ရှင်ဘုရင်ကို ကြိုးကိုင်တဲ့ အစေခံ
ဒါမှမဟုတ် အစေအပါးဆိုတာ ဘယ်လို ကြီးလဲ၊ ရှိရောရှိရဲ့လားလို့ မေးကောင်း
မေးကြမှာ သေချာပါတယ်။ ပြောချင်က ရှိပါတယ်။ ခင်ဗျားလည်း ကြိုးစားရင်
ဖြစ်နိုင်ပါတယ်။ ဟုတ်တယ်လေ လူတိုင်း မှာ အားနည်းချက်ဆိုတာ ရှိတတ်တယ်။
အဲဒီအားနည်းချက်ကို ကိုယ်ကသိနေရင် ဘုရင်ပဲဖြစ်ဖြစ်၊ သူဌေးပဲဖြစ်ဖြစ် ဘယ်သူ့
ကိုမဆို ကိုယ်မရှိရင်မဖြစ်တဲ့ ဘ၀ကို ရောက်သွားစေပြီး နောက်ဆုံးမှာ
သူတို့ကို ကြိုးကိုင်ခြယ်လှယ်သွားနိုင်ပါလိမ့်မယ်။
တကယ့်တကယ်က
လူတွေမှာ ကိုယ်ပိုင်အရည်အချင်းတွေရှိပါတယ်။ တချို့က မဖော်ထုတ်တဲ့၊
မဖော်ထုတ်နိုင် တဲ့အတွက် ငုပ်နေတာ၊ ငုံနေတာပါ။ အဲဒါ တွေကို
ပြောင်မြောက်ထွန်းကားအောင် လုပ်ယူရင်ဖြစ်ပါတယ်။ မိမိရဲ့ ကြိုးပမ်း
အားထုတ်မှုအရ ထွန်းကားအောင်မြင်လာ ရင် ကိုယ့်လုပ်ငန်းခွင်၊
ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်အထက်လူကြီးရှေ့မှာ ကိုယ်ဟာ ထင်ပေါ်လာပါလိမ့်မယ်။
ကိုယ်က ကိုယ့်ပတ်ဝန်းကျင်က လူတွေနဲ့ အလုပ်တွဲလုပ်နေတဲ့အခါ စွမ်းအားရှိသလောက် ကိုယ်ရော၊ စိတ်ပါ နှစ်ပြီး လုပ်ဖို့တော့လိုပါလိမ့်မယ်။ ဒီအခါ ကိုယ့်ရဲ့ အရည်အချင်းဟာ တခြားသူများ ထက် ပေါ်ပေါ်လွင်လွင်ဖြစ်လာမှာ အမှန် ပါပဲ။ ဒီအချိန်မှာ ကိုယ့်ရဲ့ ကြိုးစားအား ထုတ်မှုကို လျှော့ချမပစ်ဘဲ ဖြစ်နိုင်ရင် မြှင့်တင်ရင်းက ကိုယ့်အရည်အချင်းကို ထွန်းကားလာစေသင့်ပါတယ်။ ဒီလိုနဲ့ ကိုယ်ဟာ လုပ်ငန်းခွင်မှာ ထူးချွန်တဲ့သူ တစ်ဦးအဖြစ် အများက အသိအမှတ်ပြု လာပါလိမ့်မယ်။
အဲဒီအခြေအနေကိုလည်း မရောက်၊ ထင်သလောက်လည်း ဖြစ်မလာရင် ကိုယ့်ရဲ့ ကြိုးပမ်းအားထုတ်မှုဟာ သာမန် အဆင့်ပဲ ရှိနေသေးလို့ဆိုတာ နားလည် စေချင်တယ်။ ကိုယ်ဟာ ထူးချွန်ထက်မြက် တဲ့သူ တစ်ဦးဖြစ်ဖို့ဆိုတာ သူများထက် နှာတစ်ဖျားပိုမှ၊ ခေါင်းတစ်လုံးပိုမြင့်မှ ဖြစ်တယ်ဆိုတာ နားလည်ထားသင့် ပါတယ်။
အများရှေ့မှာ၊ ကိုယ်နဲ့လုပ်ငန်းတွဲ လုပ်ကြတဲ့ သူတွေရှေ့မှာ ကိုယ်ဟာ ထင်ပေါ်သူတစ်ဦးဖြစ်လာပြီဆိုရင်တော့ ခင်ဗျားဟာ ပထမအစမ်းကို အောင်မြင်ပြီ လို့ ကောက်ချက်ချရင် ရပါတယ်။ ဒီတော့ စာမေးပွဲအောင်ပြီပဲဆိုပြီး ကြိုးစားမှုကို ရပ်လိုက်တော့မယ်ဆိုပြီး လျှော့ချလိုက်လို့ တော့ မရပါဘူး။ ပုံမှန်ပဲ ရှိပါစေ။
လုပ်ရမှာက မိမိအလုပ်ထဲမှာ၊ မိမိ ပတ်ဝန်းကျင်မှာ မိမိမရှိရင် မဖြစ်ဘူးဆိုတဲ့ အနေအထားကို စမ်းသပ်ကြည့်ဖို့ပါပဲ။ အလုပ်တွေမှာ လုပ်ဖော်ကိုင်ဖက်တွေဟာ ကိုယ်က အကြိုးစားဆုံးမို့ ကိုယ့်ကို မှီခိုကြ မှာ ဓမ်္မတာပဲ။ ဒါကို ရှင်သန်နေပါစေ။ ဒါပေမဲ့ ကိုယ်က ကာလတစ်ခုမှာတော့ အကြောင်းပြချက်တစ်ခုခုနဲ့ သူတို့ရဲ့ မှီခိုမှု ကို ဖြတ်တောက်ပစ်လိုက်ပါ။ ဒီအချိန်မျိုး မှာ အားလုံးက ““သူမရှိရင် မဖြစ်ဘူး””ဆိုတဲ့ အတွေးနဲ့ အယူအဆတွေပေါ်လာတာကို တွေ့ရပါလိမ့်မယ်။
အရင့်အရင်ကတည်းက ခင်ဗျားဟာ အကြိုးစားဆုံး၊ အထူးချွန်ဆုံး လုပ်ဖော် ကိုင်ဖက်တွေကို ကူညီစာနာမှုအရှိဆုံး ဆိုတာ သူတို့သိထားလေတော့ သူတို့ဟာ ခင်ဗျားကိုပဲ တစ်လျှောက်လုံးမှီခိုလာတဲ့ သဘောမျိုးဖြစ်နေတတ်ပါတယ်။ ဒီအချိန် မှာ ခင်ဗျားက ရုတ်တရက် အမှီမခံခဲ့ရင် အာလုံးဟာ ဘုံးဘုံးလဲပြိုကျလုမတက် ဖြစ်သွားမယ်။ ပြိုကျသွားချင်လည်း ပြိုကျ သွားမယ်လေ။ ဒီအချိန်မှာ သူတို့ဟာ ခင်ဗျားမရှိရင်မဖြစ်ဘူးဆိုတဲ့ အသိဝင်သွား ပါတယ်။
ဒါဆိုရင် ခင်ဗျားဟာ ဒုတိယအစမ်း စာမေးပွဲကို အောင်သွားပါပြီ။ ““သူရှိမှ ဖြစ်မယ်””ဆိုတဲ့အတွေးကို ခင်ဗျားလုပ်ငန်း ခွင်မှာ သို့မဟုတ် ခင်ဗျားပတ်ဝန်းကျင်မှာ သို့မဟုတ် ခင်ဗျားရဲ့လူကြီးကိုယ်တိုင်က ကောက်ချက်ချနေပြီဆိုရင်ဖြင့် ခင်ဗျား စာမေးပွဲအောင်ပြီပေါ့။ အားလုံးက ခင်ဗျား ကိုပဲ မှီခိုချင်တဲ့၊ မှီခိုနေတဲ့ သရုပ်ပေါ်နေ ပြီလေ။
ဒီကတစ်ဆင့် အားလုံးဟာ ခင်ဗျား ကိုလည်း မှီခို၊ ခင်ဗျားအတွက်လည်း ဆောင်ရွက်ပေးတဲ့အဆင့်ကို ရောက်လာ နိုင်တယ်။ အမိန့်နဲ့စေခိုင်းစရာမလိုဘဲ သူတို့ကိုယ်တိုင်က လိုလိုလားလားခင်ဗျားနဲ့ ပက်သက်ရာ ပတ်သက်ကြောင်း အလုပ် မှန်သမျှကို လုပ်ကိုင်ပေးတဲ့အဆင့်ကို ရောက်လာလိမ့်မယ်။ ခင်ဗျားရဲ့ လူကြီး ကလည်း ခင်ဗျားမှ ခင်ဗျား၊ ခင်ဗျားမရှိရင် မဖြစ်ဘူးဆိုတဲ့အဆင့်ကို ရောက်လာတတ် ပါတယ်။ အဲဒါဆိုရင် ခင်ဗျားစာမေးပွဲကြီး အောင်ပါပြီ။
ဒါပေမဲ့ စာမေးပွဲအောင်သူတိုင်းဟာ ဂုဏ်ထူးမပါတတ်တာကိုလည်း သတိထား ဖို့ လိုလိမ့်မယ်။ ခင်ဗျားဟာ ဂုဏ်ထူးနဲ့ အောင်တဲ့သူလား၊ ရိုးရိုးအောင်တာလား ဆိုတာကတော့ ခွဲခြားကြည့်ဖို့ လိုလိမ့်မယ်။ ဒီနေရာမှာ ဂုဏ်ထူးမှတ်တွေနဲ့ အောင်မြင် သူတွေဟာ ဘယ်သူတွေလဲဆိုတာသိရင် ကိုယ့်ရဲ့အရည်အချင်းကို အကဲခတ်နိုင် ပါပြီ။
““ရှင်ဘုရင်ကို ကြိုးကိုင်တဲ့အစေခံ”” ဆိုတဲ့ စကားတစ်ခုရှိတယ်။ တကယ်တော့ သူက အခိုင်းအစေ၊ မင်းမှုထမ်းအဆင့်ပဲ ဖြစ်တာတော့ အမှန်ပါပဲ။ ဒါပေမဲ့ အတွေ့ အကြုံ၊ အရည်အချင်းနဲ့ စဉ်းစားဝေဖန် ပိုင်းဖြတ်တတ်မှုတွေက ဘုရင်ကို ကြိုးကိုင် နေတဲ့အဆင့်ကို ရောက်သွားတတ်တယ်။ ဘုရင်ရဲ့ အနီးအပါးမှာနေပြီး ဘုရင်ရဲ့ဆန်္ဒ ကို ဆောင်ရွက်နေရာက မထင်မှတ်ဘဲ အကြံပေးသလို ဖြစ်သွားတတ်တာမျိုးတွေ ရှိတတ်တယ်။ သူတင်ပြတာတွေကို ဘုရင်က လက်ခံဆောင်ရွက်တာများလာ တော့ အကြံပေးမဟုတ်ဘဲ အကြံပေး ဖြစ်သွားပြီး ဒီကတစ်ဆင့် ကြိုးကိုင်တဲ့ သူဘ၀ကို ရောက်သွားတတ်တယ်။
ဘုရင်ကို ကြိုးကိုင်နေတဲ့ အစေခံ တွေ၊ အခိုင်းစေတွေဟာ တကယ်ပဲ ရှိတတ် ပါတယ်။ ဒါကို ငြင်းပယ်လို့ မရပါဘူး။ ဒီအတွက် အဆိုးဆိုစရာလည်း မမြင်ဘူး။ သူတို့က တကယ်တော်ပြီး ဘုရင်က တကယ်ညံ့ရင်ဒီလို ဖြစ်မှာသေချာပါတယ်။ ဒီတော့ ဘယ်သူမဆို ရှင်ဘုရင်ကို ကြိုးကိုင် တဲ့ အစေခံမျိုးတွေဖြစ်လာကြရင် ကောင်း တယ်လို့ မြင်ပါတယ်။
ကိုယ်တာဝန်ယူထားတဲ့အလုပ်ကို တကယ်ပဲ ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင် နိုင်တာ၊ လုပ်ငန်းခွင်ထဲမှာ တခြားသူထက် ခေါင်းတစ်လုံးပိုမြင့်နေအောင် ကြိုးစားနိုင် တာ၊ တစ်ပါးသူတွေက ကိုယ့်ကို မှီခိုပြီး နေရတာ၊ ကိုယ်မရှိရင် မဖြစ်ဘူးဆိုတဲ့ အတွေးမျိုးသူတို့ဆီမှာ ပေါ်ပေါက်နေတာ၊ ဒီကတစ်ဆင့် ကိုယ့်အပေါ်လေးစား ယုံကြည်မှုကတစ်ဆင့် တချို့ကိုယ့်ရဲ့ အလုပ်တွေကို မခိုင်းရဘဲ သူတို့တစ်တွေ လုပ်ပေးလာကြတာတွေဟာ ““ရှင်ဘုရင်ကို ကြိုးကိုင်””တာပဲဖြစ်ပါတယ်။
စဉ်းစားကြည့်တဲ့အခါ ရှင်ဘုရင်ကို ကြိုးကိုင်နိုင်တဲ့ အနေအထားမျိုးကိုပါ လက်ဝယ်ပိုင်ပိုင် ဆုပ်ကိုင်ထားနိုင်ပြီ ဆိုရင်တော့ ကိုယ်ဟာတကယ့်ကို အောင် နိုင်သူတစ်ယောက်အဖြစ် သတ်မှတ်လို့ ရပါပြီ။ အလုပ်မှာသာမက ဘ၀မှာပါ အောင်မြင်နိုင်ရေးအတွက် အခြေခံရပြီ ဆိုတာ သေချာပါတယ်။
တစ်ခါတလေ လူတွေဟာ ထိပ်ဆုံး ကို ရောက်ပြီဆိုရင် ““အောင်နိုင်သူ””အဖြစ် ထင်မှတ်တတ်ကြတယ်။ တကယ်တော့ ထိပ်ဆုံးကိုရောက်တိုင်း အောင်မြင်တာ မဟုတ်ပါဘူး။ ပါဝါရှိနေတာ မဟုတ် ပါဘူး။ တစ်ခါတစ်ခါ နောက်ကွယ်က ကြိုးကိုင်နေတဲ့သူတွေ ရှိနေတတ်တယ်။ သူတို့ကို ““ရှင်ဘုရင်ကို ကြိုးကိုင်နေသော အစေခံ””လို့ ပြောရင် ရပါတယ်။

ထက်ကျော်by; The Opportunity Journal
No comments:
Post a Comment