နောက်ပြီး မြန်မာနိုင်ငံဟာ အိန္ဒိယအတွက်
အရှေ့တောင်အာရှနိုင်ငံတွေဆီ ထွက်ရာတံခါးကြီး ဖြစ်လာရမှာပဲလို့
နားလည်ထားကြပြီးသားပါ” ဟု နယူးဒေလီ အခြေစိုက် သုတေသနနှင့်
သတင်းအချက်အလက်အဖွဲ့ကြီး RIS မှ အကြီးတန်း အသင်းဝင် Ram Upendra Das က
ဆိုသည်။
အိန္ဒိယအစိုးရမှ မြန်မာအား ထပ်မံပေးအပ်ထားသည့် ဒေါ်လာ သန်း
၅ဝဝ (ပစ္စည်းဖြင့်) ချေးငွေသည်လည်း အိန္ဒိယ စီးပွားရေး
လုပ်ငန်းရှင်ကြီးများအတွင် အခွင့်အလမ်းတခုအဖြစ် ရှုမြင်နေကြသည်။
အခြားသော စီးပွားရေးလုပ်ငန်းများအနက် Tata Mortors ၊ RITES နှင့် United Bank of India (UBI) တို့မှာ
မြန်မာပြည်တွင်း
စီမံချက်များ ချမှတ်လုပ်ကိုင်လျက် ရှိနေကြသည်။ UBI ဘဏ်မှာ မြန်မာ့
နိုင်ငံတော်ဘဏ် သုံးခုနှင့် သဘောတူစာချုပ်များ ချုပ်ဆိုထားပြီး လွန်ခဲ့သော
လေးနှစ်တာ ကာလကတည်းက နယ်စပ်ကုန်သွယ်ရေးကိစ္စများ
ဆောင်ရွက်လာနေခြင်း ဖြစ်သည်။ အိန္ဒိယ ဗဟိုဘဏ် RBI သည်လည်း မကြာမီ မြန်မာနိုင်ငံ၌ ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်တော့မည် ဖြစ်သည်။
by; မဇ္ဈိမသတင်းဌာန
No comments:
Post a Comment