Sunday, May 27, 2012

အလုပ်သမား အခွင့်အရေး လှုပ်ရှားမှု ကွန်ယက်ဖွဲ့

လုပ်ခလစာ နည်းပါးမှု အခွင့်အရေး ချိုးဖောက် ခံရမှုတို့ကြောင့် တစ်ရက်လျှင် စက်ရုံနှစ်ရုံခန့် တိုးမြှင့် ဆန္ဒပြမှုများ ဖြစ်ပေါ်နေသော လှိုင်သာယာ စက်မှုဇုန်ရှိ စက်ရုံ ခုနှစ်ရုံက အလုပ်သမားများဖြင့် အလုပ်သမား အခွင့်အရေး လှုပ်ရှားမှု ကွန်ယက်ကို မေလ ၂၆ ရက်နေ့တွင် စတင် ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း အဆိုပါ စက်ရုံများမှ အလုပ်သမားများက ပြောကြားသည်။


အလုပ်သမားများ အချင်းချင်း လက်တွဲ အကူအညီ ပေးခြင်း၊ သတင်း အချက်အလက်များကို ဖြန့်ဝေခြင်း၊ အလုပ်သမား အခွင့်အရေးများကို အတူတကွ တောင်းဆိုရန် အလုပ်သမားထု တစ်ရပ်လုံး ညီညီညွှတ်ညွှတ် ရှိစေရန် လိုအပ်သဖြင့် ယင်းကွန်ယက်ကို ဖွဲ့စည်းခြင်း ဖြစ်ကြောင်း အဆိုပါ အလုပ်သမား များထံမှ သိရှိရသည်။

“ပြဿနာတွေကို ဝိုင်းဝန်း ဖြေရှင်းနိုင်အောင် ကြိုးစားသွားမယ်။ အဲဒါကြောင့် ကွန်ယက်ဖွဲ့တာ” ဟု လုပ်ခလစာ တိုးမြှင့် ပေးရန် တောင်းဆိုထားချက် ပြေလည်မှု မရရှိသေးသော Hi- Mo ဆံပင်တု စက်ရုံက အလုပ်သမား ကိုယ်စားလှယ် တစ်ဦးက ရှင်းပြသည်။

နေမင်းအောင်၊ ပုလဲ၊ တိုးမြတ်အောင်၊ ငွေကံကော် အထည်ချုပ်စက်ရုံ လေးရုံ၊ Hi- Mo ဆံပင်တု စက်ရုံ၊ Lucky ဖိနပ်စက်ရုံ ခုနှစ်ရုံတို့မှ အလုပ်သမားများဖြင့် ယင်းကွန်ယက်ကို စတင် ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း၊ စက်ရုံတစ်ရုံတွင် အလုပ်သမား နှစ်ဦးစီဖြင့် စတင် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

အလုပ်သမား အရေး လိုက်ပါ ဆောင်ရွက်နေသော ရှေ့ နေ ဦးဌေးကမှု “အဲဒီကွန်ယက်မှာ ဥပဒေရေးရာတွေနဲ့ ပတ်သက် လို့ အကူအညီ ပေးသွားမယ်။ အကြံပေးသွားမယ်” ဟု ပြောကြားသည်။

by; The Voice Weekly

No comments:

Post a Comment