Monday, July 23, 2012

ILO ဦးဆောင်သော မြန်မာ့ အလုပ်သမား အဖွဲ့အစည်းများ အလုပ်ရုံ ဆွေးနွေးပွဲ

ILO ဦးဆောင်ပြီး၊ အလုပ်ရှင်၊ အလုပ်သမားနှင့် အစိုးရ ကိုယ်စားလှယ်များ ပါသော Freedom of Association in Myanmar အလုပ်ရုံ ဆွေးနွေးပွဲ တခုကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ဇီဝကလမ်း၌ ရှိသည့် Summit Parkview ဟော်တယ် Ballroom တွင် ဇူလိုင်လ ၁၉ ရက်နေ့ မနက် ၉ နာရီခွဲမှ ညနေ ၄ နာရီ အထိ ကျင်းပခဲ့ပါသည်။ ယင်းအလုပ်ရုံ ဆွေးနွေးပွဲသို့ လူပေါင်း(၂၈၀) ခန့် တက်ရောက်ခဲ့ပါသည်။ (ရန်ကုန်) အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာ အဖွဲ့ချုပ် စက်မှု လက်မှု အကြံပေး အကြီးအကဲ Ross Wilson အပါဝင် အလုပ်ရှင် ကိုယ်စားလှယ်များ ၊ အလုပ်သမား ကိုယ်စားလှယ်များ၊ အလုပ်သမား ၀န်ကြီးဌာနမှ အရာရှိများ၊ စက်ရုံပိုင်ရှင်များ၊ နိုင်ငံရေး လှုပ်ရှားသူများ၊ အလုပ် သမား အဖွဲ့အစည်းများမှ အကျိုးဆောင် ရှေ့ နေများ၊ Yangon Crown Organisation၊ ဆောက်လုပ်ရေးလုပ်သား များ အဖွဲ့၊ Good Family အထည်ချုပ် စက်ရုံ အလုပ်သမားအဖွဲ့ တော်ဝင်မြန်မာ အထည်ချုပ် အလုပ်သမား အဖွဲ့ အပြင် တခြား အလုပ်သမား အဖွဲ့အစည်းများမှ အလုပ်ရုံ ဆွေးနွေးပွဲကို တက်ရောက် ခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် (DDG-Ministery of Labour) မှ ဦးသက်နိုင်ဦးက အစိုးရမှ ထုတ်ပြန်ထားသော အလုပ်သမား အဖွဲ့အစည်း နည်းဥပဒေအား ရှင်းလင်း ပြောကြားပြီး၊ အလုပ်သမား အဖွဲ့များအား တနိုင်ငံလုံး အတိုင်းအတာဖြင့် ၁၁၇ ဖွဲ့ မှတ်ပုံ တင်ရန် တင်ပြထားကြောင်း ပြောပါသည်။  ဤအလုပ်သမားများ အဖွဲ့ထဲမှ  April 25/26 တွင် ၁၄ ဖွဲ့၊ ဇွန်လ 12 တွင် 15 ဖွဲ့၊ ဇွန်လ 23 ရက်နေ့တွင် ၁၀ ဖွဲ့ကို မှတ်ပုံတင်များ ထုတ်ပေးခဲ့ပြီးဖြစ်သည်၊ ထို့အပြင် ITUC အစည်းအဝေး နောက်ပိုင်းတွင်လည်း အလုပ်သမားအဖွဲ့ ၅၈ ဖွဲ့ကိုပါ မှတ်ပုံတင် ထုတ်ပေးခဲ့ပြီး အလုပ်ရှင် အဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ပြီးဖြစ်သည်ဟု ဆိုပါ သည်။
အလားတူ (UMFCCI-အလုပ်ရှင်များ ကိုယ်စားလှယ်) ဒေါ်ခိုင်ခိုင်နွယ်သည်လည်း မြန်မာနိုင်ငံအပေါ် နိုင်ငံခြားမှ စီးပွား ရေး ပိတ်ဆို့မှုများကြောင့်၊ လာမည့် August လတွင် အလုပ်သမားများနှင့် တွေ့ဆုံရန်ရှိကြောင်း ဆိုပါသည်။ ထို့အပြင် ယခုဆွေးနွေးပွဲမှ ဆွေးနွေးချက်များကိုလည်း လုပ်ငန်းရှင်များအား မိမိ ပြန်လည် တင်ပြပေးမည်ဟု ဆိုပါသည်။
ATK စက်ရုံ အလုပ်သမားအဖွဲ့မှ အကျိုးဆောင်ရှေ့နေ ဦးသူရိန်က ခုံသမာဓိအဖွဲ့သည် အလုပ်ရှင်ဘက်မှ လွှမ်းမိုးမှုအား ခံနေရပြီး အလုပ်သမားများမှာမူ အမှု မရင်ဆိုင်မီကပင် ရှုံးနိမ့်နေပြီးဖြစ်ပါသည်။ တတ်ရောက် ကြားနာရမည့် ခုံသမာဓိ အဖွဲ့ဦးရေသည် ၁၁ ဦး ဖြစ်သော်လည်း အမှန်တကယ်တွင် ၃ ဦးသာ တတ်ရောက် ခဲ့သဖြင့် အလုပ်သမားများ ဘက်မှ ထွက်ဆိုချက် များအား မှတ်တမ်းတင်ခြင်းမရှိခဲ့ဟု ပြောကြားပါသည်။  အဆိုပါ ခုံသမာဓိ အဖွဲ့ဝင်များသည် ဥပဒေပါ အတိုင်း ကျမ်းကျိန်ခြင်း မရှိသည်ကိုလည်း တွေ့ခဲ့ရသည်ဟု ပြောကြားသွားခဲ့ပါသည်။
ထို့အပြင် တော်ဝင်မြန်မာ အထည်ချုပ် အလုပ်သမားအဖွဲ့ အမှုဆောင်က မိမိတို့အလုပ်သမားများ ညအိပ်ဆန္ဒပြမှုပြု လုပ်ရာ ၁၀ ရက်သာ ခံမည်ဟု ဝေဖန်ခံရပြီး အဖွဲ့ဝင်များ အလုပ်ချိန်အတွင်း စကားပြောနေသည်ကို တွေ့ပါက O.T အဖြုတ်ခံရကြောင်း တင်သွင်းခဲ့ပါသည်။  စာချုပ်ထဲတွင် Bonus မဖြတ်ပါဟု ပါရှိပါသော်လည်း လက်တွေ့တွင် ညှိနှိုင်း ရေးအဖွဲ့အား သွားရောက်ပြောဆိုရာ စက်ရုံသို့သာ ပြန်လည်စေလွှတ်ပြီး မည်သည့်ညှိနှိုင်းမှုမျှ မပြုလုပ်ပေးသေးခဲ့ ကြောင်း၊ ဤသို့တင်ပြသော အလုပ်သမားကိုယ်စားလှယ် ၇ ဦးကိုလည်း အလုပ်ရှင်ဘက်မှ ဖိနှိပ်မှုများရှိခဲ့ကြောင်း အလုပ်ရုံဆွေးနွေးပွဲတွင် တင်ပြခဲ့ပါသည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ချုပ် စက်မှုလက်မှု အကြံပေး အဖွဲ့ အကြီးအကဲ Mr. Ross Wilson သည် တတ်ရောက်လာကြသည့် ကိုယ်စားလှယ်များအား ကျေးဇူးတင်ရှိပါကြောင်းနှင့် ဆွေးနွေးပြောဆိုမှုများအား မိမိအနေ ဖြင့် အလုပ်သမား ၀န်ကြီးဌာနနှင့် ILO အစည်းအဝေးတွင် တင်ပြပေးမည်ဖြစ်ကြောင်း နိဂုံးချုပ် ပြောဆိုသွားပါသည်။
dec_0987
Freedom of Association in Myanmar အလုပ်ရုံ ဆွေးနွေးပွဲကို မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (FTUB) ကလည်း ထောက်ခံကြောင်း အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်က ဆိုပါသည်။
“ ကျနော်တို့အနေနဲ့ ဒီလိုဖြစ်ဖို့ကို ၁၉၉၂ ခုနှစ်က ကြိုးစားခဲ့တာပါ။  အခုဒီရလဒ်ကနေပြီးတော့ လွတ်လပ်တဲ့အလုပ် သမားအဖွဲ့ ဖွဲ့စည်းရေးကို စနစ်တကျ လုပ်သွားဖို့ကိစ္စ၊ ပြီးတော့ အပြည်ပြည်ဆိုင်ရာ စံနှုန်းစံထားတွေ မှီဖို့ကိစ္စကို ဆက်လုပ်သွားဖို့ လိုဦးမယ်။ ဒါမှကျနော်တို့နိုင်ငံရဲ့  အခုလို စီးပွားရေး ရင်းနှီးမြှုပ်နှံမှု တွေ ဖွင့်ထားတဲ့ အချိန်ကာလမှာ အလုပ်သမားတွေရဲ့ အခြေခံ အခွင့်အရေး လယ်သမားတွေရဲ့ အခြေခံ အခွင့်အရေး နောက်တစ်ခါ ပတ်ဝန်းကျင် ထိမ်းသိန်းရေးဆိုတဲ့ ကိစ္စတွေ နောက်တာရှည်ခံမယ့် စီးပွားရေး စနစ်တွေ ဖြစ်ဖို့ကို အခြေခံ အလုပ်သမားတွေဖက်က ထိန်း နိုင်မယ့် အနေအထား ပြန်ဖြစ်သွားမယ်လို့ ကျနော်ကမျှော်လင့်တယ်။ ကျနော်တို့ အားလုံး ၀ိုင်းလုပ်ဖို့ အများကြီးတော့ လိုပါသေးတယ်” ဟု ဆိုပါသည်။
FTUB သည် လွတ်လပ်သော အလုပ်သမား သမဂ္ဂဖြစ်လာရေးနှင့် အလုပ်သမား အခွင့်အရေး ရပိုင်ခွင့်များကို ILO နှင့် အနှစ် (၂၀) ကျော်ကြာ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ဤကဲ့သို့ ပူးပေါင်းဆောင်ရွက်လာရာက ယနေ့ Freedom of Association in Myanmar အလုပ်ရုံ ဆွေးနွေးပွဲ ပေါ်ပေါက် လာခဲ့ပါသည်။ ဤဆွေးနွေးပွဲသည် အိုင်အယ်လ်အိုနှင့် မြန်မာ အလုပ်သမား အဖွဲ့အစည်းများ အကြား ပထမဆုံး အကြိမ်အကြိမ် အလုပ်ရုံဆွေးနွေးပွဲ ဖြစ်ပါသည်။

by; Shwe Hinthar News

No comments:

Post a Comment