ဇောတိက ပိုက်လိုင်းစီမံကိန်းမှ အလုပ်သမားများ ၀န်ကြီးချုပ်ထံ စာပို့
ဝန်ကြီးချူပ်
တနင်္သာရီတိုင်းဒေသကြီး
တနင်္သာရီတိုင်း
အကြောင်းအရာ။ ။ ဇောတိကသဘာဝဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်းရေး
စီမံကိန်းလုပ်သားများ၏ နစ်နာမှုများနှင့် အခွင့်အရေးများအတွက်
ညှိုနှိုင်းဖြေရှင်းပေးပါရန် တင်ပြခြင်း
ကျွန်တော်တို့သည်
ရေဖြူမြို့နယ်၊ ကန်ဘောက်ဒေသ PTTEPI မှ ဆောင်ရွက်အကောင်အထည်ဖော်နေသော ဇောတိက
သဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းစီမံကိန်းတွင် ၀င်ရောက်လုပ်ကိုင်နေသော
လုပ်သားများနှင့် မိသားစုများ ဖြစ်ပါသည်။
စီမံကိန်းတွင် CPPB မှ ကန်ထရိုက်အဖြစ်ရရှိထားပြီး အလုပ်သမား ရှာဖွေခန့်ထားရေးကိစ္စရပ်များတွင် AGS ( Asia Guiding Star Co.ltd) မှ တဆင့်ခံ ကန်ထရိုက်အဖြစ်တာဝန်ယူဆောင်ရွက်နေပါသည်။
AGS မှ စီမံကိန်း လုပ်ငန်းများအတွက် လုပ်သားရေးရာ ကိစ္စများ တာဝန်ယူမှုတွင်
လုပ်ခလစာနည်းပါးလွန်းခြင်း၊ အခြားခံစားခွင့်များ မရခြင်း၊
ကြမ်းတမ်းရိုင်းပြစွာ အမိန့်ပေးခိုင်းစေခြင်း တို့ကြောင့်
ကျနော်တို့လုပ်သားများအတွက် အခက်အခဲများစွာ ရင်ဆိုင်နေရပါသည်။
ကန်ဘောက်ဒေသရှိ အခြားစီမံကိန်းမှ ကုမ္ပဏီလုပ်သားများထက် အဆမတန်နည်းပါးသော
လုပ်အားဖြစ်သည့် တစ်နေ့ (၄၀၀၀) ကျပ်နှုန်းဖြင့်သာရရှိခြင်း၊
လုပ်သားများအတွက် အန္တရာယ်ကင်း ၀တ်စုံများနှင့် အခြားဆက်စပ်အသုံးအဆောင်များ
လုံလောက်အောင်မပေးခြင်း၊ အလုပ်ချိန်အတွင်း ခေတ္တခဏမျှပင် နားချိန်
မပေးခြင်း၊ အသွားအပြန်ကြိုပို့ကားစီစဉ်ပေးရာတွင်
အဆင်မပြေခြင်း၊ လုပ်သားလိုအပ်မှု ဦးရေအား ကြိုတင်အသိ မပေးပဲ
လုပ်ငန်းခွင်ရောက်ပြီးမှ ဦးရေဆုံးဖြတ်ကာ မလိုသူများကို ပြန်လွှတ်ခြင်း၊
ကျန်းမာရေးစောင့်ရှောက်မှုမရှိခြင်း၊ လုပ်ငန်းခွင်အတွင်းသောက်သုံးရေမရရှိခြင်း
စသော အခက်အခဲများအား ခံစားနေရပါသည်။ လုပ်ငန်းခွင်အတွင်း
ဆူပူအော်ငေါက်ကာခိုင်းစေခြင်း၊ ခြေထောက်ဖြင့် ညွှန်ပြခြင်းစသည့် ရိုင်းပြသော
အပြုအမူများဖြင့် ဆက်ဆံခိုင်းစေ ပါသည်။
AGS Co.ltd မှ
လုပ်သားခေါ်ယူရာစာတွင် အန္တရယ်ကင်းဝတ်စုံ ပံ့ပိုးပေးမည်၊
ကျန်းမာရေးစစ်ဆေးပေးမည်ဟု ကတိက၀တ်များရှိသော်လည်း ပြည့်စုံသော
အန္တရယ်ကင်းဝတ်စုံများအပါအ၀င် အခြားဖြည့်ဆည်းပေးရမည့် မျက်မှန်၊ ဖိနပ်၊
သောက်ရေစသောကိစ္စများအား ဖြည့်ဆည်းပေးခြင်းမရှိပါ။ အချိန်ပို
လုပ်အားခကိုလည်း ပုံမှန်နေ့စားနှုန်းထား အတိုင်းသာဖြစ်ပြီး အခြားကုမ္ပဏီများ
ပေးရိုးပေးစဉ်ဖြစ်သော ထပ်ဆောင်းပေးခြင်းမရှိပါ။ အလုပ်သမားဆိုင်ရာ
ဥပဒေများကို မလိုက်နာပဲ အသက် (၁၈) နှစ်အောက်ကလေးများအား
ခေါ်ယူခန့်ထားခြင်းများ လည်း ကြုံတွေ့နေရ ပါသည်။
ကန်ဘောာက်ဒေသရှိ ယခုစီမံကိန်းနှင့် လုပ်ငန်းတူ အခြားကုမ္ပဏီနှစ်ခုဖြစ်သော
TOTAL နှင့် PETRONAS ကုမ္ပဏီများ တွင် လုပ်ကိုင်နေသော လုပ်သားများမှာ
လုပ်ခနေ့စားအနိမ့်ဆုံး ၁၀၄၀၀ ကျပ်ခန့် (၁၃ ဒေါ်လာ) ရရှိပြီး အန္တရာယ်
ကင်းဝတ်စုံ (၆) လတစ်ကြိမ်ထုတ်ပေးခြင်း ၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တကျပြုလုပ်ပေးခြင်း၊ အကြိုအပို့ ကားအစီအစဉ်နှင့် အခြားခံစားခွင့်များရရှိခံစားရပါသည်။ အလုပ်ခွင့်၊ ကျန်းမာရေးခွင့်၊ ရှောင်တခင်ခွင့်များလည်း ရရှိခံစားနိုင်ပါသည်။
ကန်ဘောက်ဒေသတွင် အခြေခံကုန်ဈေးနှုန်းမှာ အခြားဒေသများထက်ကြီးမြင့်ခြင်း (
မီတာခ တစ်ယူနစ် ၆၅၀ ကျပ်၊ရေတစ်ပီပါ ၁၀၀၀ ကျပ်) ကန်ဘောက်အနီးအနားရွာများမှ
လုပ်သားများ လုပ်ငန်းခွင်သို့လာရန် ကြိုပို့ကား မရှိသောကြောင့်
ခရီးစရိတ်ကုန်ကျမှုတို့ကြောင့် လက်ရှိလုပ်ခလစာမှာ လုံလောက်ခြင်းမရှိပါ။
လုပ်ခလစာနှင့် အခွင့်အရေးများအတွက် တောင်းဆိုခဲ့သော်လည်း
ပြန်လည်အရေးယူဆောင်ရွက်ပေးခြင်းမျိုးမရှိပဲ တောင်းဆိုသူများ အား အလုပ်နားစေခြင်း၊ ခွဲခြားဆက်ဆံခြင်းတို့ဖြင့်သာ တုံ့ပြန်လျှက်ရှိပါသည်။
ကျနော်တို့လုပ်သားများမှ တောင်းဆိုထားသော အချက်များမှာ
- အခြားကုမ္ပဏီများကဲ့သို့ အများတန်းတူ လစာရရှိရန်
- ခွင့်ရက်၊ လုပ်ငန်းခွင်လုံခြုံရေးဝတ်စုံ၊ လုပ်ငန်းခွင်အတွင်း သောက်သုံးရေရှိရေး
- ကြိုပို့ကားအစီအစဉ်၊
- နောက်တစ်နေ့အတွက်လိုအပ်သော လုပ်သားဦးရေအား ကြိုတင်အသိပေးရန်
- ကြမ်းတမ်းစော်ကားသော အပြုအမူများဖြင့် လုပ်သားများအား မဆက်ဆံရန်
- အလုပ်သမားခံစားခွင့်နှင့် အခြားအထွေထွေခံစားခွင့်များရရှိရန် တို့ဖြစ်ပါသည်။
မိမိတို့ဒေသခံ အလုပ်သမားများမှာ မိမိတို့ဒေသတွင် ဆောင်ရွက်နေသော နိုင်ငံ၏
ဝင်ငွေရရှိရေးကို အဓိက ဆောင်ရွက်ပေးသည့် စီမံကိန်းများတွင်ပင်
လုပ်သားအဖြစ်ဝင်ရောက် လုပ်ကိုင် အသက်မွေးရန် မလွယ်ကူပဲ ခက်ခဲသော
အနေအထားဖြစ်ပါသည်။ ကျနော်တို့ လုပ်သားများအပေါ် မှီခိုနေရသော မိသားစုများ၏
စားဝတ်နေရေး အတွက်လည်း ပူပန်နေရပါသည်။ အများတန်းတူလုပ်ခလစာ၊
အခွင့်အရေးနှင့် ခံစားခွင့်များလည်း မိမိတို့ဒေသခံ လုပ်သားများ အနေဖြင့်
ရရှိခံစားလိုပါသည်။ ထို့ကြောင့် ကျနော်တို့၏ လက်ရှိရင်ဆိုင်နေရသော
အခက်အခဲများနှင့် အခြေအနေအရပ်ရပ်အားတင်ပြပြီးလိုအပ်သလို ညှိုနှိုင်းဆောင်ရွက်ပေးပါ ရန် လေးစားစွာဖြင့် တောင်းခံအပ်ပါသည်။
နစ်နာသူ အလုပ်သမားများ၏ လက်မှတ်များကိုလည်း ပူးတွဲပါအတိုင်း တင်ပြအပ်ပါသည်။
မိတ္တူကို
- တိုင်းဒေသကြီးအစိုးရအဖွဲ့
- စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန ( တနင်္သာရီတိုင်ဒေသကြီး)
- အလုပ်သမားရေးရာဦးစီးဌာန
- ရေဖြူမြို့နယ် လွှတ်တော် ကိုယ်စားလှယ်များ
- Asia Guiding Star Co.ltd
- PTTEP
- International Labor Organization
- နိုင်ငံရေးပါတီများ
- လူမှုရေးအသင်းအဖွဲ့များ
- သတင်းမီဒီယာများ
by; Alc Bobo (Facebook)
No comments:
Post a Comment