မြန်မာနိုင်ငံ၏ အချိုရည် ဈေးကွက်အတွင်း ဈေးကွက်ဝေစု အတိုင်းအတာ တစ်ခုအထိ
ရရှိထားသော နာမည်ကျော် Ve Ve အချိုရည်စက်ရုံတွင် အသက် ၁၆ နှစ် မပြည့်သူ
အလုပ်သမား နှစ်ရာခန့်သည် အလုပ်သမား အခွင့်အရေး အပြည့်အဝ ရရှိရေး အတွက် ယနေ့
နံနက် ၇ နာရီခွဲခန့်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း The Voice Weekly
သတင်းထောက်က သတင်းပေးပို့သည်။
ယနေ့နံနက် ၇ နာရီခွဲခန့်မှ စတင်ကာ Ve Ve အချိုရည်စက်ရုံ၏ ဝင်းတံခါး
အတွင်းဘက်၌ အသက် ၂၀ ကျော် စက်ရုံအလုပ်သမား ၁၀ ဦးကျော်ခန့်က ဦးဆောင်ကာ
အသက် ၁၆ နှစ်အောက် အလုပ်သမားများက ၎င်းတို့ တောင်းဆိုထားသော အချက် (၁၄) ချက်ပါ
စာရွက်များ ကိုင်မြှောက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။
"အလုပ်ချိန် တစ်နေ့ကို ၁၂ နာရီလောက် လုပ်ရတယ်၊ ပိတ်ရက်လည်း မရှိဘူး၊
လစာလည်း နည်းလို့ သမီးတို့ဘက်က တောင်းဆိုဖို့ ဖြစ်လာတာပါ" ဟု အသက် ၁၂
နှစ်အရွယ် လုပ်သက် ခုနစ်လ ရှိပြီဖြစ်သော စက်ရုံအလုပ်သမ မစုထက်နိုင်က
ဆိုသည်။
အဆိုပါ အသက်မပြည့်သူများ ဆန္ဒထုတ်ဖော်သည့် နေရာသို့ မန္တလေးတိုင်းဒေသကြီး
အလုပ်သမား ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့များ ရောက်ရှိလာကာ
စက်ရုံပိုင်ရှင်များနှင့် အလုပ်သမားတို့အကြား ညှိနှိုင်းဆောင်ရွက်
ပေးသော်လည်း ညနေ ၃ နာရီခွဲ အချိန်အထိ ပြေလည်မှု မရသေးကြောင်း
ဆန္ဒထုတ်ဖော်နေသော အလုပ်သမားများက တညီတညွတ်တည်း ပြောကြားသည်။
“ကျွန်တော်ကတော့ လစာတိုးတာ မလိုချင်ဘူးဗျ။ ပိတ်ရက်မရှိ ခိုင်းတာရယ်၊
အိုဗာဒိုင်ကြေး မပေးတာရယ်၊ တစ်ရက်လေး အလုပ်မဆင်းရင် ပိုက်ဆံကို ထောင်နဲ့ချီ
ဖြတ်တာရယ်၊ ညမိုးချုပ်ထိ ဆင်းပေးရတာရယ်ကို ပြင်ဆင်ပေးရင် ကောင်းမယ်ဗျ” ဟု
ယင်းဆန္ဒထုတ်ဖော်မှုတွင်မပါဝင်သော Ve Ve စက်ရုံမှ ဈေးကွက်ရှာဖွေရေး ဝန်ထမ်း
အသက် (၂၂) နှစ်ခန့်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
Ve Ve အချိုရည်စက်ရုံမှာ ရန်ကုန်နှင့် မန္တလေးမြို့တော်တို့တွင် တည်ရှိပြီး
မန္တလေးစက်ရုံ၌ အလုပ်သမား ခန့်မှန်း ၃၀၀၀ ဦးခန့် ရှိကာ
ယင်းအလုပ်သမားများတွင် အသက် ၁၆ နှစ်အောက် အလုပ်သမားများ ခန့်ထားကြောင်း
စက်ရုံ အလုပ်သမားတို့၏ ပြောဆိုချက်များအရ သိရသည်။
အလုပ်လုပ်ကိုင်လိုစိတ် ရှိသော အသက် ၁၅ နှစ်အောက် ကလေးများ အနေဖြင့်
တာဝန်ခံဆရာဝန်၏ ထောက်ခံချက်ဖြင့် ကလေးသူငယ် အက်ဥပဒေအရ သာမန်
အလုပ်သမားများကဲ့သို့ အလုပ်လုပ်ပိုင်ခွင့် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး
အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က
ဇူလိုင် ၂၁ ရက်နေ့ သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။
The Voice Weekly အနေဖြင့် Ve Ve အချိုရည်စက်ရုံ (မန္တလေး) မှ
တာဝန်ရှိသူများကို ယင်းဆန္ဒဖော်ထုတ်မှုနှင့် ပတ်သက်ကာ မေးမြန်း အတည်ပြုရန်
ဆက်သွယ်ကြိုးစား သော်လည်း အလုပ်သမားများနှင့် ညှိနှိုင်းနေဆဲ ဖြစ်သောကြောင့်
ယနေ့ ဆက်သွယ်၍ မရခဲ့ပေ။
နောက်ဆုံးရရှိသော သတင်းများအရ ယနေ့ညနေ ၅ နာရီခန့်တွင် အလုပ်သမားများ
တောင်းဆိုသော အချက် ၁၄ ချက်မှာ ပြေလည်မှု ရရှိသွားပြီ ဖြစ်ကြောင်း The Voice
Weekly သတင်းထောက်က သတင်းပေးပို့သည်။
Ve Ve အချိုရည် စက်ရုံသည် မန္တလေးတိုင်း ဒေသကြီး မန္တလေးမြို့ ပြည်ကြီးတံခွန်
မြို့နယ် ၆၂ လမ်းမကြီး ပန်းခြံလမ်းမကြီးပေါ်တွင် တည်ရှိသည်။
by; The Voice Weekly
No comments:
Post a Comment