Thursday, April 26, 2012

နိုင်ငံခြားငွေဖြင့် လစာရရှိသူများ ပေးဆောင်ရမည့် ဝင်ငွေခွန်ဥပဒေအား ပြင်ဆင်ပြီးပါက မြန်မာကျပ်ငွေဖြင့် ပြောင်းလဲကောက်ခံမည်

ခေတ်ကာလနှင့် လျော်ညီမှုမရှိသည့် အခွန်ဥပဒေများအား ပြင်ဆင်ရေးဆွဲခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်မှ စတင်သက်ရောက်
နေသော်လည်း ပြည်တွင်းရှိ နိုင်ငံခြားငွေဖြင့် လစာရရှိသူများ ပေးဆောင်ရသည့် ၀င်ငွေခွန် ဥပဒေကိုမူ ပြင်ဆင်ရေးဆွဲနေဆဲဖြစ်ပြီး ယင်းဥပဒေ ပြင်ဆင်ပြီးပါက နိုင်ငံခြားငွေဖြင့် လစာရရှိသူများမှာ မြန်မာကျပ်ငွေဖြင့် ပြောင်းလဲ၍ ၀င်ငွေခွန် ပေးဆောင်ရမည်ဖြစ်
ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန (နေပြည်တော်)မှ ညွှန်ကြားရေးမှူး ဦးအောင်မိုးကြည်က ပြောကြားသည်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနမှ ပြည်တွင်းရှိ လုပ်ငန်းဌာနအသီးသီးတွင် ကျပ်တစ်သိန်းနှစ်
သောင်းအထက် လစဉ်ဝင်ငွေရရှိသော ပြည်သူများအပေါ် စည်းကြပ်ကောက်ခံသည့် ၀င်ငွေခွန်ဥပဒေအား မတ်လအတွင်း အတည်ပြုပြင်ဆင်ခဲ့ပြီး ထိုပြင်ဆင်မှုသည် ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်မှစတင်၍ သက်ရောက်မည်ဖြစ်ကာ ထိုကဲ့သို့ ၀င်ငွေခွန် စည်းကြပ်ပြင်ဆင်မှုတွင် နိုင်ငံခြားငွေဖြင့် လစာရရှိသူများအတွက် ဥပဒေပြင်ဆင်နိုင်ခဲ့ခြင်း မရှိသေးကြောင်း  သိရှိရသည်။ လျော့ချလိုက်သည့် အခွန်နှုန်းထားများအရ လစာ ကျပ်တစ်သိန်းသုံးသောင်းခန့် ရရှိသူများသည် လစဉ် ၀င်ငွေခွန် ကျပ် ၂၀၀၀ ခန့် ပေးဆောင်ရမည်ဖြစ်ပြီး လစာ ကျပ်နှစ်သိန်းခွဲ ၀န်းကျင်ရရှိသည့် ညွှန်ကြားရေးမှူးချုပ်တန်းဝင် လစာရရှိသူများမှာ လစဉ် ကျပ်နှစ်ထောင့်နှစ်ရာခန့် ၀င်ငွေခွန် ပေးဆောင်ရမည်ဖြစ်ကြောင်း သိရှိရပါသည်။ 
''လျော့ချလိုက်တဲ့ အခွန်ဥပဒေအရ ညွှန်ကြားရေးမှူးချုပ်တောင် တစ်လ ကျပ်နှစ်ထောင့်နှစ်ရာ ၀န်းကျင်ပဲ အခွန်ဆောင်ရချိန်မှာ တစ်လ ဒေါ်လာ ၂၅၀ ပဲရတဲ့ ကျွန်တော်က တစ်လ ငါးဒေါ်လာ (၄၁၀၀ ကျပ်ခန့်) ဆောင်ရတော့ များနေသလိုပါပဲ။ အခုက ၀င်ငွေခွန် လျော့ချထားတဲ့ အချိန်မို့လို့ ၂ ရာခိုင်နှုန်းပဲ ဆောင်ရတာ သြဂုတ်လကစပြီး ၁၀ ရာခိုင်နှုန်း အခွန်ပြန်ဆောင်ရရင် တစ်လကျပ် ၂၀၀၀၀ ကျော် အခွန်ဆောင်ရမှာ အရမ်းများပါတယ်။ အားလုံးကို အခွန်လျော့ချပေးသလို ကျွန်တော်တို့လို နိုင်ငံခြား
ငွေနဲ့ လစာရသူတွေကိုလည်း လျော့ ပေးစေချင်ပါတယ်'' ဟု ရေနံကုမ္ပဏီတစ်ခုမှ ကိုဥာဏ်စိုးက ပြောသည်။ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ ပြည်တွင်းပြည်ပရှိ နိုင်ငံခြားငွေဖြင့် လစာရရှိသူများ ပေးဆောင်ရမည့် ၀င်ငွေခွန်အား ယခင်ပေးဆောင်ရသည့် ၁၀ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းသို့ ၂၀၁၁ ခုနှစ် သြဂုတ်လတွင် စတင်လျော့ချပေးခဲ့ပြီး ပြည်ပရှိ နိုင်ငံခြား
ငွေဖြင့် လစာရရှိသူများအပေါ် စည်းကြပ်ကောက်ခံသည့် ၀င်ငွေခွန် ဥပဒေအား ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စတင် ကင်းလွတ်ခွင့် ပေးခဲ့ကာ ပြည်တွင်းရှိ နိုင်ငံခြားငွေဖြင့် လစာရရှိသူများအပေါ် စည်းကြပ်သည့် ၀င်ငွေခွန် လျော့ချမှုကိုလည်း ၂၀၁၂ ခုနှစ် သြဂုတ်လအထိ တိုးမြှင့်ပေးခဲ့ကြောင်း သိရသည်။ ယင်းဝင်ငွေခွန် ဥပဒေအားအချိန်မီ ပြင်ဆင်နိုင်မှုမရှိပါက ပြည်တွင်းရှိ
နိုင်ငံခြားငွေဖြင့် လစာရရှိနေသူများမှာ လက်ရှိလျော့ချထားသည့် အခွန်သက်တမ်း ကုန်ဆုံးလျှင် ၀င်ငွေခွန် ၁၀ ရာခိုင်နှုန်းပြည့်
ပြန်လည်ပေးဆောင်ရမည်ဖြစ်ကြောင်း သိရှိရပါသည်။ ''နိုင်ငံခြားငွေနဲ့ လစာရသူတွေ ပေးရမယ့် ၀င်ငွေခွန်ဥပဒေ မပြင်နိုင်သေးတာက ငွေလဲနှုန်း နှုန်းရှင် မဖြစ်သေးလို့ပါ။ ငွေလဲနှုန်း နှုန်းရှင် သတ်မှတ်ပြီးလို့ ဥပဒေ အတည်ပြုနိုင်ပြီဆိုရင်
မြန်မာကျပ်ငွေနဲ့ ပြောင်းလဲ ကောက်ခံမှာပါ။ အခုချိန်ထိတော့ ဒီဥပဒေနဲ့ပတ်သက်တဲ့ ဘာညွှန်ကြားချက်မှ မရသေးပါဘူး'' ဟု တာမွေမြို့နယ် အခွန်ဦးစီးမှူးက ရှင်းလင်းပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဧပြီလ ၂၇ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ "
by; Khit Lu Nge

No comments:

Post a Comment