Tuesday, March 20, 2012

အလုပ်သမားများ အတွက် ကိုယ်ပိုင်အိမ်ရရှိရေး တန်ဖိုးနည်း အိမ်ရာစီမံကိန်းများဆောင်ရွက်မည်

အလုပ်သမားများအတွက် လူမှုဖူလုံရေး ဥပဒေသစ်ပေါ်ထွက်လာပါက အလုပ်သမားဝန်ကြီးဌာန ဖူလုံရေးအဖွဲ့မှ တန်ဖိုးနည်းအိမ်ရာများ ဖော်ဆောင်ရန် စီစဉ်လျက်ရှိကြောင်း လူမှုဖူလုံရေး မီဒီယာများတွေ့ဆုံပွဲတွင် တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။ အဆိုပါ တန်ဖိုးနည်း အိမ်ရာစီမံကိန်း လူမှုဖူလုံရေး ဥပဒေသစ်တွင် ပါရှိလာမည့် အာမခံစနစ်တစ်ခုဖြစ်ပြီး အလုပ်သမားများ ကိုယ်ပိုင်အိမ်ဖြင့် ရရှိရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ လူမှုဖူလုံရေး ဥပဒေသစ်ပေါ်ပေါက်လာပါက အလုပ်သမားများအနေဖြင့် တန်ဖိုးနည်းအိမ်ရာဖြစ်ပေါ်လာလျှင် လစာ၏ ၁၀ ရာခိုင်နှုန်းကို အနည်းဆုံးပေးသွင်းရမည်ဖြစ်ပြီး ၎င်းအလုပ်သမားများ စုဆောင်းထားသည့် ငွေပမာဏကို တိုးပွားအောင် ဆောင်ရွက်မည်ဖြစ်သည့်အတွက် အစိုးရဘဏ်တွင် လက်မှတ်ဝယ်ယူရမည်ဖြစ်ကြောင်း သိရသည်။ “တန်ဖိုးနည်းအိမ်ရာကို ပုဂ္ဂလိက ဆောက်လုပ်ရေးတစ်ခုက တာဝန်ယူပြီး တည်ဆောက်မယ်ဆိုရင် လုပ်သားတိုင်းအတွက်တော့ အစဉ်မပြေနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ အပြင်ကုမ္ပဏီတွေအနေနဲ့ ရင်းနှီးထားတဲ့ ငွေပမာဏကို တခြားရင်းနှီးဖို့အတွက် အရစ်ကျဆိုပေမယ့် ငွေပမာဏများများနဲ့ ကောက်မှာပဲလေ။ အခုလို နိုင်ငံတော်က ပံ့ပိုးမယ်ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် လုပ်သားတော်တော်များများအတွက် အိုးပိုင်၊ အိမ်ပိုင် နေထိုင်ဖို့ အခြေအနေကောင်းတွေ ရှိလာမှာပါ” ဟု ပြည်တွင်း နာမည်ရ ဆောက်လုပ်ရေးတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “အန်တီတို့ကတော့ ပညာရေးဝန်ထမ်း အငြိမ်းစားပါ။ နိုင်ငံတော်က ပေးထားတဲ့ မြေကွက်မှာ အိမ်ကလေးဆောက်ထားတော့ အိုးပိုင်၊ အိမ်ပိုင်ရှိတာပေါ့။ ဒါကတော့ ပြည်သူ့ဝန်ထမ်းတွေ အခြေခိုင်တာပေါ့။ အပြင်က လုပ်သားတွေကတော့ ၁၀ ဦးမှာ ၈ ဦးလောက်က အိမ်ငှားဘဝနဲ့ နေ့စဉ်လုပ်ငန်းခွင် ဝင်နေရတဲ့သူတွေ များပါတယ်။ သူတို့တွေ ကိုယ်ပိုင်အိမ်ဆိုတာ မလွယ်ဘူး” ဟု အငြိမ်းစားဝန်ထမ်းတစ်ဦးက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၁၃ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

by; Khit Lu Nge

No comments:

Post a Comment