လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၃)ရှိ တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမား
၁၃၁၁ ဦးသည် စက်ရုံမှပေးအပ်သည့် လုပ်ခလစာများနှင့် ပတ်သက်သည့် အလုပ်သမား
အခွင့်အရေးများ ကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့က လှိုင်သာယာမြို့နယ် ၀ါဏိဇ္ဇပဋိပက္ခ
ကော်မတီခုံရုံးသို့ တင်ပြတောင်းဆို လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
“ ခုံရုံးတင်ပြဖို့အတွက် အလုပ်သမား ၁၃၁၁ဦး ကိုယ်စားပြု အလုပ်သမား
ကိုယ်စားလှယ် ၄၅ ဦးကို ဒီနေ့မနက်ပဲ ရွေးချယ်ခဲ့ပါတယ်။ အခု မွန်းလွဲ ၃
နာရီမှာတော့ မြို့နယ် ၀ါဏိဇ္ဇပဋိပက္ခ ကော်မတီကို သွားပါမယ်။ ဒီကနေ
ညွှန်ကြားချက် ရတာနဲ့ ညနေဘက်မှာတော့ ရှေ့နေကိုဖိုးဖြူ နဲ့ အလုပ်သမား
ကိုယ်စားလှယ်တချို့ နေပြည်တော်မှာရှိတဲ့ ၀ါဏိဇ္ဇပဋိပက္ခကို သွားပါမယ်” ဟု
အလုပ်သမား ကိုယ်စားလှယ်တစ်ဦး ဖြစ်သူ ကိုကျော်မျိုးလှိုင်က ဖေဖော်ဝါရီလ ၂၂
ရက်နေ့ တိုင်ရီဖိနပ်စက်ရုံရှေ့တွင် တွေ့ဆုံစဉ်က ပြောကြားခဲ့ပါသည်။
ယင်းနေ့နံနက် ၉ နာရီ ၀န်းကျင်ခန့်တွင် စက်ရုံမှတာဝန်ရှိသူ တချို့နှင့်
အလုပ်သမား ကိုယ်စားလှယ်များ၊ ရှေ့နေများ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး
လက်ရှိပေးအပ်နေသည့် တစ်လရက်မှန်ကြေး ကျပ် ၆၀၀၀ ပေါ်တွင် အလုပ်သမားများ
တောင်းဆိုခဲ့သည့် ကျပ် ၈၀၀၀ အစား ကျပ် ၇၀၀၀ သို့ တိုးမြှင့်ပေး ခဲ့ကြောင်း၊
ယင်းကျပ် ၇၀၀၀ ဖြင့် ကျေနပ်သူ အလုပ်သမား ၄၅ ယောက်နှင့် ကြီးကြပ်သူ
အလုပ်သမားတစ်ဦး၊ ပေါင်း ၄၆ ဦးတို့ လုပ်ငန်းခွင်
ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
“ရက်မှန်ကြေး ကျပ် ၁၀၀၀ တိုးတယ်ဆိုပေမယ့် အိုတီကြေးနဲ့ တာဝန်ကြေကြေးကို
ဖြုတ်ပစ်လိုက်ပါတယ်။ ပြန်တွက်ရင် တိုးတဲ့နှုန်းနဲ့ လျော့လိုက်တဲ့နှုန်းက
ဘာမှမထူးပါဘူး။ ဒါကြောင့် ကျန်တဲ့အလုပ်သမားတွေက လုပ်ငန်းခွင်ထဲ
ပြန်မ၀င်ရောက်သေးတာ ဖြစ်ပါတယ်” ဟု အလုပ်သမား ကိုယ်စားလှယ် တစ်ဦးဖြစ်သူ
မမိုးဝေက ပြောပြခဲ့သည်။
တိုင်ရီစက်ရုံ၌ အလုပ်သမား စုစုပေါင်း ၁၈၆၃ ဦးရှိပြီး ယင်းတို့ထဲမှ
လုပ်ငန်းခွင် ပြန်ဝင်သည့် အလုပ်သမားဦးရေမှာ ၁၀၀ ၀န်းကျင်သာ ရှိနေကြောင်း၊
ကော်မတီခုံရုံးသို့ တင်ပြမည့် အလုပ်သမားဦးရေ ၁၃၁၁ ဦး ရှိပြီး ကျန်
အလုပ်သမားများမှာ လုပ်ငန်းခွင်ပြင်ပ၌ပင် ဆက်လက်ကျန်ရှိ နေကြောင်း သိရသည်။
Eleven Media Group Monday, 27 February 2012
This Blog will try to support all the Blue and White labors across Myanmar and aim to establish Labor Organizations and Unions which are dedicated to the development of Myanmar Labors. ဤဘလော့သည် မြန်မာနိုင်ငံရှိ ကာယလုပ်သားများ ၊ ဥာဏလုပ်သားများ၏ ဘ၀အခြေအနေ မြင့်မားတိုး တက်စေရန်အတွက် တတ်အားသ၍ ပါဝင်ပံ့ပိုးနိုင်ရန် နှင့် ထိုသို့ကူညီပံ့ပိုးပေးနိုင်သော အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းတည်ထောင်နိုင်ရေးအတွက် ရည်မှန်းသည်။
No comments:
Post a Comment