၂၀၁၂ ခုနှစ် ဧပြီ ၂၉ ရက်မှ မေ ၁ ရက်အထိ ၃ ရက်အတွင်း ကိုရီးယားနိုင်ငံသို့
ပြည်တွင်းမှ EPS လုပ်သားပေါင်း ၁၁၅ ဦးအထိ ပို့ဆောင်သွားမည်ဖြစ်ကြောင်း
အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ အစိုးရပြည်ပ
အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ၏ ကြေညာချက်အရ သိရသည်။ ထိုကဲ့သို့ EPS
လုပ်သားများ ဧပြီလကုန်ပိုင်း စေလွှတ်မှုကို ဧပြီ ၂၉ ရက်တွင် လုပ်သားဦးရေ ၆၀၊
ဧပြီ ၃၀ ရက်တွင် လုပ်သား ၃၅ ဦးနှင့် မေ ၁ ရက်တွင် လုပ်သား ၂၀ ဦး
စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။ ၄င်းလုပ်သား စေလွှတ်နိုင်ရေးအတွက်
လုပ်ငန်းစဉ်များဖြစ်သည့် အစိုးရပြည်ပ အလုပ်အကိုင်ရှာဖွေရေးရုံးသို့
သတင်းပေးပို့ခြင်း၊ အလုပ်ခေါ်စာ Calling စာရွက်လက်ခံခြင်း၊ Green Card
ထုတ်ယူခြင်းကို မြနန္ဒာလမ်း၊
ကျောက်ကုန်းတွင် သွားရောက်ဆောင်ရွက်စေခြင်းနှင့် ဝတ်စုံထုတ်ယူခြင်းအပြင် DFORM ပြုလုပ်ခြင်းတို့ကို ဧပြီနောက်ဆုံးပတ်တွင် အပြီးသတ်ဆောင်ရွက်ရန် ထုတ်ပြန်ထားကြောင်း သိရသည်။ အထက်ပါ ကိုရီးယားနိုင်ငံမှ လုပ်သားဦးရေများစွာ ခေါ်ယူလာမှုနှင့် ပတ်သက်၍ လုပ်သားရေးရာ ကျွမ်းကျင်သူတစ်ဦးကလည်း “ကိုရီးယားနိုင်ငံရဲ့ ပင်မစီးပွားရေးအရ လုပ်သားဦးရေများများ လိုအပ်တဲ့စက်ရုံ၊ အလုပ်ရုံတွေများတယ်။ ဒါကြောင့် လိုအပ်တဲ့ လုပ်သားတွေကို မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံလောက်က လုပ်သားတွေကို ခေါ်ယူကြတာပါ။ မြန်မာလုပ်သားတွေက ဘယ်နိုင်ငံသွားသွား၊ အလုပ်ရှင်ဘက်က ကြိုက်ကြပါတယ်။ EPS လုပ်သားအဖြစ်သွားဖို့ ဝန်ဆောင်ခက ကျပ် ၈ သိန်းပဲ ကျတဲ့အပြင် လစာကလည်း အခြားနိုင်ငံတွေထက် ပိုကောင်းပါတယ်” ဟု သုံးသပ်ပြောကြားသည်။ ကိုရီးယားနိုင်ငံသို့ ဧပြီ ၂၉ ရက်တွင် သွားရောက် တာဝန်ထမ်းဆောင်ခွင့် ရရှိသူတစ်ဦးကလည်း “ကိုရီးယားသွားဖို့ စီစဉ်နေတာ ကြာပါပြီ။ ဒီအလုပ်က အချိန်တော့ပေးရတယ်။ Calling ကျတိုင်းလည်း သွားရတာ မဟုတ်ဘူးလေ။ အလုပ်ရှင်က ကြိုက်မှသွားရတာ။ အခုသွားရတော့မယ်ဆိုတော့ ပျော်တာပေါ့။ ဒီပုံစံအတိုင်း များများခေါ်ရင်တော့ အရင်ကလို လုပ်သားလက်ကျန် ပြဿနာမရှိနိုင်ပါဘူး” ဟု ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် မေလ ၁ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ "
by; Khit Lu Nge