ရန်ကုန်တိုင်းဒေသကြီးအတွင်း လှိုင်သာယာစက်မှုဇုန်ရှိ
ဆန္ဒဖော်ထုတ်မှုပြုလုပ်ခဲ့သည့် စက်ရုံသုံးရုံမှ အလုပ်သမားဦးရေ ၃၀၀ ကျော်
လျော့ချခဲ့ကြောင်း သိရှိရသည်။ ၂၀၁၂ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင်
လှိုင်သာယာမြို့နယ် ၁၇ ရက်ကွက် စက်မှုဇုန် (၅) အနော်ရထာလမ်း အကွက်အမှတ်
(၁၈၁၊၁၈၂) ရှိ Global Foot wear ဖိနပ်စက်ရုံတွင် ကျား ၂၀ ဦး၊ မ ၃၁၈ ဦး
စုစုပေါင်း ၃၃၈ ဦးဖြင့် လုပ်ငန်းလည်ပတ် လျက်ရှိရာ ကုန်ပစ္စည်းမှာယူမှု၊
အော်ဒါပို့ဆောင်မှုနှင့် ကုန်ကြမ်းအခက်အခဲများကြောင့်
လုပ်ငန်းလည်ပတ်မှုမရှိသဖြင့် အလုပ်သမားဦးရေ ၁၅၀ ကို လျော့ချခဲ့ကြောင်း
သိရှိရသည်။ အလားတူ တော်ဝင်မြန်မာ ဇာထိုး၊ပန်းထိုးစက်ရုံနှင့်
အကြင်နာအိပ်မက် အထည်ချုပ်စက်ရုံမှ အလုပ်သမားဦးရေ
၂၀၀ ကျော် လျော့ချခဲ့ကြောင်း သိရှိရသည်။
လှိုင်သာယာမြို့နယ်
အလုပ်သမားကြီးကြပ်ရေးရုံးမှ ဦးစီးဖြစ်သူ ဦးအောင်ကျော်မင်းမှ
''ကုန်ပစ္စည်းတွေ အော်ဒါပို့တာတွေ ကုန်ကြမ်းအခက်အခဲ စတဲ့အကြောင်းအရာတွေနဲ့
ပတ်သက်ပြီးတော့ စက်ရုံက အလုပ်သမားတွေ လျော့ချဖို့ ကော်မတီကိုတင်ပြ
ထားတာတွေရှိပါတယ်။ အဲဒီ Global Foot wear ဖိနပ်စက်ရုံက ဇွန်လ ၂၀ ရက်နေ့မှာ
ကော်မတီကိုတင်ပြတယ်။ ကျွန်တော်တို့က စာချုပ်မှာပါတဲ့အတိုင်း
အလုပ်သမားတွေကို လျော်ကြေးပေးပြီးတော့ အဲဒီနေ့ကပဲ ခွင့်ပြုပေးခဲ့ပါတယ်''ဟု
ပြောကြားခဲ့သည်။
လှိုင်သာယာ စက်မှုဇုန်ကော်မတီမှ ဥက္ကဋ္ဌဖြစ်သူ
ဦးမြတ်သင်းအောင်က''ဒီလိုအလုပ်သမားတွေ လျော့ချတဲ့ ကိစ္စတွေက
နှစ်စဉ်နှစ်တိုင်း အလုပ်ပါးတဲ့အချိန်တွေမှာ ဖြစ်လေ့ရှိပါတယ်။ ဒါပေမဲ့
ဒီနှစ်မှာတော့ အရင်နှစ်တွေ ကထက် အလုပ်သမားတွေ လျော့ချတဲ့ရာသီက
ပိုပြီးစောနေပါတယ်။ အခု တချို့စက်ရုံတွေဆိုရင် လုပ်ငန်းလည် ပတ်ဖို့
အခက်အခဲရှိတဲ့အတွက် စက်ရုံပိတ်ဖို့ ခွင့်တောင်းတာတွေ ရှိတယ်။ ဒါပေမဲ့
အမှုဖြစ်ထားတဲ့ စက်ရုံတွေဆိုရင်တော့ သမာဓိခုံရုံးက ပြစ်ချက် တစ်စုံတစ်ရာ
မချမှတ်ရသေးဘူးဆိုရင်တော့ ပိတ်ခွင့်မပေးပါဘူး။ အခုနှစ်ထဲမှာ
အလုပ်သမားတွေဘက်က လစာနည်းပါးမှုကြောင့် မိမိရဲ့ဆန္ဒကို ထုတ် ဖော်ခဲ့တဲ့
စက်ရုံအရေအတွက် ၇၀ ကျော်လောက် ရှိခဲ့ပါတယ်။ အဲဒီစက်ရုံတွေထဲက
အကြောင်းအမျိုးမျိုးကြောင့် အလုပ်သမားတွေ လျော့မယ်ဆိုရင်တော့ သေသေချာချာ
စစ်ဆေးသွားပြီးတော့ မှတ်ချက်ပေးသွားမှာပါ။ တချို့စက်ရုံတွေဆိုရင်လည်း
အလုပ်သမားတွေနဲ့ အပြန်အလှန် ပြေလည်မှုရှိခဲ့တဲ့အတွက် သူတို့အချင်းချင်း
သဘောတူညီစွာနဲ့ အလုပ်သမားလျော့ချမှုတွေ ပြုလုပ်တယ်။ ဒါပေမဲ့ နှစ်ဖက်
သဘောတူညီမှုတွေ မရှိဘူးဆိုရင်တော့ အလုပ်သမားကြီးကြပ်ရေးကော်မတီကို တင်ပြပြီး
ဆောင်ရွက်ပေးနေရပါ တယ်''ဟု သုံးသပ်ပြောကြားခဲ့ပါသည်။
ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့သည့် စက်ရုံများထဲတွင် ပါဝင်ခဲ့သည့် Global
Foot wear ဖိနပ်စက်ရုံမှာ မေလ ၁၅ ရက်နေ့တွင် ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့သည့်
စက်ရုံတစ်ရုံဖြစ်ကြောင်း သိရှိရပါသည်။ ထို့အတူ တော်ဝင်မြန်မာ ဇာထိုး၊
ပန်းထိုး စက်ရုံမှ အလုပ်သမားများမှာ မေလ (၄)ရက်တွင် လည်းကောင်း၊
အကြင်နာအိပ်မက် အထည်ချုပ်စက်ရုံမှာ မေလ (၂၈)ရက်နေ့တို့တွင်
အခြေခံလစာနည်းပါးမှုကြောင့် ဆန္ဒထုတ်ဖော်ခဲ့သော စက်ရုံများဖြစ်ကြောင်း
သိရသည်။ အထည်ချုပ် စက်ရုံတစ်ခုတွင် အလုပ်လုပ်နေသူ မစန္ဒာအောင်က
''ကျွန်မတို့စက်ရုံမှာတော့ အမှာစာတွေလျော့တဲ့အတွက် အလုပ်သမားဦးရေ
လျော့ချမယ်ဆိုပြီး တာဝန်ရှိသူတွေက ပြောတယ်။ ထွက်မယ့်ထဲက လုပ်ငန်းခွင်မှာ
ဝင်တာကြာသူတွေကို လျော်ကြေးကျပ် ၁ သိန်း ၆ သောင်း ပေးတယ်။ အခုမှ
တရားဝင်စက်ရုံ အလုပ်သမားစဖြစ်တဲ့သူဆိုရင် ရှစ်သောင်း လျော်ကြေးပေးပါတယ်။
ကျွန်မတို့စက်ရုံမှာက အခုလျော်ကြေးယူပြီး ထွက်သွားတဲ့ သူတွေက
နှစ်တော်တော်ကြာ လုပ်သွားတဲ့သူတွေ၊ နောက်ပြီး လစာနည်းလို့ ဆန္ဒပြခဲ့တဲ့
သူတွေထဲက အများစုလည်း ထွက်သွားပါတယ်''ဟု ၎င်းက ပြောပြခဲ့ပါသည်။ အလုပ်သမားအရေး
ဆောင်ရွက်မှုများ ပြုလုပ်ပေးနေသော ၈၈ ကျောင်းသားအဖွဲ့မှ မသက်သက်အောင်မှ
''အလုပ်သမားတွေက လစာနည်းပါးလို့ ဆန္ဒဖော်ထုတ်ပြီး သိပ်မကြာခင်မှာပဲ
အခုလိုအကြောင်းအမျိုးမျိုးနဲ့ ခေါင်းစဉ်တပ်ပြီးတော့ အလုပ်သမားတွေကို
လျော့ချနေတာက စဉ်းစားစရာတွေ အများကြီးရှိတယ်။ လျော့ချနေတဲ့
စက်ရုံအများစုကလည်း ဆန္ဒဖော်ထုတ်ခဲ့ဖူးတဲ့ စက်ရုံတွေဖြစ်ပါတယ်'' ဟု
ပြောကြားခဲ့သည်။
လှိုင်သာယာ စက်မှုဇုန်မြို့တော်အတွင်း ယခုလက်ရှိ လုပ်ငန်းလည်ပတ်လျက်ရှိသော
စက်ရုံအရေအတွက် မှာ ၅၁၈ ရုံရှိပြီး အကြောင်းအမျိုးမျိုးကြောင့်
ရပ်ဆိုင်းနေသော စက်ရုံများလည်းရှိနေကြောင်း အဆိုပါစက်မှုဇုန်
ကော်မတီတာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။
by; EMG
This Blog will try to support all the Blue and White labors across Myanmar and aim to establish Labor Organizations and Unions which are dedicated to the development of Myanmar Labors. ဤဘလော့သည် မြန်မာနိုင်ငံရှိ ကာယလုပ်သားများ ၊ ဥာဏလုပ်သားများ၏ ဘ၀အခြေအနေ မြင့်မားတိုး တက်စေရန်အတွက် တတ်အားသ၍ ပါဝင်ပံ့ပိုးနိုင်ရန် နှင့် ထိုသို့ကူညီပံ့ပိုးပေးနိုင်သော အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းတည်ထောင်နိုင်ရေးအတွက် ရည်မှန်းသည်။
No comments:
Post a Comment