Saturday, April 28, 2012

မလေးရှားကို အလုပ်လာလုပ်မယ်ဆိုရင် သိသင့်တာလေးတွေ

ကျွန်တော်ဟာ face book မှာစိတ်ကူးရရင် ရသလို စာရေးနေကျပါ အစပိုင်း ရေးခါစမှာတော့ ကျွန်တော် လက်ရှိနေထိုင်ရာ မလေးရှား အကြောင်းကိုပဲ အခြေခံပြီး ရေးတာများပါတယ် ။ နောက်တော့ သူငယ်ချင်းတွေက ပြောတယ် မင်းရေးတာ မလေးရှား အကြောင်းတွေ ချည်းပဲ ထပ်နေပြီ တစ်ခြား အကြောင်းအရာ တွေလည်းရေးအုံးလို့ ပြောလာတာနဲ့ မလေးရှား အကြောင်းကို လက်ရှောင်နေတာ ကြာပါပြီ ။ ဒါပေမယ့် ခုရက်ပိုင်းအတွင်း မလေးရှားကို Agent calling visa နဲ့လာ အလုပ်လုပ်တဲ့ သူတွေ အဆင်မပြေလို့ ညဉ်းတာတွေ အလုပ်မှာ အဆင်မပြေလို့ ပွဲစားက နှိပ်စက်တာတွေကို ကြားရဖန် များလာတော့ မလေးရှားကို လာပြီး အလုပ်လုပ်မယ့်သူတွေ အတွက် အထောက်အကူ ရလိုရငြား ဆောင်းပါး တစ်ပုဒ် လောက် ရေးရင်ကောင်းမယ်လို့ စိတ်ကူးမိလို့ ဒီဆောင်းပါး ကိုရေးဖြစ်လိုက်ပါတယ် ။


၁၉၉၀ ခုနှစ် အစောပိုင်းမှာတော့ မြန်မာ့ အသံကလွှင့်တဲ့ ရေဒီယို အသံလွှင့် ဇာတ်လမ်းတွေမှာတော့ နိုင်ငံခြားကို သွားအလုပ်လုပ် တဲ့သူတွေကို ရှုတ်ချတဲ့ သဘောဆောင်တဲ့ အသံလွှင့်ဇာတ်လမ်းလေးတွေ လွှင့်တာများပါတယ် ။ ဇာတ်သိမ်းမှာတော့ နိုင်ငံခြားထွက် အလုပ်လုပ်တဲ့ သူတွေ အဆင်မပြေလို့ မြန်မာပြည်ပြန်လာရတဲ့ အခန်းနဲ့ပဲ ဇာတ်သိမ်း တာများပါတယ် ။ ဒါပေမယ့် သက္ကရာဇ် ၂၀၀၀ လောက် လည်းရောက်ရော ရွှေအင်းဝ တို့လို အစိုးရနဲ့ ဆက်နွယ်တဲ့ ကုမ္ပဏီတွေက မြန်မာပြည်မှာ ရှိသမျှလူငယ်တွေ ကိုရိုက်ခါထုတ်ပြီး ပြည်ပကို ပို့သလို လူထောင်သောင်းနဲ့ ချီပြီး မလေးရှားကို ပို့ခဲ့ပါတယ် ။ အဲဒီတုန်းကတော့ အလုပ်လုပ်ရမယ့် စက်ရုံ ကုမ္ပဏီတွေက တိုက်ရိုက်ခေါ်တဲ့ Calling visa နဲ့ပဲခေါ်တာများပါတယ် ။
အဲဒီတုန်းက အလုပ်သမားလောက မှာတော့ Calling နဲ့ Over stay နှစ်မျိုးပဲရှိတာပေါ့ ။ Calling နဲ့လာတဲ့ အလုပ်သမား တွေကို ပါတ်စပို့စာအုပ်ကို သူဌေးက ကိုင်ထားပြီး အလုပ်သမားကိုတော့ စာအုပ်နဲ့ ပါမစ် မိတ္တူပဲ ပေးကိုင်ထားတာပေါ့ ။ တကယ်လို့ အပြင်မှာ ပြဿနာတက်မှ သူဌေးက ကိုင်တိုင်လိုက်ရှင်းပေးတာပေါ့ ။ Calling နဲ့လာနဲ့ အလုပ်သမားတွေ ကျတော့ ငွေစုချင် စုလို့ရတဲ့ Bank card ကိုသူဌေးရဲ့ ထောက်ခံချက်တွေ ယူပြီး လုပ်လို့ရပါတယ် ။ ဒီထက် အရင် စောပိုင်း ကာလာတွေမှာတော့ ပါတ်စပို့စ် စာအုပ်ကို သူဌေးက မသိမ်းပါဘူး အလုပ်သမား လက်ထဲကိုပဲပေးထားတယ် ဒါပေမယ့် အလုပ်သမားတွေက လစာများတဲ့နေရာကို ပြောင်းပြီး လုပ်ကြတာတွေကြောင့် နောက်ပိုင်းတော့ သူဌေးက စာအုပ်ကို အလုပ်သမားတွေကို ပေးမကိုင်တော့ပဲ သူတို့ပဲ သိမ်းထားကြတော့တယ် ။

သူဌေးတွေက ဒီလိုလုပ်လာတော့ အလုပ်သမားတွေက စက်ရုံမှာ အဆင်မပြေလည်း စာအုပ်လက်ထဲမှာ မရှိတော့ ထွက် မပြေးရဲဘူး ကျိတ်မှိတ်ပြီးနေရတယ် ။ ဒီအခက်အခဲတွေကို ပွဲစားတွေက သိတော့ စားပေါက်ထွင်ကြတယ် ။ Free calling ဆိုပြီးတော့ပေါ့ အဲဒီပါစမ် အမျိုး အစားက ပုံမှန် Calling visa ထက်ဈေးကြီးတယ် ထူးခြားချက်ကတော့ စာအုပ်ကို လက်ထဲမှာကိုင်ပြီး ကိုယ်ကြိုက်ရာမှနေရာမှာ လုပ်ပိုင်ခွင့်ရှိတယ်ပေါ့ ။ ဒါဟာ တကယ်တော့ တရားဝင် မဟုတ်ပါဘူး ပွဲစားတွေရဲ့ စားပေါက်ထွင်မှု သက်သက်ပါပဲ သူတို့ရဲ့ လုပ်ပုံ လုပ်နည်းက စက်ရုံ တစ်ရုံက အလုပ်သမား ၁၀ ယောက်လောက်ခေါ် မယ် ဆိုရင် မလေးရှား Immigration ဌာနမှာ ၁၃ ယောက်ဖြစ်ဖြစ် ၁၅ ယောက်ဖြစ်ဖြစ် ပွဲစားက စာရင်းတင်ပြီး ပိုတဲ့ လူ ၅ ယောက်ကို Free calling အဖြစ် ဖန်ပြီး ပါမစ် ကပ်ပေးတာပေါ့ ။
 ဒီ Free calling သမားဟာ ပါမစ်ရပေမယ့် ပါမစ်မှာပါတဲ့ လိပ်စာထဲက ကုမ္ပဏီမှာ အလုပ်မလုပ်ရဘဲ ကိုယ့်ဟာကို အလုပ် ရှာလုပ်ရပါတယ် ။ မလေးရှားမှာ အလုပ်ဖူးပြီးသား လူအတွက်တော့ အဆင်ပြေပေမယ့် ပထမဆုံး အခေါက် အဖြစ်လာတဲ့ သူအတွက်တော့ အဆင်မပြေပါဘူး ပြီးတော့ အလုပ်ရှိသည် ဖြစ်စေ မရှိသည်ဖြစ်စေ တစ်နှစ်ကုန်တာနဲ့ ပါမစ်သက်တမ်းကို ကိုယ့်စားရိတ်နဲ့ကိုယ်ပဲ တိုးရမှာပါ ။ Calling သမားတွေကမှ သူဌေးက စိုက်ပေးပြီး တိုးလို့ရသေးသလို အလုပ်မရှိမှာလည်း ပူစရာ မလိုပါဘူး ။ နောက်တစ်ခုကတော့ Free calling သမားတွေဟာ အဆင်ပြေရာနေရာမှာ ဝင်လုပ်ရတဲ့ အတွက် အဖမ်းအဆီးနဲ့ တိုးမိရင်တော့ ပါမစ်မှာပါတဲ့ လိပ်စာနဲ့ လက်ရှိလုပ်နေတဲ့ နေရာ မတူတဲ့ အတွက် တရားဝင် မဟုတ်ပါဘူး ဆိုပြီး ဖမ်းဆီး အရေးယူခံရမှာပါ ။ ဒီလို Free calling ဆိုတာတွေ ဖမ်းမိတာ များလာတော့ မလေးရှား ဝန်ကြီးတစ်ယောက် ကနေတောင် Free calling ဆိုတဲ့ ကိုယ်လုပ်ချင်တဲ့နေရာတွေမှာ လုပ်လို့ရတယ်ဆိုတဲ့ ပါမစ်မျိုး မလေးရှား မရှိပါဘူး တရား မဝင်ပါဘူးဆိုတာကို သတင်းစာကနေ တဆင့်ရှင်းပြရပါသေးတယ် ။

အခုနောက်ဆုံးကြားရတာတော့ Agent calling ဆိုတဲ့ ပွဲစားကနေ တဆင့်ခေါ်တဲ့ Agent Calling သမားတွေပါ သူတို့က တော့ အလုပ်ရှင်ကခေါ်တာ မဟုတ်ဘဲနဲ့ ပွဲစားကနေခေါ်လိုက်တယ် ရောက်လာရင် ပွဲစားရဲ့ အဆောင်မှာထားတယ် ။ အလုပ်ရှင်တစ်ယောက်က ပြည်ပ အလုပ်သမားခေါ်မယ်ဆိုရင် အလုပ် ၁၀ ဦးထက်မနည်း ခေါ်နိုင်ပါမှ ခေါ်ခွင့်ရှိပါတယ် ဒီတော့ စားသောက်ဆိုင် အငယ်စား အလတ်စားလောက် ဖွင့်ထားတဲ့ သူတွေ စက်ရုံအသေးစားတွေကျတော့ လူအ များကြီး မခေါ်နိုင်တာနဲ့ အခုလို အလုပ်သမားပွဲစားတွေဆီကနေ တဆင့်ငှားရပါတယ် ။ အဲ့လို သူဌေးတွေကို ပွဲစားက နေလိုက်ရှာပြီး အလုပ်သွင်းပေးတယ် အလုပ်သမားရဲ့ လစာတွေကိုတော့ ပွဲစားနဲ့ပဲ ညှိထားတယ် စာအုပ်ကိုလည်း ပွဲစားကနေပဲ ကိုင်ထားတာပါ ။
လစဉ် အလုပ်သမားရဲ့ လစာထဲကနေ ပွဲစားခဖြတ်ယူပါတယ် လစဉ်တိုင်း ပွဲစားက အလုပ်မလုပ်ရပဲ မြတ်နေတာပေါ့ ။ တကယ်လို့ အလုပ်မှာ အဆင်မပြေဘူး ပြဿနာတက်လို့ အလုပ်က ထွက်ရတယ် ဆိုရင် ပွဲစားက သူ့ဝင်ငွေထိခိုက်တဲ့ အတွက် နှိပ်စက်ကလူ ပြုတတ်ပါသေးတယ် အဆောင်ကနေ ထွက်ပြေးလို့လည်း မရပါဘူး အစောင့်နဲ့ထားပါတယ် ။ နောက်ထပ် အလုပ်တစ်ခု မတွေ့ မခြင်း အဆောင်မှာပဲ အငတ်ငတ် အပြတ်ပြတ်နဲ့ထားတတ်ပါတယ် ။

သူငယ်ချင်းတွေရဲ့ ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကို ပေါင်းပြီး ရေးလိုက်ပါတယ် မလေးရှားကို အလုပ်ကြမ်းသမား အဖြစ်နဲ့ လာအလုပ်လုပ်မယ့်သူတွေ အတွက် သိသင့် သိထိုက်တယ် ထင်တာလေးတွေ ချရေးလိုက်ခြင်းသာ ဖြစ်ပါတယ် ။ လူတစ်ယောက်နဲ့ တစ်ယောက်ဟာ ကုသိုလ်ကံခြင်း တူတာမဟုတ်သလို လုပ်ရည်ကိုင်ရည်ခြင်းလည်း မတူတာကြောင့် ဒီတစ်ယောက်က ဒီလိုလုပ်သွားလို့ အဆင်မပြေရင် နောက်တစ်ယောက်ကျတော့လည်း အဆင်ပြေရင် ပြေနေတတ်ပါတယ် ။ ဒါ့ကြောင့် မလေးရှားကို လာမယ်ဆိုရင် ဒီလိုနည်းနဲ့လာရင် မကောင်းဘူးလို့ ကျွန်တော်မပြောရဲပါဘူး ကိုယ့်ကိုယ်ပိုင်ဥာဏ်နဲ့ သုံးသပ်နိုင်အောင် ဒီကလူတွေ ရင်ဆိုင်နေရတာလေးတွေကို ချပြလိုက်ခြင်းသာဖြစ်ပါတယ် ကိုယ့်အခြေ အနေနဲ့ကိုယ်သာ အကောင်းဆုံးဖြစ်အောင် ညှိနှိုင်း စဉ်းစားပြီး လုပ်ဆောင်နိုင်ကြပါစေ … ။

K Aung Soe …
Ref: ရွှေဟင်္သာသတင်းဌာန

No comments:

Post a Comment