Thursday, May 3, 2012

ရန်ကုန်တွင် တန်ဖိုးနည်း အိမ်ရာများအပါအ၀င် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများ အကောင်အထည်ဖော်တော့မည်

တန်ဖိုးနည်း အိမ်ရာများအပါအ၀င် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှ သိရသည်။ ယင်းလွှတ်တော် အစည်းအဝေးတွင် ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဒေါ်ကြည်ကြည်မာ၏ ရန်ကုန်တိုင်းဒေသကြီးတွင် ကွန်ဒိုကြီးများဖြင့် မြို့တော်ကို အလှဆင်သကဲ့သို့ အခြေခံလူတန်းစားများအတွက် မြို့တွင်းနှင့် ဆင်ခြေဖုံးမြို့နယ်ရှိ စည်ပင်သာယာပိုင် မြေကွက်ပေါ်တွင် တန်ဖိုးနည်း တိုက်ခန်းတွဲကြီးများ ဆောက်လုပ်၍ ရောင်းချခြင်း၊ နှစ်ချုပ်ဖြင့် အငှားချထားခြင်း စသည့် အစီအစဉ်များကို ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း အပေါ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဖြေကြားခဲ့ပါသည်။
ရန်ကုန်မြို့တော်ဝန်ဦးလှမြင့်က  ပြန်လည်ဖြေကြားခဲ့ရာတွင် “အခြေခံနှင့် လူလတ်တန်းစားများ၏ ဘ၀နေရေး အလှဆင်ရန် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအစဉ်များကို တင်ပြလိုပါတယ်။ တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်၍ ငှားရမ်းခြင်း၊ အရစ်ကျစနစ်၊ လက်ငင်းငွေချေစနစ်ဖြင့် ရောင်းချခြင်း၊ မြေကွက်များ ဖော်ထုတ်၍ ရောင်းချပေးပြီး မိမိနှစ်သက်သော ၀ါးဓနိ၊ သံကူကွန်ကရစ်တွေနဲ့ အိမ်ရာဆောက်လုပ်ခြင်း၊ စည်ပင်ဝန်ကြီးဌာနနှင့် ပုဂ္ဂလိကဆောက်လုပ်ရေး လုပ်ငန်းရှင်များ ပူးပေါင်း၍ အကျိုးမျှဝေခံစားသည့် အိမ်ရာစီမံကိန်းများ ဆောင်ရွက်ခြင်း ပုဂ္ဂလိကအခန်းကဏ္ဍရှိ စက်ရုံကြီးများ၊ အလုပ်ရုံကြီးများရှိ အလုပ်သမားများအတွက် အိမ်ရာများကို လုပ်ငန်းရှင်များက အချိုးအစားတကျ တာဝန်ယူခြင်း၊ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမှုများ ဖိတ်ခေါ်၍ အိမ်ရာစီမံကိန်းများ ဆောင်ရွက်ခြင်း၊ အထက်ပါ အစီအစဉ်များ ဆောင်ရွက်ရာတွင် ပြည်ထောင်စုအစိုးရ တိုင်းဒေသကြီး အစိုးရတွေရဲ့ ထောက်ပံ့မှုတွေ အထူးလိုအပ်ပါတယ်။ ဆောက်လုပ်ရာမှာလည်း ၀င်ငွေလစာနည်းသူ အခြေခံလူတန်းစားများသို့ ပိုမိုအလေးပေးသည့်စနစ်ကို ကျင့်သုံးရမှာ ဖြစ်ပါတယ်။ သို့မှသာ အခြေခံအဆောက်အအုံများ ဖြစ်သော လမ်း၊ ရေ၊ မီး၊ မိလ္လာနှင့် ဆက်သွယ်ရေး စသည့် မြို့ပြလိုအပ်ချက်များကို ထည့်သွင်းဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ကျန်စီမံကိန်းများကို အကောင်အထည်ဖော်ရေးအတွက် မြေယာစီမံခန့်ခွဲမှုအဖွဲ့ အာဏာရှိရေး ရန်ပုံငွေများရရေးဆိုင်ရာ ကနဦး ဆောင်ရွက်မှုများနှင့် မြို့ပြဖွံ့ဖြိုးမှုဆိုင်ရာ အချက်အလက်များ စုဆောင်းခြင်းများကို သက်ဆိုင်ရာ ပညာရှင်များ ကျွမ်းကျင်သူများ၊ အာဏာပိုင် အဖွဲ့များနဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။ စည်ပင်သာယာအနေနဲ့ လက်ရှိမြေကွက်များပေါ်၌ လည်းကောင်း၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ လွှဲပြောင်းပေးသည့် မြေကွက်များပေါ်၌ အခြေခံ၍လည်းကောင်း တန်ဖိုးနည်းအိမ်ရာများ အပါအ၀င် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများ အကောင်အထည်ဖော်သွားမည်” ဟု ဖြေကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် မေလ ၂ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

by; EMG

No comments:

Post a Comment