လုပ်ခလစာ ပြဿနာဖြင့် တစ်ရက်လျှင် စက်ရုံနှစ်ရုံခန့် တိုးမြှင့် ဆန္ဒပြမှု
ဖြစ်ပေါ်နေသော လှိုင်သာယာ စက်မှုဇုန်ရှိ စက်ရုံငါးရုံတွင် လုပ်သား ပြဿနာ
ပြေလည်မှု ရရှိသွားပြီ ဖြစ်ကြောင်း အလုပ်သမားများက ပြောကြားသည်။
ပုလဲ၊ စံပယ်ပွင့်၊ YJ၊ အာရှနှင်းဆီ အထည်ချုပ်စက်ရုံ လေးရုံနှင့် Miss Style
ဖိနပ်စက်ရုံတို့မှ အလုပ်သမား ပြဿနာများ ပြေလည် သွားပြီ ဖြစ်ကြောင်း
၎င်းတို့ထံမှ သိရှိရသည်။
ပုလဲ အထည်ချုပ်စက်ရုံနှင့် စံပယ်ပွင့် အထည်ချုပ် စက်ရုံတို့မှ
အလုပ်သမားများမှာ ရှားပါးစရိတ် ထောက်ပံ့ကြေး သုံးသောင်း တောင်းဆိုထားရာ
နှစ်သောင်းကျပ်ဖြင့် အလုပ်ရှင် အလုပ်သမား ပြေလည်မှု ရရှိသွားခြင်း
ဖြစ်ကြောင်း၊ အခြေခံလစာကို အချိန်ပိုမပါ ၅၆၈၀၀ ကျပ်ပေးပြီး ရက်မှန်ကြေးကို
နှစ်ထောင် ထပ်မံ တိုးပေးလိုက်ကြောင်း ယင်းစက်ရုံများမှ အလုပ်သမားများက
ပြောကြားသည်။
“အဆင်ပြေသွားပြီ။ တစ်သောင်းကျော်လောက် ထပ်တိုးသွားတာပေါ့” ဟု ပုလဲ အထည်ချုပ် စက်ရုံမှ အလုပ်သမား ကိုယ်စားလှယ် တစ်ဦးက ရှင်းပြသည်။
YJ အထည်ချုပ်စက်ရုံမှ အလုပ်သမားများမှာ အခြေခံလစာကို သုံးသောင်း
တောင်းဆိုထားရာ ၂၅၀၀၀ ကျပ်ဖြင့် ပြေလည်သွားပြီ ဖြစ်ကြောင်း၊ အာရှနှင်းဆီ
စက်ရုံနှင့် Miss Style တို့တွင်လည်း အလုပ်ရှင်ဘက်က လိုက်လျောမှု
များကြောင့် ပြေလည်သွားပြီ ဖြစ်ကြောင်း အလုပ်သမား အရေး ဆောင်ရွက်သူများ
ထံမှ သိရသည်။
လှိုင်သာယာ စက်မှုဇုန်တွင် မေလ လဝက်အတွင်း စက်ရုံ ၂၀ ကျော်မှ အလုပ်သမားများ
လုပ်ခလစာ တိုးမြှင့်ပေးရန် အလုပ်မဆင်းဘဲ ဆန္ဒပြ တောင်းဆိုခဲ့ ကြသည်။
by; The Voice Weekly
No comments:
Post a Comment