Monday, April 30, 2012

ပုဂ္ဂလိက အာမခံ ကုမ္ပဏီများကို အာမခံ လုပ်ငန်း ၆ မျိုး လုပ်ကိုင်ခွင့် ပေးရန်ရှိ

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနမှ ပုဂ္ဂလိက အာမခံ ကုမ္ပဏီ တွေကို လုပ်ကိုင်ခွင့်များ ခွင့်ပြုလိုက် ပြီဖြစ်ပြီး အဆိုပါ ပုဂ္ဂလိက အာမခံ ကုမ္ပဏီ တွေဟာ အာမခံ လုပ်ငန်း ၆ မျိုးကို လုပ်ကိုင် ခွင့်ရမှာ ဖြစ်တယ်လို့ ပုဂ္ဂလိက အာမခံ ကုမ္ပဏီ လုပ်ကိုင်ခွင့် သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာ့ အာမခံ လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ အာမခံ လုပ်ငန်း ၆ မျိုးမှာ အသက် အာမခံ၊ မီးအာမခံ၊ မော်တော်ယာဉ် အာမခံ၊ ငွေပိုငွေလွှဲ အာမခံ၊ ငွေသား လုံခြုံမှု အာမခံနဲ့ သမာဓိ အာမခံ လုပ်ငန်းတို့ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ပုဂ္ဂလိက အာမခံ ကုမ္ပဏီ တည်ထောင်ချင်တဲ့ သူများဟာ မေလ ၂ ရက်နေ့ ကစပြီး အာမခံ လုပ်ငန်း ကြီးကြပ်ရေး အဖွဲ့ရုံး၊ မြန်မာ့ အာမခံ လုပ်ငန်း ရုံးချုပ်မှာ
အာမခံ လုပ်ငန်း လျှောက်လွှာများ၊ အာမခံ လုပ်ငန်း ဥပဒေ၊ နည်းဥပဒေ များကို မြန်မာကျပ်ငွေ တစ်သောင်း ငါးထောင်ကျပ်နဲ့ ၀ယ်ယူ လျှောက်ထား နိုင်တယ်လို့သိရပါတယ်။ အဆိုပါ ပုဂ္ဂလိက အာမခံ လုပ်ငန်း လုပ်ကိုင်ခွင့် လျှောက်လွှာ များကို သတ်မှတ် စည်းကမ်း ချက်များ နဲ့အညီ ပြည့်စုံစွာ ဖြည့်ပြီး ဇွန် ၁ ရက်နေ့မှ ဇွန် ၂၉ ရက်အတွင်း အာမခံ လုပ်ငန်း ကြီးကြပ်ရေး အဖွဲ့ရုံးကို လျှောက်လွှာ တင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလို လာရောက် လျှောက် ထားတဲ့ လျှောက်လွှာ တွေကို ဇူလိုင်လမှာ စစ်ဆေး လက်ခံသွားမှာ ဖြစ်ပြီး သြဂုတ်လထဲမှာ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီး ဌာနရဲ့ အတည်ပြုချက်ကို ရယူရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို  အတည်ပြု ချက်ရရှိပြီးတဲ့ ပုဂ္ဂလိက အာမခံ ကုမ္ပဏီတွေဟာ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ မှတ်ပုံတင် ရုံးမှာ မှတ်ပုံတင်ခြင်း လုပ်ငန်းများကို လုပ်ဆောင် ရမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။


 
by; MRTV4