ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ စက်မှုဇုန် ၁ ရှိ
Famoso စက်ရုံမှ ဆန္ဒပြနေဆဲ အလုပ်သမားများ အနေနှင့် ဇူလိုင်လ လယ်အထိ
လုပ်ငန်းခွင်အတွင်းသို့ ပြန်လည် ဝင်ရောက်ခြင်း မရှိပါက
စက်ရုံဝန်ထမ်းအဖြစ်မှ ရပ်စဲ မည်ဟု အလုပ်ရှင်ဘက်မှ ပြောဆိုထားပြီး
အလုပ်သမားများကလည်း တောင်းဆိုချက်များ မပြေလည်မချင်း ဆက်လက် ဆန္ဒပြကြမည်
ဖြစ်ကြောင်း အလုပ်သမား ကိုယ်စားလှယ် မဟေမာန်ချစ် က ပြောသည်။
“အလုပ်ရှင်ကတော့
လစာ တိုးမပေးနိုင်တဲ့ အကြောင်းကို ပဲပြောတာရှင့်။ သူ့ဘက်က ဖိအားပေးတာက
ဒီအလုပ်ကို မဝင်ရင် သမီးတို့ကို အလုပ်က ထုတ်ပစ်မယ်။ ဇူလိုင် ၁၆ ရက်နေ့
နောက်ဆုံးလို့ ပြောတယ်ရှင့်။ အဲဒီရက်နေ့ အလုပ်ကို မဝင်ဘူးဆိုရင်
ကိုယ့်သဘောနဲ့ကိုယ် အလုပ်က ထွက်တယ်လို့ သတ်မှတ်တယ်။ ၁၆ ရက်နေ့ ညနေ ၃
နာရီခွဲရင် လစာ လာထုတ်လို့ ပြောပါတယ်ရှင့်။ စက်ရုံအပြင်ထွက်ပြီး
ဆန္ဒပြနေတာမို့လို့ သူ့ရဲ့အလုပ်သမားလို့ မသတ်မှတ်ဘူးတဲ့ရှင့်” ဟု မဇ္ဈိမကို
ပြောသည်။
ဆန္ဒပြ အလုပ်သမားများ၏ လစာတိုးပေးရေးကိစ္စကို ဇွန်လ၂၅ ရက်နေ့
နေ့လည်က ဗိုလ်တထောင်မြို့နယ် အလုပ်သမား ခုံသမာဓိရုံးတွင်
ကြားနာခဲ့သော်လည်း အပြီးသတ် ဆုံးဖြတ်ချက် မချနိုင်သေးကြောင်း သိရသည်။
“ခုံသမာဓိရုံးက ညှိနှိုင်းပေးမှာ မဟုတ်ဘူး။ အဆုံးအဖြတ်ကိုပဲ ပေးမှာ။ သူတို့က ဒီတပါတ်အတွင်းမှာပဲ ဖြေရှင်းပေးမယ်
ပေါ့။
ဒီတော့ သမီးတို့က ဆက်စောင့်ရမှာပေါ့။ သူတို့ဆီက ဆုံးဖြတ်တာကို
မကျေနပ်ဘူးဆိုရင် သမီးတို့က ခုံသမာဓိ ဗဟိုကို တက်ဖို့ပဲ ရှိတော့တယ်ရှင့်။
မကျေနပ်ရင်တော့ သမီးတို့က ဆက်ပြီးဆန္ဒပြဖို့ အစီအစဉ် ရှိတယ်ရှင့်။ ဒီလောက်
အထိ တောင့်ပြီး ဆန္ဒပြခဲ့ပြီးပြီ။ ကျမတို့အလုပ်သမားတွေက ဆက်ပြီး
တောင့်ခံပြီး ဆန္ဒပြသွားမှာပါ” ဟု အလုပ်သမား ကိုယ်စားလှယ် မဟေမာန်ချစ် က
ပြောသည်။
စတင်ဆန္ဒပြခဲ့ကြသည့် ဇွန်လ ၈ ရက်နေ့က အလုပ်သမားဌာနမှ
ညွှန်/မှူး ဦးဝင်းရှိန်၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် အလုပ်ရှင်ဘက်မှ
အလုပ်သမားများ၏တောင်းဆိုချက် ၉ ချက်အနက် ၆ ချက်ကို သဘောတူညီခဲ့သော်လည်း
အလုပ်ရှင်၏ အမည်သာပါရှိပြီး လက်မှတ်ထိုးထားခြင်း မရှိတာကြောင့်
တရားမဝင်ကြောင်း ယနေ့ ခုံသမာဓိတွင် အလုပ်ရှင်မှ ပြောဆိုကြောင်း သိရသည်။
ဇွန်လ
၂၄ ရက်နေ့က နေပြည်တော်မှ ဒု-ညွှန်/ချုပ် ဦးမျိုးအောင် နှင့် အလုပ်သမား
ညှိနှိုင်းရေးအဖွဲ့မှ ဦးသက်နိုင်ဦးတို့ လာရောက် ညှိနှိုင်းပေးသော်လည်း
လုပ်ငန်းရှင်နှင့် အလုပ်သမားများအကြား ပြေလည်မှု မရရှိသေးပေ။
အလုပ်သမား ရပိုင်ခွင့် စည်းမျဉ်းစည်းကမ်းများအတိုင်း တောင်းဆိုရခြင်းကို ယခင်က အလုပ်ရှင်ဘက်မှ လိုက်နာမည်ဟု
ပြောဆိုထားပြီး
ယခုအခါ ပြင်ဆင်ပြောဆိုနေကြောင်းလည်း မဟေမာန်ချစ်က “အလုပ်ရှင်က ခန့်ထားတဲ့
Supervisor (ကြီးကြပ်ရေးမှူး) တွေရဲ့ စကားကို သေချာ တသွေမတိမ်း
နာခံရမယ်ဆိုတဲ့ အချက် ပယ်ဖျက်ဖို့။ ဂိတ် Pass (ဝင်/ ထွက်ခွင့်) အတွက်
အလုပ်သမား ခေါင်းဆောင်တွေထဲက တယောက်ယောက်ကို ရွှေးပြီးတော့ ခန့်ထားပေးဖို့
တောင်းဆိုထားတာ။ ဘဘဦးဝင်းရှိန်တို့နဲ့ တွေ့တုန်းက အဲလိုမျိုး တောင်းဆိုထားတာကို လိုက်နာမယ်ပြောပြီး အခုကျ
တော့ စဉ်းစားမယ်ပြောတယ်” ဟု ပြောသည်။
ဂျပန်နိုင်ငံသား
အလုပ်ရှင်ဘက်မှလည်း လုပ်ငန်းမလည်ပါတ်နိုင်၍ ဆုံးရှုံးမှုများ ရှိနေပြီး
အလုပ်သမားများအား စက်ရုံထဲသို့ ပြန်လည်ဝင်ရောက်စေချင်သလို အလုပ်သမားများ
ဘက်မှလည်း ၎င်းတို့ဆန္ဒပြသည့် ၁၄ ရက်တာ လုပ်ခ ပေးရန် လိုလားကြသည်။
အလုပ်သမားများက ရက်ရှည်ဆန္ဒပြပွဲများ မပြုလုပ်လိုကြောင်းနှင့် အလုပ်ရှင်ဘက်မှ အခြေခံလစာ တိုးမြှင့်ပေးမယ်လို့
မျှော်လင့်ကြောင်း ပြောသည်။
“အဲဒါကြောင့်မိုလို့
ညှိနှိုင်းပေးမယ့် လူကြီးတွေကို သမီးတို့ကိစ္စကို မျှမျှတတ
ညှိနှိုင်းပေးပါလို့ ပြောချင်ပါတယ်ရှင့်။ သူတို့ကမျှမျှတတ
ညှိနှိုင်းပေးပါတယ်။ သမီးတို့ကလည်း စက်ရုံကြီးကို မပိတ်စေချင်ပါဘူးရှင့်။
လည်ပတ်စေချင်ပါတယ်။ သမီးတို့လည်း အလုပ်က မထွက်ချင်ပါဘူးရှင့်” ဟု
မဟေမာန်ချစ် က ပြောသည်။
ခုံသမာဓိမှ မည်သည့်ရက်တွင်
အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်မည့်နေ့ရက် မသိရှိရသေးသော်လည်း ဆန္ဒပြနေစဉ်
ကာလအတွင်း အလုပ်သမားများအား ၈၈ မျိုးဆက် ကျောင်းသားများမှ သောက်ရေနှင့်
အမိုးအကာများ စီစဉ်ပေးသည်။
FAMOSO စက်ရုံတွင် အလုပ်သမား ၆၅၄ ဦး ရှိပြီး စက်ရုံအပြင်တွင် ဆန္ဒပြနေသူ ၄၇၇ ဦးရှိကြောင်း သိရသည်။
by; နေမျိုး ၊ မဇ္ဇျိမ
No comments:
Post a Comment