Tuesday, May 8, 2012

ကျွန်ဖြစ်နေတဲ့ မြန်မာတွေကို နွံနစ်အောင်လုပ်ရက်သလား

ဘန်ကောက် မြန်မာသံရုံးမှာ စာအုပ်သက်တမ်းတိုးမပေးတော့ဘူး………. ထိုင်းနိုင်ငံအတွင်းမှာ နေထိုင်အလုပ်လုပ်နေကြတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေ ယာယီပါတ်စပို့ကိစ္စ၊ အလုပ်လုပ်ခွင့် လက်မှတ်(work permit) ကိစ္စနဲ့ အလူးအလိမ့်ခံနေကြရတာကို လူသိ နတ်သိဖြစ်တယ်။ အဲဒါတွေမလုပ်ရင်  ထိုင်းမှာ နေထိုင် အလုပ်လုပ်ကိုင်လို့ မရတာကြောင့် မလုပ်ချင်ပေမယ့် လုပ်နေကြရတာဖြစ်တယ်။ မြန်မာအလုပ်သမားတွေဟာ အန္တရာယ်များတဲ့အလုပ်၊ ညစ်ပတ်တဲ့အလုပ်၊ ပင်ပန်းတဲ့အလုပ်တွေကို လုပ်ကိုင်နေကြရတာဖြစ်ပါ တယ်။ စပယ်ရှယ်စားပြီး စတိုင်ကျကျ လုပ်ကိုင်ကြရတာမဟုတ်ဘူး။ ဒါပေမယ့် ဒီလူတန်းစားကို ထိုင်း/မြန်မာအစိုးရနဲ့ လုပ်ငန်းရှင်တွေက ဂုတ်သွေးစုတ်လို့ ကောင်းတဲ့လူတန်းစား အဖြစ် သတ်မှတ်ထားတယ်။ အလုပ်သမား ၄သန်းဆိုတဲ့ ရင်းမြစ်ကြီး
ကသွားရည်ယိုလောက်တယ်လေ။ ဒီလိုပြောရခြင်းဟာ ပြောသင့်လို့ပြောခြင်းဖြစ်တယ်။ ရိုင်းရိုင်းစိုင်းစိုင်းပြောခြင်း မဟုတ်ဘူး။ ပတ်စပို့လုပ် WP လုပ် ရက်ပေါင်း ၉၀ ဧည့်စါရင်းတိုင် နဲ့ မြန်မာအလုပ်သမားတွေ ကျွန်ခံသမျှ ပိုက်ဆံတွေ ထိုင်းမှာကုန်နေကြပြီဖြစ်တယ်။

   

တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်တွေအတွက် အကုန်အကျများလွန်းလို့ သေလုမျောပါး ဖြစ်နေ ကြရတဲ့ မြန်မာအလုပ်သမား
တွေကို အရင်တုန်းက  မြန်မာအစိုးရ ၀ါဇီစက်က ထုတ်လုပ်ခဲ့တဲ့ အနီရောင် အဖုံးနဲ့ ယာယီ ပတ်စပို့ တစ်အုပ်ကို ဘတ်ငွေ ၁၀၀ နုန်းထားနဲ့ထုတ်ပေးခဲ့တယ်။ စာအုပ်၂ နှစ်သက်တမ်း ကုန်သွားတော့ စာအုပ်သက်တမ်းတိုးခ အဖြစ် မြန်မာသံရုံးက
 ယူတာက ဘတ် ၁၅၀ ပေးရ ပါတယ်။ မြန်မာသံရုံးက စတေကာ ကပ်ပြီး လုပ်ပေးတာကြောင့် မြန်မာအလုပ်သမားတွေ ကိုယ်တိုင် လာစရာမလိုပဲ အခြားလူနဲ့  ထည့်ပေးလိုက်ရုံနဲ့ အလုပ်ဖြစ်တယ်။ ကြားပွဲစားတွေလည်း စာအုပ်တစ်အုပ်ကို ဘတ် ၅၀ ဒါမှမဟုတ် ဘတ်၁၀၀ လောက်စီ အမြတ်ယူပြီးလုပ်ပေးကြတယ်။ ဘာပဲပြောပြော အလုပ်သမားတွေ အလုပ်လည်း မပျက်ဘူး။

စားစရိတ်နဲ့ သွားစရိတ်တွေ မကုန်ဘူးလို့ အလုပ်သမားတွေက ပြောကြတယ်။

  “ရေနစ်သူကို ၀ါးကူလို့ထိုးခြင်း”

အနီရောင်ပတ်စပို့ မြန်မာအစိုးရ၀ါဇီစက်ရုံက ထုတ်ပေးတဲ့ အနီရောင် ပတ်စပို့ နဲ့ တောင်မှ အကုန်အကျ များလွန်းလို့ စိတ်ညစ်နေ
ကြရတဲ့ မြန်မာ အလုပ်သမားတွေကို ယခု တစ်ပူပေါ်နှစ်ပူ ဆင့်လာတဲ့ လုပ်ရပ်က ပေါ်လာပြီးဖြစ်တယ်။ ၂၀၁၂ ခုနှစ်မှာ Trust Link ကုမ္ပဏီက လာရောက်ပြီး တော့ ခရမ်းရောင် အီလက် ထရွန်နစ် ပတ်စပို့စာအုပ် တစ်အုပ်ကို ဘတ်ငွေ ၅၅၀ နဲ့ ထုတ်ပေးနေတယ်။
မြန်မာအလုပ်သမားဒုဝန်ကြီး ဦးမြင့်သိန်းကိုယ်တိုင်လာရောက်ပြီးတော့မှ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တယ်။ ၂နှစ်ပြည့်ပြီဖြစ်တဲ့
အနီရောင် ပတ်စပို့ကို ဘန်ကောက် မြန်မာသံရုံးမှာ နောက်ထပ် ထိုင်နိုင်ငံအတွင်း နေထိုင်ခွင့်သက်တမ်း တိုးလို့ မရတော့ဘူး။
သံရုံးနဲ့ နီးစပ်သူတွေ အပြောကတော့ ခရမ်းရောင် ပတ်စပို့စာအုပ် များများရောင်းရအောင် လုပ်ခြင်းဖြစ်တယ်လို့ စွတ်စွဲပြော
ဆိုကြတယ်။

မြန်မာသံရုံးမှာ အလုပ်သမားကိုယ်တိုင် သွားစရာမလိုပဲ သက်တမ်းတိုး လို့ ရတဲ့ လုပ်ငန်းစဉ်ကိုယခု အသစ်သတ်မှတ်လိုက်တဲ့ မူအရဆိုရင်ယာယီပတ်စပို့ ထုတ်ပေးတဲ့ မူလနေရာတွေကို အလုပ်သမားတွေ ကိုယ်တိုင် သွားရောက်ပြီးတော့မှ စာအုပ်အသစ် ထုတ်ယူရမှာဆိုတော့ စရိတ်စက လေးငါးထောင်အထိ ထပ်မံကုန်ကျမယ်လို့ သိရတာကြောင့် အလုပ်သမားတွေ အထူးစိတ်ထိ ခိုက်နေကြရပါတယ်။ တစ်မျိုးပြီးတစ်မျိုး မရိုးရအောင် အလုပ်သမားတွေကို နှိပ်စက်နေကြပါလားလို့  ပြောနေကြတယ်။

ထိုင်းလုပ်ငန်းရှင်နဲ့ ထိုင်းအာဏာပိုင်တွေဟာ မြန်မာအလုပ်သမားတွေဆီက ငွေတွေကို ထိုင်းနိုင်ငံ အတွင်းမှာ ကုန်အောင် နည်းအမျိုးမျိုးနဲ့ ဂုတ်သွေးစုတ်နေကြခြင်းသာဖြစ်တယ်လို့  ခေတ်ပညာတတ် မြန်မာ အလုပ်သမားတွေက ပြောကြပါတယ်။

ပတ်စပို့စာအုပ်တိုးခြင်းဟာ စာအုပ်ဖိုးလောက် သာကုန်သင့်ပြီး ပတ်စပို့အသစ်လုပ်သလို မျိုး လူကိုယ်တိုင် နယ်စပ်ကို အရောက်သွားပြီး ပြန်လဲရမယ်ဆိုတာက မြန်မာအစိုးရအနေနဲ့ အလွန် ရက်စက်ရာ ကျပါတယ်။ မြန်မာအစိုးရအနေနဲ့ Trust Link
ကုမ္ပဏီက ထုတ်လုပ်တဲ့ ခရမ်းရောင်ပတ်စပို့ စာအုပ် ရောင်းချရရေး အတွက် ဒီလောက် ဦးစားမပေးသင့်ဘူး။ စာအုပ်အရောင်
ပြောင်းခြင်းထက် မြန်မာအလုပ် သမားတွေ လုံလုံခြုံခြုံ နေထိုင် လုပ်ကိုင်ခွင့်ရရှိရေးက သာအဓိကဖြစ်တယ်လို့  ပြောကြ ပါတယ်။

 မြန်မာသံရုံးမှာ သက်တမ်းတိုးလို့ရတဲ့ အနေအထားကနေ နယ်စပ်နဲ့ ပတ်စပို့ ထုတ်ပေးတဲ့နေရာတွေမှာလူကိုယ်တိုင်သွားရောက်
ပြီးမှ ပတ်စပို့အသစ်ကိုလဲလှယ်ရမယ် ဆိုတဲ့ အမိန့်ကို ဆက်လက်ကျင့်သုံးနေမယ် ဆိုရင် ကျေးကျွန်းသဖွယ် အလုပ်လုပ်နေကြရတဲ့
မြန်မာအလုပ်သမားတွေအတွက် ဗူးလေးရာဖရုံဆင့် သာမက ရေနစ်သူကိုဝါးကူထိုးသတ်တာမျိုး ဖြစ်နေတာကြောင့်
ပြန်လည်သုံးသပ်သင့်ကြောင်း……
                                                                                           
ကျော်သောင်း
Myanmar News Now

No comments:

Post a Comment