မြန်မာနိုင်ငံတွင် ရွှေကို အတုံးအခဲလိုက် တွေ့ရှိရာ ဒေသတစ်ခု ဖြစ်သည့်
ရမည်းသင်းမြို့ အရှေ့ဘက်မိုင် (၃၀) အကွာခန့်ရှိ ရွှေတောကွက်ရပ် ပတ်ဝန်းကျင်၌
ဇွန်လ(၁)ရက်နေ့ နံနက် (၈) နာရီခန့်မှ စတင်၍ အလုပ်သမား အခွင့်အရေး အပြည့်အဝ
ရရှိရန် အလုပ်သမား ဦးရေ တစ်သိန်းကျော်ခန့် ဆန္ဒပြ တောင်းဆိုသွားမည်
ဖြစ်ကြောင်း အလုပ်သမား ဆန္ဒပြပွဲမှ ဦးဆောင် လှုပ်ရှားသူ ရမည်းသင်း ဒေသခံ
ဦးသက်လွယ်က မေလ ၂၉ ရက်နေ့တွင် The Voice Weekly သို့ ပြောကြားသည်။
"သိကြားမင်း ဆင်းတားတောင် မရဘူး” ဟု ဇွန်လ ၁ ရက်နေ့ ရမည်းသင်းမြို့ အလုပ်သမား ဆန္ဒပြပွဲကို အတည်ပြုသည့် အနေဖြင့် ဦးသက်လွယ်က ဆိုသည်။
၂၀၁၁ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီက
ရမည်းသင်း ရွှေတောကွက်ရပ်ကို တရားဝင် လုပ်ကိုင်ခွင့် ရရှိခဲ့ကြောင်း၊
အောက်တိုဘာလ အတွင်း ရမည်းသင်း ဒေသခံ ရွှေအလုပ်သမားများနှင့် အဆိုပါ
ကုမ္ပဏီတို့ (၅) နှစ် လက်တွဲ လုပ်ကိုင်ရန် သဘောတူညီ ခဲ့ကြကြောင်း၊ ၂၀၁၂
ခုနှစ် မေလတွင် ယင်းကုမ္ပဏီမှ ကြိုတင် အသိပေးခြင်း တစ်စုံတစ်ရာ မရှိဘဲ
ရမည်းသင်း ဒေသခံ ရွှေအလုပ်သမားများကို အဆိုပါ ရွှေတောကွက်ရပ်တွင်
လုပ်ကိုင်ခွင့် မပြုတော့ခြင်းကြောင့် ရမည်းသင်း ရွှေတောကွက်ရပ်ကို
အမှီပြုနေသော ရမည်းသင်း ဒေသခံ လူဦးရေ ငါးသိန်းခန့်သည်
ကျောင်းဖွင့်ရာသီနှင့် မိုးရာသီတွင် အလုပ်အကိုင် အဆင်မပြေခြင်းများ
ကြုံတွေ့နေရသည်။
အလုပ်သမား ဆန္ဒပြပွဲတွင် ပါဝင်လိုသည့် ရမည်းသင်း ဒေသခံ ၅ သိန်းခန့်
ရှိသော်လည်း သောင်းဂဏန်း လောက်ဖြင့်သာ ပြုလုပ်သွားမည် ဖြစ်ကြောင်းကို
ဦးဆောင်လှုပ်ရှားသူ ဦးသက်လွယ်က ဆိုသည်။
အလုပ်သမား ဆန္ဒပြပွဲကို အောက်ခံ လူဦးရေ တစ်သိန်းကျော်ခန့်ဖြင့် စတင်
ပြုလုပ်မည် ဖြစ်ပြီး လူဦးရေ တစ်သိန်းကျော် စီတန်း လှည့်လည်မည် ဖြစ်ရာ
ကျောင်းဖွင့်ချိန်တွင် အခက်အခဲများစွာ ကြုံတွေ့နေရသည့် ကလေးငယ်များ ကလည်း
ကျောင်းတက်ချိန် ရောက်ပြီ ဟု ဗွီနိုင်းများ ကိုင်ကာ ပါဝင် လှုပ်ရှားမည်
ဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ရမည်းသင်း မြို့ နယ်နှင့် မိုင် ၃၀ အကွာ ရွှေတောတွင် မေလ (၂၈) ရက်နေ့
အလုပ်သမားဆန္ဒပြပွဲ ပြုလုပ်မည့် အကြောင်းကြားစာကို ပြည်ထဲရေး ဝန်ကြီးဌာန
လက်အောက်ရှိ ရမည်းသင်း ခရိုင်ရဲစခန်းသို့  အသိပေး အကြောင်းကြားထားပြီး
ဖြစ်ကြောင်း၊ ကန့်ကွက် နှောင့်ယှက်သည့် တုန့်ပြန်မှု တစ်စုံတစ်ရာ
ပြုလုပ်ခြင်း မရှိဘဲ အဆင်ပြေစွာ ပြုလုပ်နိုင်မည့် အခြေအနေတွင်
ရှိကြောင်းကို ရမည်းသင်းမြို့  အလုပ်သမား ဆန္ဒပြပွဲ အတွက် ကူညီ
ဆောင်ရွက်ပေးနေသည့် အထက်မြန်မာပြည် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့
အလုပ်သမားအဖွဲ့နှင့် ကူညီပူးပေါင်း ဆောင်ရွက်သော အဖွဲ့ မှ အထက်မြန်မာပြည်
တာဝန်ခံ (၂) ဦးအေးသိန်းက ဆိုသည်။
အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီသည် ယခင်အစိုးရ ဝန်ကြီးများ ကျောထောက်
နောက်ခံပြု ဖွဲ့စည်းထားသော ကုမ္ပဏီ ဖြစ်ပြီး တရုတ် - မြန်မာ နယ်စပ်တွင်
ငါးပုဇွန်များကို ဈေးကောင်းရအောင် တပြေးညီ ရောင်းမည် ဟုဆိုကာ
ဈေးကွက်အတွင်း ဝင်ရောက် လက်ဝါးကြီးအုပ်သည် ဟုလည်း ရေလုပ်ငန်းရှင် အချို့၏
စွပ်စွဲခြင်း ခံရဖူးသည်။
by; ရွှေရည် ၊ The Voice
No comments:
Post a Comment